ကျောင်းသားဆန္ဒပြမှု အကြမ်းဖက်ဖြိုခွဲခံလိုက်ရခြင်းအပေါ် ဘယ်လိုအရေးယူဆောင်ရွက် သင့်သလဲ

မတ်လ ၁၀ ရက်နေ့တွင် လက်ပံတန်း၌ ကျောင်းသားဆန္ဒပြပွဲ အကြမ်းဖက် ဖြိုခွဲခံ လိုက်ရခြင်းအား ဥပဒေ၊ ဥပဒေစိုးမိုးရေးနဲ့ ဥပဒေစိုးမိုးရေး၏ အခြေခံဖြစ်သော တိုင်းပြည် အဆောက်အအုံရှုထောင့်များအပြင် ပြည်တွင်းငြိမ်းချမ်းရေး ပြဿ    နာများနဲ့ပါ ဆက်စပ်သုံးသပ်ရန် လိုအပ်လာပါသည်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း (Final Draft) ကို နှစ်ဘက်သဘောတူ ရေးပြီးကြောင်း အတည်ပြုချက် လက်မှတ်ထိုးသည့် မတ်လ ၃၁ ရက်နေ့ ညနေမှာပင် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက ကာချုပ်၏ မူ ၆ ချက်ကို မီးမောင်းထိုးပြောသွားခဲ့သည်။ ယင်း၏ အနှစ်သာရမှာ တည်ဆဲဥပဒေများကို လိုက်နာရန်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်း ၀င်ရောက်ရန် ဖြစ်သည်။ ကျောင်းသားသပိတ်ကို ဖြိုခွဲခြင်းမှာ ဥပဒေနဲ့ အညီဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနဲ့ ၂၀၁၁ ခုနှစ် ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေ တို့ကို ကိုးကားလျက် စစ်အစိုးရအာဏာပိုင်များက ခုခံဖြေရှင်းခဲ့သည်။ ထိုမျှမက အခြားအရေးကြီး ကိစ္စရပ်များ၊ ပြဿ  နာများအားလုံးနီးပါးမှာပင် လက်ရှိ စစ်အစိုးရသည် ဥပဒေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ စသည်များကို ထပ်ခါတလဲလဲ ကိုးကား သုံးစွဲလာခဲ့သည်။ သို့ဖြစ်၍ လူထုများအနေဖြင့် ဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေစိုးမိုးရေး စသည်တို့၏ အခြေခံများကို မှန်ကန်စွာ နားလည်နိုင်မှသာ ဥပဒေထောင်ချောက်ကို ရှောင်လွှဲနိုင်၊ ဥပဒေအရ ဖိနှိပ်မှုများကို တုံ့ပြန်နိုင်၊ ငြိမ်းချမ်းမှုနဲ့ တိုးတက်ဖွံ့ဖြိုးမှုများအား ဥပဒေစိုးမိုးရေးအခြေခံများမှ ချဉ်းကပ်ရာတွင် အထောက်အပံ့ ရနိုင်ပါမည်။  ယင်းတို့နဲ့ ဆက်စပ်လျက် DVB Debate အစီအစဉ် (၁) တွင် ကျောင်းသားဆန္ဒပြမှုအား အကြမ်းဖက်ဖြိုခွဲခံခဲ့ရခြင်းအပေါ် ဆွေးနွေးခဲ့ ကြပုံရသည်။ ယင်းတွင် ဦးဆောင်ဆွေးနွေးသွားခဲ့သူ ပုဂ္ဂိုလ်တဦးက  “ဥပဒေဟာ အုပ်ချုပ်တဲ့အစိုးရနဲ့ အုပ်ချုပ်ခံပြည်သူအကြားမှာ သဘောတူညီချက်ဖြစ်တယ်။ လူအုပ်စု A ကို ဖြိုခွဲခြင်းတဲ့အတွက် လူအုပ်စု B ကို အမိန့်ပေးနိုင်သူတဦးက သွားဖြိုခွဲကွာလို့ ခိုင်းလိုက်တာ။ ဥပဒေနဲ့ ညီသလားဆိုရင် ဥပဒေထဲမှာ ရေးထားတဲ့ စကားလုံးတွေနဲ့ လိုက်တိုက်ရင် ညီသလို ရှိတယ်။ ဥပဒေရဲ့ အနှစ်သာရကို ကြည့်ရင် အုပ်ချုပ်သူအစိုးရနဲ့ အုပ်ချုပ်ခံသူလူထုအကြား မျှမျှတတရှိတဲ့ ဥပဒေဟု ပြောလို့ မရ။” ဟူ၍ ဆွေးနွေးသွားခဲ့သည်။ [caption id="attachment_89102" align="aligncenter" width="606"]ဓာတ်ပုံ - (Soe Zeya Tun/Reuters) ဓာတ်ပုံ - (Soe Zeya Tun/Reuters)[/caption] DVB Debate အစီအစဉ်မှာ တနိုင်ငံလုံးလေ့လာခွင့်ရအောင် ထုတ်လွှင့်ခြင်း ဖြစ်သဖြင့် ဦးဆောင် ဆွေးနွေးခဲ့သူအနေဖြင့် ဥပဒေနဲ့ စပ်လျဉ်း၍  အနီးစပ်ဆုံးမှန်ကန်သည့် ဖွင့်ဆိုချက်ကို ပြုမှသာ အကျိုးရှိနိုင်ပါမည်။ သို့မဟုတ် ပြဿ   နာအပေါ် လူထု၏ သုံးသပ်မှု ရှုပ်ထွေးသွားဖွယ် ရှိသည်။ “အုပ်ချုပ်တဲ့အစိုးရနဲ့ အုပ်ချုပ်ခံပြည်သူအကြားမှာ သဘောတူညီချက်” ဟူသည့် ဖွင့်ဆိုချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ Constitution ကိုသာ ရည်ညွှန်းခြင်းဖြစ်သည်။ ရိုးရိုး ဥပဒေဖြစ်သည့် Law သို့မဟုတ် Act များကို ဆိုလိုခြင်း မဟုတ်ပါ။ ရိုးရိုးဥပဒေ အားလုံးမှာ အစိုးရအာဏာပိုင်များ အပါအ၀င် နိုင်ငံတွင်းရှိ လူတဦးချင်းစီတိုင်း လိုက်နာရမည့် ပြဋ္ဌာန်းချက်များသာ ဖြစ်သည်။ သဘောတူညီချက် မဟုတ်ပါ။ လူ့သမိုင်းတွင် ရိုးရိုး ဥပဒေများက အရင် ပေါ်ပေါက်လာကြခြင်း ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက နောက်မှ ဖြစ်တည်လာပါသည်။ ကမ္ဘာပေါ်၌ သက်တမ်းအရှည်ကြာဆုံးဟုဆိုသော အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည်ပင် နှစ်ပေါင်း ၂၀၀ ကျော်မျှသာ ရှိသေးသည်။ ဥပဒေဟူသည်မှာ မည်သည့်အရာ ဖြစ်သည်ကို တကမ္ဘာလုံးက တညီတညွတ်တည်း လက်ခံထားသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိပါ။ ဥပဒေပညာရှင်ကြီးအချို့၏ ရှင်းလင်းချက်များအပေါ် အခြေပြုလျက် မိမိကိုယ်ပိုင်အတွေးအမြင်နဲ့ အတွေ့အကြုံများနဲ့ ပေါင်းစပ်ကာ ခေတ်မီတိုးတက်သော ဒီမိုကရေစီနိုင်ငံကြီးများက လက်ခံသည့် ဥပဒေ၏ ယေဘုယျ သဘောကို စာရေးသူအနေဖြင့် အောက်ပါအတိုင်း နားလည် ဖွင့်ဆိုပါသည်။ “ဥပဒေဟူသည်မှာ လူ့အဖွဲ့အစည်းက လက်ခံကျင့်သုံးသော ကိုယ်ကျင့်တရား၊ စံထားချက်၊ နိုင်ငံရေးအတွေးအခေါ်များနဲ့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ ပကတိလိုအပ်ချက်နဲ့ အနာဂတ် မျှော်မှန်းချက်များကို ထင်ဟပ်သောအရာ ဖြစ်သည်။ လူတဦးချင်းစီနဲ့ လူ့အဖွဲ့အစည်းတရပ်လုံး၏ လွတ်လပ်မှု၊ လုံခြုံမှု၊ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ တိုးတက်မှုတို့ကို ပံ့ပိုးဖော်ဆောင်ပေးနိုင်ရေး ဦးတည်ချက်နဲ့ သက်ဆိုင်ရာနိုင်ငံ၏ တရားဝင် ဥပဒေပြုအဖွဲ့ကနေ၍ တိတိကျကျ ဝေါဟာရများအသုံးပြုကာ လူတဦးချင်းစီ၏ အခွင့်အရေးနဲ့ တာဝန်များကို သတ်မှတ်ပေးထားသည့်အရာ (သို့မဟုတ်) လူအများ၏ ပြုမူ ကျင့်ကြံမှု အပေါ် ထိန်းကျောင်း၊ ကန့်သတ်၊ ခွင့်ပြု၊ ပြဋ္ဌာန်းထားသည့် အရာဖြစ်သည်။” ကျောင်းသားဆန္ဒပြပွဲကို အကြမ်းဖက် ဖိနှိပ် နှိမ်နင်းရာတွင် လူအုပ်စုတစုကို ဖြိုခွဲလို သဖြင့် အမိန့်ပေးနိုင်သူတဦးက အခြားလူအုပ်စုတစုကို ခိုင်းခြင်းမှာ ဥပဒေနဲ့ ညီသလို ရှိကြောင်း ဟူသော ဖွင့်ဆိုချက်မှာလည်း မမှန်ပါ။ ယင်းသို့ ဖွင့်ဆိုခြင်းဖြင့် ဆန္ဒပြပွဲကို ဖြိုခွဲရန် စစ်အစိုးရက စွမ်းအားရှင်များအား အသုံးပြုခြင်းမှာ ဥပဒေအရ တရားဝင်လိုလို အဓိပ္ပာယ်သက်ရောက်သွားစေသည်။ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၂၇ အရ အများပြည်သူ ငြိမ်းချမ်းမှုကို နှောက်ယှက် ဖျက်ဆီးသော လူစုလူဝေးအား ပုဒ်မ ၁၂၈ အရ ဖြိုခွဲရန် ရဲအရာရှိက အကူအညီတောင်းနိုင်သူမှာ အခြားလူအုပ်စု တစုမဟုတ်ပါ။ လူပုဂ္ဂိုလ်တဦးချင်းကိုသာ ရည်ညွှန်းသည်။ ဥပဒေတွင် (မြန်မာဘာသာဖြင့်) မည်သည့်အမျိုးသားကို မဆို၊ (အင်္ဂလိပ် ဘာသာဖြင့်) Any male person ဟု အတိအကျ သုံးထားသည်ကို လေ့လာခြင်းဖြင့် ရှင်းပါသည်။ စစ်အစိုးရက စွမ်းအားရှင် အနေဖြင့် စနစ်တကျ ဖွဲ့စည်းထားသည့် လက်ကိုင်တုတ်အဖွဲ့အား သုံး၍ ပြည်သူလူထု၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများအား အကြမ်းဘက် ဖြိုခွဲခြင်းမှာ မည်သည့် တည်ဆဲဥပဒေနဲ့မျှ မညီပါ။ ပထမကမ္ဘာစစ်ကြီးပြီးသည့် နောက် ၁၉၂၀ ပြည့်နှစ်နဲ့  ၁၉၃၀ ပြည့်နှစ်များအတွင်း ဂျာမနီနိုင်ငံတွင် နာဇီပါတီက ဖွဲ့စည်းခဲ့သည့် ရှပ်ညိုတပ်ဟူ၍ လူသိများခဲ့သော အရပ်သားတပိုင်း စစ်ရေးအင်အားစု Sturmabteilung (SA) သည် ဟစ်တလာ အာဏာရလာရေးကို အဓိက ပံ့ပိုးပေးခဲ့သည်။ ၄င်းတို့သည် နာဇီပါတီက ဦးဆောင်ကျင်းပခဲ့သည့် တရားပွဲများအား ကာကွယ် စောင့်ရှောက်ခြင်း၊ နာဇီပါတီကို ဆန့်ကျင်သည့် နိုင်ငံရေးအင်အားစုများအား အကြမ်းဖက်ဖြိုခွဲ ခြင်း၊ အုပ်စုအင်အားကို စနစ်တကျ သုံးကာ အတိုက်အခံ လှုပ်ရှားသူများအား လုပ်ကြံ သတ်ဖြတ်ခြင်း စသည်တို့ကို ကျူးလွန်ခဲ့ကြသည်။ ထိုစဉ်က ဟစ်တလာသည် လူထုအတွင်း အကြောက်တရား ဖန်တီးခြင်းအားဖြင့် မိမိ လိုချင်သည့် အာဏာရည်မှန်းချက် ပန်းတိုင်ကို လှမ်းကိုင် ရယူသွားနိုင်ခဲ့သည်။ ဥပဒေစိုးမိုးရေး ကင်းမဲ့သည့် နိုင်ငံမှန်သမျှတွင် အုပ်စိုးသူ အာဏာရှင်များသည် အကြောက်တရား ဖန်တီးကာ အုပ်ချုပ်လေ့ရှိကြမြဲ ဖြစ်သည်။ [caption id="attachment_89101" align="aligncenter" width="621"]ဓာတ်ပုံ - (Soe Zeya Tun/Reuters) ဓာတ်ပုံ - (Soe Zeya Tun/Reuters)[/caption] လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံနဲ့ အ၀ှမ်း ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများအတွင်း မည်သည့်နေရာက ရောက်လာမှန်းမသိသော လူစုလူဝေးများသည် စနစ်တကျနဲ့ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်မှာ ကြာပါပြီ။ ရန်ကုန်မြို့တော် ခန်းမရှေ့တွင် အရပ်ဝတ် စွမ်းအားရှင်ဆိုသူများအား အသုံးပြုပြီး ဆန္ဒပြကျောင်းသားများအား ဖြိုခွင်းခဲ့မှုနဲ့ လက်ပံတန်းတွင် ရဲယူနီဖောင်းဝတ်ထားသူများက မတန်တဆ အင်အားကို အသုံးပြုကာ ကျောင်းသားများအပေါ် အကြမ်းဖက်ခဲ့မှုများကို တွေ့လိုက်ရသောအခါ ဦးသိန်းစိန် စစ်အစိုးရသည် စွမ်းအားရှင်အဆင့်ထက် ပို၍မြင့်ကာ ဂျာမနီနိုင်ငံမှာကဲ့သို့ အရပ်သားတပိုင်း စစ်ရေးအင်အားစု Sturmabteilung (SA) မျိုး တခုခု ကို ဖွဲ့စည်းအသုံးချနေပြီလားဟု လေ့လာရန် လိုအပ်လာသည်။ ဆန္ဒပြမှုကို အကြမ်းဖက် ဖြိုခွဲပြလိုက်ခြင်းဖြင့် ကျောင်းသားများကို သာမက ငြိမ်းချမ်းစွာ စုဝေးကာ မိမိတို့၏ ဆန္ဒကို ထုတ်ဖော်ရန် ကြိုးစားသော လူထုကြီးတရပ်လုံးအတွင်းတွင်ပါ အကြောက်တရားဖန်တီးလိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော ဥပဒေစိုးမိုးမှု ကင်းမဲ့သည့် ပြယုဂ်ပင်။ ဥပဒေစိုးမိုးမှု ကင်းမဲ့နေသမျှ မည်သည့်အခါတွင်မျှ ငြိမ်းချမ်းမှု မရနိုင်။ အကျိုးဆက်အနေဖြင့် လူ့အခွင့်အရေးများ လည်း ဆိတ်သုဉ်းနေပါမည်။ DVB Debate အစီအစဉ်တွင် ကျောင်းသားများ၏ အခွင့်အရေး ဆုံးရှုံးနစ်နာခဲ့ရမှုများကို အကျိုးအကြောင်း အချက်အလက်များနဲ့ ထောက်ပြ ဆွေးနွေးနိုင်ခဲ့သည့် ရန်ကုန်တိုင်း လွှတ်တော်အမတ် ဒေါက်တာ ဒေါ်ညိုညိုသင်းအား အသိအမှတ်ပြုရပါမည်။ သို့ရာတွင် သူမ၏ သုံးသပ်ချက် ၂ ရပ်ကို ထောက်ပြဝေဖန်လိုသည်။ ပထမ တရပ်မှာ “ရိုးရိုးဥပဒေရေးရာရှုထောင့်ကနေသာ ကြည့်လို့မရ၊ အစိုးရက နိုင်ငံရေးအရ ပေးထားတဲ့ ကတိကို ချိုးဖောက်တာ ဖြစ်တယ်” ဟူသည်ပင်။ ဤသည်မှာမူ လွဲနေပါသည်။ ပြောင်းပြန် ဖြစ်နေသည်။ နိုင်ငံရေးအရ ပေးထားသောကတိကို ချိုးဖောက်ပါက ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရန် ကြိုးပမ်းရပါမည်။ အထူးသဖြင့် နိုင်ငံရေးကတိကို ရိုးရိုးချိုး ဖောက်ရုံသာမကဘဲ မတရားအကြမ်းဖက်မှုကြီးကို ကျူးလွန်လိုက်သောအခါ ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူရန် နည်းလမ်းရှာရမည် မုချ ဖြစ်သည်။ ယင်းသို့ ရှာဖွေ၍ မရနိုင်သောအခါကျမှသာ အခြားနည်းများကို ကြိုးပမ်းဖို့ လိုအပ်လာနိုင်ပါမည်။ ဒုတိယတခုမှာ ဥပဒေအရ နိုင်ငံသားတွေက အစိုးရကို တရားစွဲလို့ရသလား ဟူ၍ ပရိသတ်တဦး၏ မေးခွန်းအား “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စာချွန်တော်မှာ ပေးထားတဲ့ အခွင့်အရေးကို ယူဖို့ ဥပဒေပညာရှင်တွေကို တိုက်တွန်းချင်တယ်။”ဟု သူမက ဖြေကြား သွားခဲ့သည်။ စာချွန်တော်၏ သဘာဝကို သူမကိုယ်တိုင် နားမလည်ပါဘဲလျက် ဥပဒေပညာရှင်များအား ဆရာလုပ်နေသလားဟု စဉ်းစားဖွယ်ဖြစ်သည်။ စာချွန်တော်ဟူသည်မှာ မတရားမှု ကျူးလွန်ခံရသူ၏ အခွင့်အရေးကို အကာအကွယ်ပေးရန် တရားလွှတ်တော်ချုပ်သို့ မေတ္တာရပ်ခံချက်မျှသာ ဖြစ်သည်။ [2] မတရားမှုကျူးလွန်သူ အစိုးရအာဏာပိုင်များအား အပြစ်ပေးနိုင်ရန် တရားစွဲဆိုခြင်းမဟုတ်ပါ။ အစိုးရအာဏာပိုင်များကို ရိုက်နှက်ဆုံးမလို့ရတဲ့ ၀ါးရင်းတုတ်က ဘယ်ဟာလဲဟု လူထုက မေးသည်။ ဒေါက်တာ ဒေါ်ညိုညိုသင်းက ကျူရိုးကလေးကို ပြနေသကဲ့သို့ ဖြစ်သည်။ သူမသည် အနာကို တွေ့ပါလျက် ဆေးကို မမြင်သည့် ဘ၀သို့ ကျရောက်လျက်ရှိသည်။ အိန္ဒိယနိုင်ငံတွင် ၀န်ကြီးချုပ် အင်ဒီရာဂန္ဒီ အုပ်ချုပ်ခဲ့စဉ်က အတိုက်အခံ နိုင်ငံရေးသမား များအား မတရားဖမ်းဆီးမှုများ ပြုခဲ့သောအခါ ဖမ်းဆီးခံ မိသားစုဝင်များက တရားလွှတ်တော်ချုပ်သို့ မေတ္တာရပ်ခံ လျှောက်ထားသောအခါ ရှေ့တော်သွင်းစာချွန်တော် (Habeas Corpus) ကို အသုံးပြု၍ အကာအကွယ်ပေးခဲ့သည်။ မြန်မာနိုင်ငံတွင် ၀န်ကြီးချုပ် ဦးနုခေတ်တွင်လည်း အလားတူပင် ကြုံတွေ့ခဲ့ရသည်။ စာချွန်တော်များက နစ်နာသူများ၏ အခွင့်အရေးကို တစုံတရာ အကာအကွယ်ပေးနိုင်ခဲ့ခြင်းမှာ အိန္ဒိယနိုင်ငံနဲ့ (ထိုစဉ်က) မြန်မာနိုင်ငံတို့တွင် လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်သော တိုင်းပြည်အဆောက်အအုံ (State Institution) ဖြစ်သည့် တရားစီရင်ရေး အားကောင်းသောကြောင့် ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင်မူ ၂၀၀၈ ဖွဲ့စည်းပုံ၏ ထိန်းချုပ်မှုအောက်တွင် တရားစီရင်ရေးသည် အစိုးရအာဏာပိုင်များကို ကြောက်နေရကြောင်း အားလုံးအသိပင်။ စာချွန်တော်မျှလောက်နဲ့ မည်သို့မျှ ထိရောက်စွာ အရေးယူနိုင်ဖွယ် မရှိပါ။ ဆွန်လွတ်ရော်ဂျာမှုခင်းတွင် ၂၀၀၈ ဖွဲ့စည်းပုံအရ ပြဌာန်းထားသည့် စာချွန်တော်ကို အသုံးပြုခဲ့သော်လည်း မည်သည့် အကူအညီမျှမရခဲ့။ ဥပဒေစိုးမိုးရေးအတွက် အထောက်အပံ့ စိုးစဉ်းမျှ မဖြစ်ခဲ့။ ဥပဒေစိုးမိုးရေးသည် ဆဒ္ဒန်ဆင်မင်းနဲ့ သဏ္ဌာန်တူသည်။ စာချွန်တော်များ ထည့်သွင်း ပြဋ္ဌာန်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကြွက်တွင်းမျှသာဖြစ်သည်။ ဆဒ္ဒန်ဆင်မင်းအား ကြွက်တွင်းအတွင်းသို့ ၀င်ရောက်ရန် ဒေါ်ညိုညိုသင်းက တိုက်တွန်းနေသည့် သဘောရှိသည်။ ဆဒ္ဒန်ဆင်မင်းသည် မည်သည့်အခါမျှ ကြွက်တွင်းအတွင်းသို့ ၀င်ရောက်မည် မဟုတ်ပါ။ ယင်းကို နင်းခြေကာ မဟာမြိုင်တောကြီးအတွင်းသို့ ဣနြေ္ဒရစွာ လျှောက်လှမ်း သွားမည်သာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ညိုညိုသင်း စသူတို့ ကိုယ်တိုင်မှာမူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကြွက်တွင်းအတွင်းသို့ ၀င်ရောက်သွားကြပြီးနောက် လွှတ်တော် အတွင်းတွင် လူထုအတွက် မည်သည်ကိုမျှ လုပ်၍ကိုင်၍ မရနိုင်တော့ကြောင်း အထင်အရှား ဖြစ်သည်။ တခါတရံ ကြွက်တွင်းအ၀ကလေးသို့ထွက်လာကာ လူကြားရုံမျှ တစာစာ အော်ဟစ် ပြောဆိုနေရသည့်ဘ၀သို့ သာ ကျရောက်လျက်ရှိသည်။ လူထုတွင် မကုန်ခန်းနိုင်သော စွမ်းရည်များရှိသည်။ DVB Debate အစီအစဉ်တွင် ပရိသတ်အတွင်းမှ အခြေခံလူထု အချို့၏ စွမ်းရည်ကို အရိပ်အယောင်မျှ မြင်လိုက်ရသည်။ ပထမ တဦးမှာ ဒေါ်ခင်လှလှ ဖြစ်သည်။ “ဥပဒေက အပေါ်ကလား၊ အမိန့်အာဏာက အပေါ်ကလား” ဟူ၍ သူမက မေးမြန်းသွားခဲ့သည်။ ဥပဒေစိုးမိုးရေး၏ အရေးကြီးဆုံးအခြေခံမူများအနက် တရပ်ကို သူမက ထောက်ပြခဲ့ခြင်းဖြစ်ကြောင်း မည်သူမျှ ရိပ်စားခဲ့မိပုံ မရ။ ဥပဒေ (Law)နဲ့ အာဏာ (Power) ၏ ဆက်စပ်မှုကို နားမလည်ပါက ဥပဒေစိုးမိုးရေးကို မသိမြင်နိုင်ပါ။ လူ့အဖွဲ့အစည်းတိုင်း၊ တိုင်းပြည်တိုင်းတွင် အာဏာသည် အရေးကြီးသည် မှန်သော်လည်း အာဏာကိုသာ အဓိက ထားလွန်းနေပါက လူထု၏ အခွင့်အရေးများ ထိခိုက်ဆုံးရှုံးပါမည်။ သို့ဖြစ်၍ အာဏာကို ကန့်သတ်ရန် ဥပဒေပေါ်လာခြင်း ဖြစ်သည်။ ဤသည်မှာ ဥပဒေစိုးမိုးရေး အယူအဆဖြစ်သည်။ ယင်းအခြေခံတွင် တိုးတက်ထွန်းကားသော ဒီမိုကရေစီနိုင်ငံကြီးများသည် အာဏာနိုင်ငံ (Power State) အစား ဥပဒေနိုင်ငံ (Law State) ဖြစ်အောင် ကြိုးစား တည်ဆောက်နေကြရခြင်း ဖြစ်သည်။ ဥပဒေအမြောက်အမြား တည်ရှိရုံ၊ မွေးထုတ်နေရုံမျှဖြင့်လည်း ဥပဒေနိုင်ငံ (Law State) မဖြစ်နိုင်ပါ။ ဒုတိယကမ္ဘာစစ်အတွင်း မူဆိုလိုနီ အုပ်ချုပ်ခဲ့သည့် အီတလီနိုင်ငံတွင် ဒီမိုကရေစီ နိုင်ငံများထက်ပို၍ပင် ဥပဒေအရေအတွက် အမြောက်အမြား တည်ရှိခဲ့သည်။ သို့ရာတွင် ယင်းဥပဒေများသည် အာဏာကို ကန့်သတ်ခြင်း မဟုတ်၊ အာဏာကို အားကောင်းအောင်သာ ပံ့ပိုးပေးခဲ့သည်။ ယခု မြန်မာနိုင်ငံသည် ထိုစဉ်က အီတလီနိုင်ငံကဲ့သို့ဖြစ်နေသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တည်ထောင်ထားသော စစ်အစိုးရ၏ လွှတ်တော်က ပြဋ္ဌာန်း လိုက်သည့် ဥပဒေများသည် အာဏာကို မကန့်သတ်ဘဲ ပိုမိုပြင်းထန်လာအောင်သာ ပံ့ပိုး ပေးနေသည်။ ဥပဒေစိုးမိုးရေး အခြေခံနဲ့ ပြဒါးတလမ်း သံတလမ်း ဖြစ်နေသည်။ စင်စစ်အားဖြင့်မူ ၁၉၄၈ မှ ၁၉၆၂ ခုနှစ်ကာလအတွင်း ဒီမိုကရေစီခေတ်တွင် ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြမှုများအား ရဲအက်ဥပဒေဖြင့်သာ ကိုင်တွယ်ဆောင်ရွက်ခဲ့သည်။ ယင်းအတွက် နောက်ထပ် ဥပဒေတရပ် ပြဋ္ဌာန်းပေးခဲ့ခြင်း မရှိပါ။ ယခု စစ်အစိုးရလက်ထက်တွင် ပေါ်ထွက်လာသည့် ၂၀၁၁ ခုနှစ် ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေသည် လူထု၏ အခွင့်အရေးကို ပြဋ္ဌာန်းပေးသယောင်ဖြင့် စစ်အစိုးရ၏ ချုပ်ကိုင်မှုအာဏာကို တည်ဆောက် ပေးထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဥပဒေအသစ်မှန်သမျှသည် အဟောင်းများထက် ပို၍ကောင်းမွန်သည်ဟု ယူဆလျှင် တက်တက်စင် လွဲပါမည်။ အင်္ဂလိပ် အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့သော အချို့ ဥပဒေများမှာ ခေတ်နဲ့ မညီတော့ဟူသည်မှာ အတိုင်း အတာတခုအထိ မှန်သည်များ ရှိသည်။ သာဓကအားဖြင့် ၁၉၂၃ ခုနှစ် နိုင်ငံတော်လျှို့ ဝှက်ချက် ဥပဒေ(1923 State Secrets Acet) ကဲ့သို့ သော ဥပဒေမျိုး ဖြစ်သည်။ [caption id="attachment_89100" align="aligncenter" width="627"]ဓာတ်ပုံ - (Soe Zeya Tun/Reuters) ဓာတ်ပုံ - (Soe Zeya Tun/Reuters)[/caption] တချိန်တည်းမှာပင် ဗြိတိသျှခေတ်နဲ့ လွတ်လပ်ပြီးခေတ်က ပြဋ္ဌာန်းခဲ့သော ဥပဒေအဟောင်းများသည် နောက်ပိုင်း စစ်အစိုးရအဆက်ဆက် ပြဋ္ဌာန်းခဲ့သည့် ဥပဒေအသစ် အတော်များများထက် အဆများစွာ ပိုမိုကောင်းမွန်ကြောင်းတွေ့ရသည်။ သာဓကအားဖြင့် ၁၈၇၅ ခုနှစ် နိုင်ငံတော်အကျဉ်းသားများ စည်းမျဉ်းဥပဒေ [3]သည် ၁၉၇၅ ခုနှစ် နိုင်ငံတော်လုံခြုံရေး ဥပဒေထက် အဆများစွာသာသည်။ ထိုနည်း လည်းကောင်းပင်၊ ၁၉၂၆ ခုနှစ် အလုပ်သမားသမဂ္ဂ ဥပဒေ [4] သည် ၂၀၁၁ ခုနှစ် အလုပ်သမားအစည်းအရုံးဥပဒေထက် လည်းကောင်း၊ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးဥပဒေသည် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေထက် လည်းကောင်း အဆများစွာ သာသည်။ သက်ဆိုင်ရာ ဥပဒေသစ်များ ပြဋ္ဌာန်းလာသည့်အချိန်အထိ စစ်အစိုးရအဆက်ဆက်က အဆိုပါ ကောင်းမွန်သည့် ဥပဒေများကို မသုံးဘဲ ပစ်ထား၊ ဘေးဖယ် ထားခဲ့ခြင်းမှာ ဥပဒေပြသနာ မဟုတ် ဥပဒေစိုးမိုးရေး ပြဿ      နာ ဖြစ်သည်။ ကျောင်းသားဆန္ဒပြမှုအား အကြမ်းဖက်ဖြိုခွဲရာ၌ အဓိက အငြင်းပွားနေသော ဥပဒေ ၂ ခု ဖြစ်သည့် ၂၀၁၁ ခုနှစ် ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေ နဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ တခုချင်းစီတို့အား ခွဲခြားပြီး သုံးသပ်နိုင်သည်။ ပထမတခုအား ဥပဒေပြဿ    နာအဖြစ် တွေ့မြင်နိုင်သည်။ မူလ ရှိပြီးသား ရဲဥပဒေများကို မသုံးဘဲ လူထုအပေါ် ဖိနှိပ်သည့် ဥပဒေသစ်တခုကို ထပ်မံ ပြဌာန်းလိုက်ခြင်းကြောင့် ဖြစ်သည်။ ယင်းသို့ ဥပဒေ ပြသနာ တက်အောင် လုပ်ရာ၌ တာဝန်ရှိသူများအထဲတွင် စစ်ခေါင်းဆောင်ဟောင်းသစ်များသာမက ၂၀၀၈ ဖွဲ့စည်းပုံအောက်သို့ ခေါင်းလျှိုးကာ လွှတ်တော်အတွင်း ၀င်ရောက်သွားကြသည့် ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသားအင်အားစုအချို့ ပါ ပါဝင်သည်။ ဒုတိယတခုမှာ ဥပဒေစိုးမိုးရေး ပြဿ  နာဖြစ်သည်။ အင်္ဂလိပ်ခေတ်က ပြဋ္ဌာန်းခဲ့သော ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေသည် သင့်လျော် ကောင်းမွန်သည့် ဥပဒေတရပ် ဖြစ်သည်။ ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဟု လက်ခံအသိအမှတ်ပြုရသော အိန္ဒိယနိုင်ငံမှာပင် အဆိုပါ ဥပဒေ၏ အချို့ပုဒ်မများမျှကိုသာ ဖြည့်စွက်ပြင်ဆင်မှု ပြုရပြီး ယနေ့တိုင်ကျင့်သုံးဆဲဖြစ်သည်။ ဥပဒေ မကောင်း၍ မဟုတ်။ ကောင်းပါလျက်နဲ့ စစ်အစိုးရအာဏာပိုင်များက ၄င်းတို့ အာဏာ တည်မြဲရေးအတွက် အဓိပ္ပာယ်တလွဲ ဖွင့်ဆို ကျင့်သုံးနေကြသဖြင့် ဥပဒေစိုးမိုးရေးပြဿ   နာဟု ဆိုလိုခြင်း ဖြစ်သည်။ ဥပဒေပြသနာနဲ့ ဥပဒေစိုးမိုးရေးပြသနာမျှကိုပင် နားမလည်သော စစ်ခေါင်း ဆောင်ဟောင်းသစ်များ ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ဆိုသော အရာသည် မည်သို့လျှင် ထို့ထက် ကောင်းမွန်သောဥပဒေသစ်တရပ်ကို ပြဋ္ဌာန်းနိုင်ပါအံ့နည်း။ ကျောင်းသားဆန္ဒပြမှုနဲ့ စပ်လျဉ်း၍ ဒီမိုကရေစီခေါင်းဆောင်ဆိုသူများက လွှတ်တော်ကို လာမထိနဲ့ဟု ရန်တွေ့သူ တွေ့ကြသည်။ အမျိုးသားပညာရေးဥပဒေကို ကျောင်းသားများ ဆန္ဒအပေါ် အခြေခံ၍ ပြင်ဆင်တင်သွင်းရန် ကြိုးပမ်းလာမှုအပေါ် ဘာမဟုတ်သည့် အကြောင်းကို ပြကာ ပယ်ချပစ်ဟု အသံကုန် ဟစ်ကြွေးသူ ကြွေးကြသည်။ ၀န်ကြီးချုပ်ဟောင်း ဦးနု သုံးခဲ့သည့် ဝေါဟာရအရ ဆိုပါမူ ရှက်ဖွယ်လိလိပင်။ စစ်အာဏာရှင်စနစ်ကို အသက်သွင်း ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၄င်းအရ တည်ဆောက်ထားသည့် လွှတ်တော်သည် စင်စစ်အားဖြင့် ဆင်သေကောင်ပုပ်သာ ဖြစ်သည်။ ပင်လယ်ထဲမျောတော့မည့် ဆင်သေ ကောင်ပုပ်အား ဆယ်သက်စားမကုန်သည့် ရိက္ခာတုံးကြီးအဖြစ် မှတ်ယူကာ ၀မ်းမြောက်စွာ စားသောက်ရင်း စီးနင်းလိုက်ပါသွားကြသည့် ငှက်များအဖြစ်သာ ဇာတ်သိမ်းသွားကြမှာ စိုးရိမ်မိသည်။ သမိုင်းသစ်ကို ဖန်တီးမည့် စွမ်းအားသည် ၂၀၀၈ ဖွဲ့စည်းပုံကို ဗဟိုပြုပြီး တည်ဆောက်ထားသည့် ဥပဒေဘောင်[5]နဲ့ အုပ်ချုပ်ရေးယန္တရားအတွင်းတွင်လည်းကောင်း၊ ဆင်သေကောင်ပုပ် လွှတ်တော်အတွင်းတွင်လည်းကောင်း မတည်ရှိပါ။  အခြေခံလူထုများ အတွင်းတွင်သာ ရှိကြောင်း သာဓကအနေဖြင့် DVB Debate အစီအစဉ်တွင် ပါဝင် ဆွေးနွေးခဲ့သည့် သာယာဝတီ ဒေသခံတဦးကို တွေ့မြင်နိုင်သည်။ ၄င်းက အချက်အလက်နဲ့ စနစ်တကျ ထောက်ပြသွားခဲ့သည်။ [caption id="attachment_89099" align="aligncenter" width="587"]ဓာတ်ပုံ - (Soe Zeya Tun/Reuters) ဓာတ်ပုံ - (Soe Zeya Tun/Reuters)[/caption] “ဖြိုခွဲဖို့ကို မလိုတဲ့ သပိတ်ကို ဖြိုခွဲလိုက်တာဘဲ။ ဖြိုခွဲမယ့်အကြောင်း တရားဝင် အသိပေးခဲ့တာ လုံးဝမရှိဘူး။ (ကျောင်းသားခေါင်းဆောင်) မင်းသွေးသစ်က ဆွေးနွေးပွဲ ပျက်သွားတဲ့အတွက် လေးယောက်တစု တိုးသွားမယ်၊ ရဲတွေကို မေတ္တာရပ်ခံတယ်၊ ပြန်မတွန်းပါနဲ့။ ရုန်းရင်းဆန်ခတ် ဖြစ်သွားမယ်။ ခင်ဗျားတို့ ဖမ်းစရာရှိရင် ဖမ်းလိုက်ပါလို့ ကြေညာခဲ့တယ်။ သူက ကျောင်းသားတွေကိုလည်း မေတ္တာရပ်ခံတယ်၊ အောက်ခြေ၀န်ထမ်းရဲတွေနဲ့ ပြဿ နာ မဖြစ်ပါစေနဲ့။ ဒီလူတွေက ပေးတဲ့ အမိန့်အတိုင်း လုပ်နေကြရတာ --- တဲ့။ ကျောင်းသားတွေက အစကတည်းက ဖမ်းပါဆိုတာကို မဖမ်းဘဲနဲ့ ရိုက်ပြီးမှ ဖမ်းတာဟာ ကျောင်းသားတွေ နောက်မလုပ်ရဲအောင် ဦးချိုးရမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပဲ။” ၄င်း၏ သုံးသပ်ချက်ကို နားထောင်ပြီး ကောင်းလိုက်၊ မှန်လိုက်လေခြင်းဟု ဥဒါန်းကျူးမိသည်။ မည်သည့်အရာမှန်း မိမိတို့ ကိုယ်တိုင် နားမလည်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဟူသည်ကို ကိုင်စွဲထားသည့် နိုင်ငံရေးသမားဆိုသူများ ယောင်ဝါးဝါး ဖြစ်နေချိန်တွင် အခြေခံလူထုများသည် ရှင်းလင်းစွာ စဉ်းစားတတ်ကြသည်။ ၄င်းက ဆက်လက်၍ “အရက်စွဲနေသူတဦးကို ဘုန်းကြီးဝတ်ပေးလိုက်ပေမယ့် အရက်ဆက်သောက်တယ်။ ဘာကြောင့်အရက်သောက်သလဲ မေးတော့ ဘုန်းကြီးဝိနည်းအရ သောက်တယ်လို့ ဖြေကြားသလိုမျိုးပဲ။  အဲဒီရဲတွေကို လုံးဝကို ပြင်လို့ရမှာ မဟုတ်ဘူး။ အဲဒါကို ကျနော် ပြောချင်တာ။” ဟု ထောက်ပြသွားခဲ့သည်။ [caption id="attachment_89098" align="aligncenter" width="615"]myanmar-student-protest1 ဓာတ်ပုံ - (Soe Zeya Tun/Reuters)[/caption] ယင်းသုံးသပ်ချက်မှာ အရေးကြီးဆုံးဖြစ်သည်။ ဥပဒေစိုးမိုးရေး၏ အခြေခံဖြစ်သော တိုင်းပြည်အဆောက်အအုံများ၏ အစိတ်အပိုင်းတရပ် ဖြစ်သည့် ရဲတပ်ဖွဲ့ကို အရှင်းလင်းဆုံး ဝေဖန်သွားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပေါ်၌ အာဏာရှင်အုပ်ချုပ်မှုအောက်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းသွားခဲ့သည့် နိုင်ငံအားလုံးနီးပါးတွင် တိုင်းပြည်အဆောက်အအုံများ ပြုပြင်ပြောင်းလဲရေး (Institutional Reform) ဟူသည်ကို မူချ၍ ဖော်ဆောင်ကြရသည်။ မြန်မာနိုင်ငံဖြစ်စဉ်မှာ ၄င်းနဲ့ ရာနှုန်းပြည့် ဆန့်ကျင်လျက်ရှိသည်။ စစ်အာဏာရှင်အဆက်ဆက်က တည်ဆောက်ထားခဲ့သည့် တရားစီရင်ရေး၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေးနဲ့ အခြားလုံခြုံရေးအဖွဲ့အစည်းများအားလုံးအား လုံးဝမတို့မထိနိုင်ရုံသာမက ၄င်းတို့ ပိုမို ကြံ့ခိုင်အောင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် တည်ဆောက်ထားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရဲတပ်ဖွဲ့နဲ့ အခြားလက်နက်ကိုင် လုံခြုံရေးအဖွဲ့အစည်းများအားလုံးသည် တပ်မတော်၏ ကြီးကြပ် ကွပ်ကဲမှုအောက်တွင် ရှိသည်။ အာဏာပိုင်များက အစီအစဉ်တကျ၊ ရည်ရွယ်ချက်ရှိရှိနှင့် ဖြိုခွဲလိုက်ခြင်းဖြစ်သည်။ ကျောင်းသားဆန္ဒပြမှု အကြမ်းဖက် ဖြိုခွဲခံလိုက်ရသည့်ကိစ္စမှာ မတရားမှုကြီး သက်သက်ဖြစ်ကြောင်းနဲ့ လက်နက်ကိုင်တိုက်ပွဲများ မရှိပါဘဲလျက်ပင် ငြိမ်းချမ်းမှု ကင်းမဲ့နေ ကြောင်း ထင်ရှားပေါ်လွင်နေပါပြီ။ ယင်းအပေါ် မည်သို့ ပြန်လည်အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်းကို တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံး စဉ်းစားသင့်ပါပြီ။ ယင်းကို အထောက်အပံ့ ဖြစ်စေရန် အောက်ပါအချက်များကို တင်ပြလိုသည်။ [caption id="attachment_89097" align="aligncenter" width="629"]2015-635615964665865996-586 ဓာတ်ပုံ - (Soe Zeya Tun/Reuters)[/caption] (၁) တိုင်းပြည်အဆောက်အအုံတစုံလုံးကို ပြောင်းလဲပစ်ရေးအခြေခံတွင် စစ်အာဏာရှင် စနစ်တခုလုံးအား တော်လှန်ပြောင်းလဲခြင်း မလုပ်နိုင်သမျှကာလပတ်လုံး လက်ပံတောင်းတွင် သံဃာတော်များ အရှင်လတ်လတ် မီးလောင်တိုက်သွင်းခံရသည့် ဖြစ်ရပ်မျိုး၊ လက်ပံတန်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသောကျောင်းသားများ အကြမ်းဖက်ဖြိုခွင်းခံရသော ဖြစ်ရပ်မျိုးများ နောက်ထပ် ထပ်မံ ပေါ်ပေါက်နေပါဦးမည်။ ငြိမ်းချမ်းမှု ကင်းမဲ့နေပါမည်။ စစ်အာဏာရှင် စနစ်ကို ပြုပြင်ရေး၊ ဖာထေးပေးရေးနဲ့ မရ။ လူထုတော်လှန်ရေးကြီးတရပ် ဆင်နွှဲရန် မလွဲမသွေ လိုအပ်နေသေးသည်။ (၂) စစ်အာဏာရှင်စနစ်အခြေခံတွင် တည်ဆောက်ထားသော တိုင်းပြည်အဆောက်အအုံ တစုံလုံးကို ပြောင်းလဲမှုမပြုနိုင်သမျှကာလပတ်လုံး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ မျှော်မှန်းသည့် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရနိုင်ပါ။ ကျောင်းသားဆန္ဒပြမှု အကြမ်းဖက် ဖြိုခွဲခံလိုက်ရသည့် အကျိုးဆက်အနေဖြင့် လယ်သမား၊ အလုပ်သမားနဲ့ အခြားလူတန်းစားအလွှာများ၏ လူထုလှုပ်ရှားမှုများပါ ငြိမ်သက်သွားမည်ဆိုပါက ငြိမ်းချမ်းရေးကို ဦးတည်သော ဆွေးနွေးပွဲ ဟူသည်များသည် လူထုဖိအားနဲ့ ထောက်ခံမှုများ ရရန် မလွယ်တော့ပါ။ ဤကဏ္ဍကြီး ၂ ရပ် ထိရာက်စွာ ပေါင်းစပ်လှုပ်ရှားနိုင်ရေးအတွက် နည်းလမ်းများ ရှာကြံသင့်ပါပြီ။ [caption id="attachment_89096" align="aligncenter" width="587"]protest_650x400_71425975054 ဓာတ်ပုံ - (Soe Zeya Tun/Reuters)[/caption] (၃) မည်သည့်အရာမှန်း မည်သူမျှ တိတိကျကျ မပြောနိုင်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးဟူသော မူဝါဒအောက်တွင် အစိုးရအာဏာပိုင်များ၏ ပြစ်မှုကျူးလွန်မှုမှန်သမျှအား ၀ိုင်းဝန်း ဖုံးကွယ်ထားမှုများကို ရပ်တန်းက ရပ်သင့်ပါပြီ။ ပြစ်မှုကျူးလွန်သူကို အရေးယူ အပြစ်ပေးရေးနဲ့ ပြစ်မှုကျူးလွန်ခံရသူများ တရားမျှတမှု ရရှိစေရေးအခြေခံတွင် လူတိုင်းဥပဒေ ရှေ့မှောက်တွင် တန်းတူရေးဟူသည့် စစ်မှန်သည့် ဥပဒေစိုးမိုးရေးမူကို လက်တွေ့ ဖော်ဆောင်ရန် ကြိုးပမ်းသင့်ပြီ ဖြစ်သည်။ (၄) စစ်အစိုးရအဆက်ဆက်က ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုကြီးများမှာ ကြီးမားပြင်းထန်ပြီး လူသားဆန့်ကျင်မှုနဲ့ စစ်ရာဇ၀တ်မှုအဆင့်များအထိပင် ရောက်ခဲ့သောကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ ၂၀၁၀ ခုနှစ် မတ်လတွင် နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့ပြီး စစ်ဆေးရန်ပင် တောင်းဆိုခဲ့ဘူးသည်။ စစ်အစိုးရ၏ အတုအယောင်ဒီမိုကရေစီရေး အပြောင်းအလဲဟူသည်အောက်တွင် ယင်း လူ့အခွင့်အရေး လှုပ်ရှားမှုကြီး မှိန်ထားခံလိုက်ရသည်။ အကျိုးဆက်အနေဖြင့် ပြည်ထောင်စုနိုင်ငံ၏ နေရာဒေသအမြောက်အမြားတွင် ပိုမိုပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုကြီးများ တောက်လျှောက်ပင် ဖြစ်ပွား ကျူးလွန်လျက်ရှိသည်။ ဤလှုပ်ရှားမှုကြီးသည် ပြန်လည် နိုးကြားရှင်သန်သင့်ပြီဖြစ်သည်။ (၅) မတရားဥပဒေများနဲ့ မတရား တရားစီရင်ရေးစနစ်ကို ဗဟိုပြုထားသည့် Legal Framework ဟုခေါ်သည့် ဥပဒေဘောင်တစုံလုံးအား ပြောင်းပစ်နိုင်ရန် ဥပဒေအင်အားစု အားလုံးသည် ကျောင်းသား၊ လယ်သမား၊ အလုပ်သမား၊ အမျိုးသမီး၊ လူငယ်နဲ့ တိုင်းရင်းသား လှုပ်ရှားမှုများအားလုံးနဲ့ ခိုင်ခိုင်မြဲမြဲ လက်တွဲသင့်ပြီ ဖြစ်သည်။ ဥပဒေကြောင်းအရ ဘက်ပေါင်းစုံမှ နေ၍ ကူညီပံ့ပိုးသင့်ပြီ ဖြစ်သည်။ ယင်းကို အားဖြစ်စေရန် ပြည်တွင်းမှတဆင့် နိုင်ငံတကာသို့ လည်းကောင်း၊ နိုင်ငံတကာမှနေ၍ ပြည်တွင်းသို့ လည်းကောင်း ဖြန့်ကြက်လှုပ်ရှားမှုများ ရှိလာသင့်ပြီဖြစ်သည်။ ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့နေ) ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ                             မတ်လ ၄ ရက် ၂၀၁၅ ခုနှစ် [1] https://www.youtube.com/watch?v=jIZk978aZc8 [2] A writ petition is, in effect, a request by the petitioner (the party aggrieved by an order in the trial court) [3] State Prisoners’ Regulation [4] Trade Union Act [5] Legal Framework

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up