“အင်ဒိုနီးရှားမပြောနဲ့ လှေဆိုရင် ဘယ်လှေမှ မစီးချင်တော့ပါဘူး” – မေးမြန်းချက်

ပြီးခဲ့တဲ့ သီတင်းပတ်က ပင်လယ်ပြင်မှာ နှစ်ပေါင်းများစွာ ကျွန်သဖွယ် ခိုင်းစေခံခဲ့ရတဲ့  မြန်မာအပါအ၀င် ငါးဖမ်းလှေလုပ်သား ၃၀၀ ကျော်ကို  အင်ဒိုနီးရှားနိုင်ငံ ဝေးလံသီခေါင်တဲ့ ဘန်ဂျီနာကျွန်းပေါ်ကနေ အာဏာပိုင်တွေက သင်္ဘောတွေနဲ့ ကယ်ဆယ်ပြီး  ပိုမို လုံခြုံစိတ်ချရတဲ့ တူရယ်ကျွန်းပေါ်ကို ပို့ဆောင်ကာ နေရပ်ပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးနေပါတယ်။ လက်ရှိ တူရယ်ကျွန်းပေါ် ကယ်ဆယ်ရေးစခန်းတခုမှာ ရောက်ရှိနေတဲ့ မြန်မာငါးဖမ်းလုပ်သား  ကိုသက်ဆွေတင့်ကို  ကျွန်းပေါ်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး  ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။ ကိုသက်ဆွေတင့်က မြန်မာနိုင်ငံ ဘယ်မြို့ကနေ ထိုင်းကို ဘယ်လိုရောက်လာပြီး ငါးဖမ်းလှေ ဘယ်တုန်းက စလိုက်ဖြစ်တာလဲဆိုတာ အရင်ဆုံး ပြောပြပါလား။ “ကျနော် ရန်ကုန်တောင်ဥက္ကလာကပါ။ မြ၀တီက ညီလေးဆီ ခဏသွားလည်ရင်းနဲ့ ထိုင်းနိုင်ငံထဲ ကျနော် ရောက်လာတာ ရောက်လာပြီး ၁ နှစ်ကျော်လောက် နေပြီးတော့မှ အင်ဒိုကို သွားတာ။ စထွက်လာတဲ့ရက်ကတော့ ၂၀၁၁ နိုဝင်ဘာ ၂၆ ရက် နေ့မှာ ထိုင်းနိုင်ငံ ကနေ အင်ဒိုကို စလာတာပေါ့။” ထိုင်းနိုင်ငံ ဘယ်ဆိပ်ကမ်းကနေ ဘယ်လို ထွက်သွားတာလဲ။ ငါးဖမ်းသင်္ဘောပေါ် စလိုက်ဖြစ်တဲ့အချိန်က အတွေ့အကြုံကိုပြောပြပေးပါလား။ 11130201_10153162088362305_7325341591777590801_n“ဘန်ကောက်မှာ ရေတွေကြီးတဲ့နှစ်ပေါ့။  အဲဒီမှာ အလုပ်တွေ ပိတ်ထားတော့ မဟာချိုင်မှာ သင်္ဘောပေါ် စတက်တာ။ အဲဒီကနေ ဘန်ဂျီနာကို လာပို့တာပေါ့။  ငါးကဲ့တဲ့ သင်္ဘောနဲ့ပဲ  လာရတာ။ ၁၅ ရက်လောက် အလုပ်မလုပ်နိုင်ဘူး၊ လှိုင်းမူးနေတယ်။  ဒါပေမယ့် ပဲ့နင်းကတော့ ဘာမှတော့ မပြောဘူး။ လှိုင်းမူးရင် ရေငံချိုး ထမင်းစား သက်သာတော့မှ အလုပ်ဆင်း လုပ်ပေါ့။ မဟာချိုင်ကနေ ဘန်ဂျီနာကို လာတာ ၁၅ ရက် ကြာတယ်။  ငါးဆွဲတဲ့သင်္ဘောနဲ့ လာတယ် ဆိုပေမယ့် ပင်လယ်ဝမှာ အဲဒီသင်္ဘောကြီးက ဘာဖြစ်လို့လည်း မသိဘူး။ ကျောက်ချ စက်ပြင်ပြီးမှ လာတဲ့အခါကျတော့ ပုံမှန် ၁၂ ရက်လောက်ဆိုရင် ဘန်ဂျီနာကိုရောက်တယ်။ စက်ပြင်ရတဲ့အခါ ကျတော့ ၁၅ ရက်လောက် ကြာသွားတယ်။” လှေလုပ်သားတွေကို ထိုင်းတွေက မဟာချိုင်ကနေ ဘန်ဂျီနာကို ခုလိုပဲ  အသုတ်လိုက် ပို့ပို့ နေတာလား။ ဘယ်လိုပုံစံနဲ့ ပို့တာလဲ။ “ပွဲစားတွေက လိမ်ပြီးတော့ ရောင်းစားတဲ့လူတွေလဲ ပါသလို ကျနော်ဆိုရင် အင်ဒိုနီးရှား ဆိုတော့ မရောက်ဘူးတော့ သွားကြည့်မယ်ပေါ့နော်။ ကျနော့်ကို ပြောတယ်၊ ဖုကျတ်ကန် (မန်နေဂျာ) က အင်ဒို သွားမလားပေါ့၊ မရောက်ဘူးတဲ့အခါကျတော့ သွားမယ်လို့ ပြောလိုက် တာပေါ့။ ကိုယ့်ဖာသာ ကိုယ်ပဲ သွားလိုက်တာ။  လှေသားပြောတဲ့ စကားအရဆိုရင် ထွက်စရိတ် ကြိုတင်ငွေ ဘတ် ၂ သောင်းခွဲ ထုတ်ပေးတယ်ပေါ့နော်။ ကျနော်က မယူဘူး။  ၅ ထောင်ပဲ ယူထားတယ်။ ကျနော် အများကြီး မယူချင်ဘူး။ ယူပြီးမလုပ်နိုင်ရင် မကောင်းဘူး။” “ပတ်စ်ပို့က ထိုင်းနိုင်ငံမှာကတည်းက လုပ်ပေးလိုက်တာ။ ကျနော်သိသလောက် ဆိုရင်တော့ အတုပဲ။ လုပ်ပေးတဲ့နေရာကတော့ မဟာချိုင်နဲ့ နည်းနည်းလှမ်းတယ်။ ထိုင်းနိုင်ငံထဲမှာပဲ သူဌေးက ကျနော့်ကို ဓာတ်ပုံ ရိုက်ယူသွားပြီး သူ သွားလုပ်လိုက်တယ်။ လုပ်လိုက်ပြီး သူက သင်္ဘောကပ္ပတိန်ကို ပေးပြီးတော့မှာ သင်္ဘောကပ္ပတိန်က ကျနော် ဒီဘန်ဂျီနာကို ရောက်တော့မှာ အဲဒီပတ်စ်ပို့ကို ကျနော့်ကို ထုတ်ပေးတာ မဟုတ်ဘူး ဒီလုပ်ငန်းနဲ့ ပတ်သက်တဲ့ရုံးက လူကြီးတယောက်ကို သူထုတ်ပေးလိုက်တယ်။ အဲဒီလူကြီးကမှ တဆင့် ပဲနင်းကို ပြန်ထုတ်ပေးလိုက်တယ်။ အတုပေါ့ဗျာ။ အဲဒီစာအုပ်အတုကို သူတို့ဖာသာ သူတို့ လုပ်ကြတာပေါ့ဗျာ။ ကျနော်တို့လည်း ဘာမှ ရေးလဲ မရေးရဘူး။ လက်မှတ်လဲ မထိုးရဘူး။ ဘာမှလဲ မဖြည့်ရဘဲနဲ့ နာမည်တလုံးထဲနဲ့ ဓာတ်ပုံတပုံထဲနဲ့ပဲ ပတ်စ်ပို့စာအုပ် တအုပ် ထွက်လာတယ်။” 11102650_10153162088282305_5126374396619574311_n“ထိုင်းကနေ လုပ်ပေးတဲ့ ပတ်စ်ပို့ပေါ့။ ကျနော့်ဆီက နာမည်တလုံး ယူလိုက်တယ် ကျနော့်နာမည် ကျနော်ပြောလိုက်တယ်။ သူက ဓာတ်ပုံတပုံ ရိုက်လိုက်တယ်။ ရိုက်ပြီးတော့ အနောက်တိုင်းဝတ်စုံ ထည့်ပေးလိုက်တယ် ကွန်ပြူတာနဲ့ ကျနော် အရပ်ဝတ်နဲ့ပဲ ရိုက်လိုက်တဲ့ ဓာတ်ပုံကို ကွန်ပြူတာနဲ့ သူ အနောက်တိုင်းဝတ်စုံနဲ့သူ လုပ်ပစ်လိုက်တယ်။ လုပ်ပစ်လိုက်ပြီး ပတ်စ်ပို့စာအုပ်မှာ ကျနော့်ရဲ့နာမည်တွေ ဟိုဥစ္စာတွေ သူရှမ်း(ထိုင်း)လိုပဲ လျှောက်ထည့် လိုက်တယ်။  အဲဒီမှာ နာမည်နဲ့ သွားရမယ့်လှေတွေကို ပြောတယ်လေ။  အဲဒီသင်္ဘောက silver sea နံပတ် ၁ကပေါ့။ ငါးကဲ့တဲ့လှေပေါ့။ ကျနော်တို့ ထိုင်းနိုင်ငံက ထွက်လာတဲ့အချိန်မှာ အဲဒီက ကပ္ပတိန်လို့ ပြောလို့ရတဲ့ လူကြီးတယောက်က  ကျနော်တို့ ပတ်စ်ပို့စာအုပ်တွေပေါ့။ အညိုရောင်တွေပေါ့။ ကျနော်လည်း တခါမှ မလုပ်ဖူးဘူးလေ။ ကျနော့်ဓာတ်ပုံကို ကြည့်လိုက်တော့ ကျနော်ရိုက်တုန်းက ပုံက အရပ်ဝတ်နဲ့ သူပေးထားတာက အနောက်တိုင်း ၀တ်စုံပေါ့။ နာမည်ကို ဖိစနွတ်နန်စွန်ဘွန်းလို့ ထည့်ပေးထားတယ်။ အဲဒီပတ်စ်ပို့စာအုပ်ကတော့ ကျနော်ကတော့ ဒီရောက်တာ တခါမှ မကိုင်ရဘူး။” ဘန်ဂျီနာကျွန်းရောက်တော့ ဘာတွေလုပ်ရလဲ၊ နောက်ပိုင်း ဘယ်လိုဆက်ဖြစ်လဲ။ “နောက်ပိုင်းကြတော့  ကျနော်မလုပ်နိုင်ဘူး။ ကျနော် ပြန်ချင်တယ်ဆိုတော့ ပဲနင်းကြီးက သင်္ဘော ပြန်ပြီး ယူတဲ့အခါမှာ ပဲ့နင်းအသစ် ထပ်ရောက်လာတယ် ကျနော် စီးနေတဲ့လှေကို ရောက်လာတယ်။  ပဲ့နင်းအသစ်က အလုပ်မဟုတ်တာတွေ လုပ်လို့ ကျနော်လည်း စီးမနိုင်ဘူး ဆိုပြီး ကျနော်လည်း ကမ်းကျန်ပစ်လိုက်တယ်။ ကမ်းကျန်ပြီး ပြန်ပို့မလားဆိုပြီး ရုံးမှာပဲ ကျနော် စောင့်နေတယ်။ ပြန်မပို့ဘူး လှေ ၂ ခေါက်၊ ၃ ခေါက် ပြန်ဝင်လာတဲ့အချိန် ပြန်မပို့သေးဘူး။ ၅ လ ကျော်သွားတော့ ကျနော်လည်း စောင့်မနိုင်တာနဲ့ တခြားလှေ တစီးနဲ့ ထွက်လိုက်သွား လိုက်တယ်။ ထွက်လိုက်သွားပြီးတော့ ဒီလိုပဲ ဟိုလှေစီး ဒီလှေစီးနဲ့ အခုအချိန်အထိပေါ့။ ဟိုလှေစီးလိုက် ဒီလှေစီးလိုက်နဲ့ အချိန်တွေကုန်ပြီး အသက်တွေ ကြီးသွားတယ်။” လှေပေါ်လိုက်တဲ့အခါမှာ လုပ်ခလစာတွေ ဘယ်လိုပေးလဲ၊ လစာအပြည့်ရော ရရဲလား။ “အဲဒီလှေတွေ လိုက်တဲ့အခါမှာ ကျနော်တို့က နေ့စားပုံစံမျိုး လိုက်လိုက်တာပေါ့နော်။ နေ့စားလိုက်တဲ့ အခါကျတော့ သူက ကမ်းဝင်လာတဲ့အခါကျတော့ နေ့စားခနဲ့ ပြန်ရှင်းပေးတာပေါ့။ တနေ့ကို အင်ဒိုနီးရှားငွေ ရူပီ ၅ သောင်း ပေးတာပေါ့။ ပေးတဲ့ ပဲ့နင်းလဲ ရှိသလို မပေးတဲ့ ပဲ့နင်းလဲ ရှိတယ်။ ကျနော်လုပ်တဲ့ဆီမှာတော့ ကျနော်ကတော့ ကျနော့်လုပ်ခတော့ မှန်မှန်ကန်ကန်တော့ ရပါတယ်။ ဒါပေမယ့် အဲဒီပဲ့နင်းတွေကလည်း ကျနော်အလုပ်ကောင်းလို့လည်း သူတို့ ကျနော့်ကို  မလိမ်ပဲနဲ့ ပေးတာပေါ့။  ဒါပေမယ့် နောက်အခေါက်တွေကျတော့ သူတို့ ပထမစီးတဲ့ အခေါက်လို မမှန်တော့ဘူး။ 11091552_10153162088742305_324830994882409994_n လှေလိုက်တုန်းက ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ ရှိရင် ပြောပြပေးပါလား။ နှိပ်စက်ခံခဲ့ရတာတို့ အလုပ်ချိန်တွေ အများကြီးလုပ်ခဲ့ရတာတို့ ကိုယ်တိုင် ဖြစ်ဖြစ် သူငယ်ချင်းတွေ ဖြစ်ဖြစ် ကြုံခဲ့ရတဲ့ အဖြစ်တွေ ရှိလား။ “ကျနော်ကတော့ ကိုယ်တိုင်ကြုံခဲ့ရတော့ မရှိပါဘူး။ သူငယ်ချင်းတွေ ကြုံခဲ့ရတာတွေတော့ ရှိခဲ့ဖူးတယ်။ ကြားခဲ့ဖူးတာတွေလည်း အများကြီး ရှိပါတယ်။ ပင်လယ်မှာ အချင်းချင်း ဖြစ်တာတွေတို့၊ ပဲနင်းနဲ့ အဆင်မပြေဖြစ်တာတွေ ရှိပါတယ်။ သူတို့ ခိုင်းတဲ့ပုံစံက ပြန်လို့လည်း မရဘူးဆိုတော့ ဗမာပြည်သားကလည်း ပြန်လို့လည်း မရ ကမ်းကျန်ခဲ့တော့လည်း တခြားလှေပဲ လိုက်စီးရတယ်ဆိုတော့ သူတို့ ပြောတဲ့အတိုင်းပဲ လုပ်၊ သူတို့ပြောတဲ့အတိုင်းပဲ နေ၊ သူတို့ ခိုင်းတဲ့အတိုင်းပဲ လုပ်ပြီးတော့ နေနေရတာပေါ့။ မတရားခိုင်းစေမှုတွေကတော့ ရှိတဲ့လှေတွေလည်း ရှိတယ်၊ မရှိတဲ့ လှေတွေလည်း ရှိပါတယ်။ ကျနော့်အတွေ့အကြုံမှာတော့ မရှိပါဘူး။ မရှိအောင်လည်း လုပ်ပေးပါတယ်။ သူများပိုက်ဆံယူတယ်ဆိုတော့ သူများအလုပ်ကို လုပ်ပေးရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်လုပ်ပေးပါတယ်။ အဲဒီအတွက် ကျနော် အဲဒီ အတွေ့အကြုံတော့ မရှိဘူးပေါ့။ စီးတဲ့လှေပေါ်က လူကြီးပေါ် မူတည်တာပေါ့။ လူမျိုးလည်း စကားပြောတယ်။ အစ်ကိုရ၊ သူ့လူမျိုးကျတော့ နေမကောင်းလို့ရှိရင်လည်း ဘာမှမပြောဘူး။ ကျနော်တို့လို ဗမာတွေ နေမကောင်းရင် ဆဲတယ်ဆိုတယ်၊ ပိုက်ဆံဖြတ်မှာတို့ ဘာတို့ ပြောတာတွေ ရှိတယ်။ ကိုယ်တိုင်လည်း ကြုံခဲ့ဖူးတယ်။ အဲဒါမျိုးတွေ၊ နေမကောင်းလို့ နားတာပဲလေ။ လုပ်နိုင်ရဲ့သားနဲ့ အလကားသက်သက် အချောင်ခိုပြီး နားတာမှ မဟုတ်တဲ့ကိစ္စကို၊ ဒါပေမယ့် သူက လူမျိုးများတဲ့ အခါကျတော့ ပြောလို့မရဘူးပေါ့။ အဲဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် လုပ်နိုင်တဲ့အနေအထားမှာ နေမကောင်းလဲ လုပ်နိုင်ရင် ကျနော် လုပ်ပေးလိုက်တယ်။ လုံးဝ မလုပ်နိုင်တဲ့ အနေအထားဆိုတာ မရှိခဲ့ဖူးပေါ့။” ကျနော်တို့ သတင်းတွေမှာ ကြားတာက လှေသားတွေကို ဓားတွေဘာတွေနဲ့ ခုတ်တာတွေ ရှိတယ်၊ ကျွန်းပေါ်မှာ  အဲဒါမျိုးတွေ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေရှိခဲ့လား။ 22001_10153162088682305_128041681775276433_n“ကျနော်ကိုယ်တိုင်တော့ မရှိဘူး။ ဒီရောက်မှ ဖြစ်တဲ့သူငယ်ချင်းတွေထဲမှာတော့ ရှိတယ်။ ဓားနဲ့ ခုတ်တယ်တို့ ဘာတို့ ဆိုတာမျိုးတွေက ဘယ်လိုပြောရမလဲ။  ထိုင်းနဲ့ဗမာနဲ့က မတည့်သလို ထိုင်းနဲ့ ကဗ္ဘာဒီးယားနဲ့ကလည်း မတည့်ဘူး။ အဲဒီကြားထဲမှာ ဗမာ ဗမာချင်း မတည့်တာတွေကလည်း ရှိတယ်။ လူမျိုးရေးကိစ္စတွေလည်း ရှိတယ်၊ ရခိုင်နဲ့ ဗမာနဲ့၊ ရခိုင်နဲ့ မွန်နဲ့ မွန်နဲ့ဗမာနဲ့ အဲလိုမျိုးတွေပေါ့။ သူတို့က သောက်စားပြီးတော့ ဖြစ်တဲ့ကဏ္ဍတွေ များတယ်ပေါ့နော်။ လူကောင်းပကတိက ထပြီးဖြစ်ကြတယ်ဆိုတာတော့ နည်းနည်း ရှားတယ်။” “ကြားဖူးမလားတော့ မသိဘူး။ ဘန်ဂျီနာမှာ မြန်မာနိုင်ငံလိုမျိုး မဟုတ်ဘူး။ အရက်က အုန်းရေနဲ့ ချက်တဲ့အရက်တမျိုးပဲ ရှိတယ်။ ရေလုပ်သားတွေကလည်း အဲဒီအရက် တမျိုးထဲပဲ သောက်နေကြတယ်။ အဲဒီအရက်ကလည်း အရသာလည်း မရှိဘူး၊ ချဉ်ကလည်း ချဉ်၊ နံကလည်း နံ အဲဒီအရက်ကိုပဲ သောက်ပြီးတော့ ပေတေလေလွင့်ပြီး တချို့ဆိုရင် သောက်ရင်းနဲ့ သောက်တဲ့ဘ၀နဲ့ပဲ  အုန်းတောတွေ ဘာတွေ ရောက်သွားတယ်။ အုန်းတောဆိုတာ သင်္ချိုင်းကုန်းကို ပြောတာပါ။ ဗမာပြည်သားတွေကော ကမ္ဘောဒီးယားတွေရော ဘာတွေရော၊ တချို့ ပဲနင်းတွေဆိုရင် တအားယုတ်မာတယ် ပြောရမှာပေါ့။ သေသွားတဲ့လူကျတော့ ဘာမှ မလုပ်ပေးနိုင်တော့ဘူး ဆိုပြီးတော့ တခါတလေကျရင် တာလပတ်နဲ့ ပတ်ပြီး ချတာတို့ ဘာတို့လည်း ရှိတယ်။ တချို့ပဲ့နင်းတွေ ကျတော့လည်း သစ်သားအခေါင်းတွေ ဘာတွေ ကောင်းကောင်းမွန်မွန် လုပ်ပြီးတော့ ချပေးတဲ့ ပဲ့နင်းတွေလည်း ရှိတာပေါ့။ ကောင်းကောင်း မွန်မွန် လုပ်ပေးတဲ့ပဲ့နင်းက နည်းပါတယ်။ ပစ်စလက်ခတ်က များပါတယ်။” ရန်ဖြစ်ပြီးသေသွားကြတာလည်း ဘယ်လိုသေသွားခဲ့ကြတာလဲ။ “တချို့ကျတော့လည်း ရန်ဖြစ်ပြီး သေသွားတာတော့ မဟုတ်ဘူး၊ တချို့ကျတော့လည်း ကျန်းမာရေးကြောင့် ဆေးခန်းသွားလိုက်တယ်။ ဆေးခန်းသွားတဲ့ အခါကျတော့ ဆေးခန်းက ဆရာဝန်က ဂလူးကို့စ် ပုလင်းချိတ်လိုက်တာနဲ့ သေရတာပဲလေ။ ဂလူးကို့ပုလင်းထဲမှာ ကျနော်ရဲ့ အမြင်ပြောရတာပေါ့နော်။ ပုလင်းထဲမှာ ပင်နီစလင်လား၊ အားဆေးလား ဘာလဲ မသိဘူး။ သူထည့်တာ အရောင်က အ၀ါရောင် ဖြစ်နေတယ်။ အဲဒီမှာ သူက အပ်တချောင်းလည်း ဖောက်ထားတယ်၊ ကိုယ်တိုင် စောင့်ပေးခဲ့ရတဲ့ လူနာတယောက် ရှိတယ်။ ဒါပေမယ့် သူက အဲဒီမှာပဲ သေသွားတယ်။ ကျနော်စောင့်ပေးနေတဲ့ အချိန်မှာတော့ လမ်းမလျှောက်နိုင်တဲ့ အနေအထားကနေပြီးတော့ လမ်းတွေဘာတွေ လျှောက်နိုင်နေပြီ။ ဒါပေမယ့် ရုံးကလူက အဲဒီလူကို ဆက်မစောင့်နဲ့တော့ တခြားတယောက်ကို ပြောင်းစောင့်ခိုင်းလိုက်တဲ့အချိန် မနက်ဖြန်လိုမျိုး သင်္ဘောနဲ့ ပြန်ရတော့မယ်။ ဒီနေ့ညနေပဲ ချိတ်လိုက်တယ်။ ည ၉ နာရီလောက်ကျတော့ သေသွားတယ်။ သူက ဗမာပဲ။ နောက် ကျွန်းပေါ်မှာ လှေသားတွေကို သံလှောင်အိမ်တွေထဲမှာတွေ ပိတ်ပြီး လှောင်ထားတယ်လို့ လည်း သတင်းတွေ ကြားတယ်။ 11138537_10153162089122305_8451640655120009663_n“အချုပ်ထဲမှာ ထည့်ထားတာတွေလည်း ရှိပါတယ် အများကြီးပါပဲ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကျတော့ ပဲ့နင်းတွေ ပိုက်ဆံပေးပြီးတော့ ချုပ်ခိုင်းထားတဲ့ ပုံစံမျိုးတွေပေါ့။ အင်ဒိုတွေက ပိုက်ဆံရရင် သိတဲ့အတိုင်းပဲ သူတို့က ပဲ့နင်းတွေ၊ ပဲ့နင်းငယ်တွေလောက်ပဲ သူတို့က လူထင်တာ ကျန်တဲ့လှေသားတွေဆိုရင် သူတို့ လုပ်ချင်သလို လုပ်နေကြတာပဲလေ။” ဘန်ဂျီနာကနေ ဘယ်လို တူရယ်ကျွန်းဘက်ကို ဘာကြောင့် ဘယ်လိုရောက်လာတာလဲ။ “ကျနော် ဒီကို တူရယ်ကျွန်းကို ရောက်တာ ၁ ပတ်တောင် မပြည့်သေးပါဘူး။ ဟိုမှာ ဘန်ဂျီနာကို သတင်းထောက်ပုံစံမျိုး လာတယ်။ အင်္ဂလိပ် တိုးရစ်မတွေလည်း ပါတယ်၊ အဲဒီထဲမှာ စကားပြန် ဗမာအကို တယောက်လည်း ပါတယ်။ ဒါပေမယ့် ကျနော်စကားမပြောဖြစ်လိုက်သလို နာမည်လည်း မသိလိုက်ရဘူး။ ဘယ်ဌာနကလည်းဆိုတာလည်း မသိလိုက်ဘူး။  ဒါပေမယ့် အဲဒီအကိုတွေ ကူညီပေးတဲ့ကဏ္ဍနဲ့ ကျနော်တို့ ဒီကို ရောက်လာတယ်။ ဘယ်လို ကူညီလဲ ဆိုတော့ ဗမာပြည်ပြန်မယ်ဆိုလို့ ရှိရင် ပြန်မယ့်သူက တခြမ်းနေ၊ မပြန်မယ့်သူက တခြမ်းနေ အဲလိုမျိုး ထားပြီး ပြန်မယ့်လူကို အဖွဲ့တွေ ခွဲလိုက်တယ်။ အဲဒီမှာ ရေတပ်တွေလည်း ပါတာပေါ့နော်။ တူရယ်ကျွန်းက အင်ဒိုက ရေတပ်တွေလည်း ပါတာပေါ့။ ရေတပ်အဖွဲ့တွေနဲ့ သူတို့ဘာသာ သူတို့ စီစဉ်ကြတယ်။ စီစဉ်ပြီးတော့ လှေ ၆ စီးနဲ့ ကမ္လာဒီယားတွေရော လာအိုတွေရော၊ ပါတာပေါ့နော်။ ဒါပေမယ့် လူအနည်းစုပါ။ ဗမာတွေက များတယ်။ အယောက် ၃၀၀ လောက် ရှိမှာပေါ့။ တစီးကို မပါဘူးဆိုရင် အယောက် ၅၀ ကျော်လောက်ပါတယ်။ ဗမာပြည်သားချည်းပဲ လှေ ၅ စီး ၁ စီးမှာ အယောက်  ၅၀ အနည်းဆုံး လောက်ပါတယ်။  ကျနော်တို့ ဒီရောက်လာတဲ့ အချိန်မှာ ရေတပ်လူကြီးတွေ နေတဲ့ နေရာလို့ပြောတာပဲ အဲဒီမှာ ဟောခန်းတွေ အစည်းအဝေးလုပ်တဲ့နေရာတွေ အားကစားလုပ်တဲ့ပုံစံမျိုးတွေ  အဲလို နေရာတွေမှာ ကျနော်တို့ကို နေရာချပေးထားတယ်။ ထမင်းတနေ့  ၃ နပ် ကျွေးတယ်။ ရေတွေဘာတွေ အဆင်ပြေအောင်တော့ လုပ်ပေးထားတယ်။” ဘန်ဂျီနာအပြင် အနီးနားပတ်ဝန်းကျင်က တခြားကျွန်းတွေမှာရော အလားတူ အဖြစ်အပျက်တွေ အများကြီးပဲလား၊  အင်ဒိုနီးရှားတခြားကျွန်းတွေမှာရော မြန်မာတွေ အများကြီးပဲ ရှိလား။ 11136715_10153162088872305_8967071768527489322_n“ရှိပါတယ်။ ကျနော်တို့ အခု ရောက်နေတဲ့ တူရယ်ကျွန်းမှာဆိုရင်လည်း ကမ်းကျန်တဲ့ လှေသားတွေလည်း အများကြီးရှိပါတယ်။ ကမ်းကျန်တဲ့သက်တမ်းတော့ ဘယ်လောက်ရှိပြီ လဲတော့ မသိဘူး။ သူတို့က ဒီမှာ ဆိုင်ကယ်ကယ်ရီတွေတောင်မှ ဆွဲစားနေတဲ့ အနေအထားတွေ ဘာတွေ ကျနော်တွေ့တယ်ဗျ။ မြန်မာနို်င်ငံသားတွေပဲ။ နောက်ပြီးတော့ ကျနော်တို့ ဘင်ဂျီနာနဲ့ အနီးတ၀ိုက်မှာရှိတဲ့ ရွာလေးတွေမှာလည်း ဗမာပြည်သားတွေ အများကြီးပဲ။ မသိသေးတဲ့ မြန်မာနိုင်ငံသားတွေ အများကြီးပဲ ရှိနေသေးတယ်။ တောထဲမှာ ငါးဖမ်းတဲ့လူလဲ ရှိသလို ပုဇွန်ဖမ်းတဲ့လူတွေ၊ သစ်ထမ်းတဲ့လူတွေ အများကြီးရှိတယ်။ လွန်ခဲ့တဲ့ ၂ ရက်လောက်ကမှ ဒိုးဘိုမှာ ရှိတဲ့ မြန်မာလှေသားတွေ ကမ်းကျန်ပြီးတော့ ဒိုးဘိုမှာ သူတို့ သစ်သွားထမ်းပြီးတော့ နေထိုင်ကြတဲ့ အယောက် အစိတ် ထပ်ပြီး ရောက်လာတယ် သူတို့က ကျနော်တို့ထက်စာရင် အင်ဒိုစကား တော်တော်လေးကို မွှတ်တယ်ဗျ။” အဲတော့ ခု တူရယ်ကျွန်းမှာရော လုံခြုံမှု ရှိလား၊ ရှေ့ဆက် ဘာလုပ်သွားမယ်စိတ်ကူးထားလဲ။ “ဒီနေရာမှာတော့ အခုတော့ လုံခြုံမှုအပြည့်အ၀ရှိနေတာပါပဲ။ ဒီကနေသွားရ လာရတော့မယ် ဗမာပြည်ပြန်ရတော့မယ်ဆိုရင်တော့ ကျနော်ကတော့ ကျနော့်အမေရှိသေးတယ်ဆိုရင်ပေါ့ အမေဆီမှာပဲပြန်ပြီးတော့ ဘာအလုပ်ပဲဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ်လုပ်ပြီးတော့ပဲ ခေါင်းချတဲ့အထိ အမေရှိတဲ့အရပ်မှာပဲ နေပြီးတော့မှ နောက်ပိုင်းကျမှ အမေမရှိတော့မှ ကျနော် သွားချင်လာချင်တဲ့အရပ်ကို ကိုယ့်ဖာသာကို ပြန်ပြီး ထွက်ခွာဖို့ စိတ်ကူးတော့ရှိတယ်။ လောလောဆယ်တော့ ကျနော့်အမေမရှိတော့ ဘူး ဆုံးသွားပြီဆိုရင်တော့ ကျနော်ကတော့ မပြန်တော့ဘူးပေါ့နော်။   ထိုင်းနိုင်ငံထဲ ပြန်ဝင်ချင်လည်းဝင်မယ် ပတ်စ်ပို့တွေဘာတွေလုပ်ပြီး နေထိုင်ချင်လည်းနေထိုင်မယ်။” အခုလှေသမားတွေကို တူရယ်မှာထားပြီး ဘာတွေဆက်လုပ်ဖို့ အစီအစဉ်တွေ ရှိတယ်ကြားလဲ။ သံရုံးကလူတွေဘာတွေလည်း လာတယ်ဆိုတော့ မြန်မာပြည်ကို အိမ်ပြန်ချင်ပြီလား ဘယ်လို ရှေ့ဆက် လုပ်မယ်စိတ်ကူးထားလဲ။ “ကျနော်တို့အခု ဒီမှာပေါ့နော် အိုင်အိုအမ် နိုင်ငံတကာရွှေ့ပြောင်း နေထိုင်သူများအဖွဲ့ က အင်တာဗျူးသလိုမျိုး အခန်းမှာခေါ်ပြီးတော့ အလှည့်ကျ အင်တာဗျူးတဲ့ အလုပ်တွေတော့ လုပ်နေတယ်။ မြန်မာသံရုံးကလည်း ဖောင်ဖြည့်တာတို့ဘာတို့ အဲဒီကဏ္ဍတွေ လုပ်နေတယ်။ လှေသားတွေရဲ့ အချက်အလက်တွေ လိုက်ကောက်တယ်ပေါ့နော်။ သိချင်တဲ့ အချက်အလက်လေးတွေ သူတို့ယူတယ် ယူပြီးတော့ ဘန်ဂျီနာကနေ လူ ၁၇၀ လောက် ထပ်ပြီးရောက်လာရင် သံရုံးကပြောတာတော့ ဗမာပြည်က ရဲတွေ စစ်တပ်တွေ လာဦးမယ်လည်း ပြောတယ်။” 10483085_10153162088772305_9198308826753589215_n ကိုသက်ဆွေတင့်အိမ်နဲ့ မိသားစုတွေနဲ့ အဆက်အသွယ်ရပြီလား။ “အိမ်နဲ့လည်း အဆက်အသွယ်မရသေးဘူး။ အမေကလည်း ရှိရောရှိသေးရဲ့လား မသိဘူး။ ကျနော်အိမ်က ထွက်လာတာလည်း ကြာပြီဆိုတော့။ ဖုန်းနံပတ်တော့ရှိတယ်။ ဒါပေမယ့် အဲဒီ ဖုန်းနံပတ် ဒီကနေ လှမ်းဆက်တာ ဆက်မရဘူး။” “ဒီကိုရောက်တော့ အဆက်အသွယ်မရဘူးခင်ဗျ။ ဘန်ဂျီနာမှ အခုမှ ပြောလို့ရတာ။ အရင်တုန်းကဆို ဖုန်းက ဘယ်နေရာမှာမှပြောလို့မရဘူး ရုံးကသွားပြောရင်တောင်မှ ခေါ်လို့မရတာကများတယ်။ ကျနော်က ဘယ်လိုပဲဖြစ်ဖြစ် ပြန်ချင်နေတာကြာပြီဆိုတော့ ကျနော်ကတော့ ပြန်မှာပဲ ဘယ်လိုပဲဖြစ်ဖြစ် ပိုက်ဆံတွေဘာတွေမရလဲ သိပ်ပြသနာမရှိဘူး။” ဒီအဖြစ်အပျက် အတွေ့အကြုံတွေအပေါ်မှာ နောင်တရမိတာရှိလား။ နိုင်ငံခြားထွက်လာပြီး  အလုပ်လုပ်ကြမယ့် မြန်မာလူငယ်တွေကို  ဘယ်လို အကြံပြုချင်လည်း ဘာများပြောချင်ပါသလဲ။ 20599_10153162088542305_6602894937952365826_n“ကျနော်ကတော့ အင်ဒိုနီးရှားမပြောနဲ့ လှေဆိုရင် ဘယ်လှေမှ ကျနော်မစီးချင်တော့ ပါဘူး။ ကျနော်ပြန်သွားတဲ့အခါကျရင်လည်း နီးစပ်ရာကို ငယ်တဲ့လူပဲဖြစ်ဖြစ် ရွယ်တူတွေကိုပဲဖြစ်ဖြစ် ထိုင်းနိုင်ငံကိုသွားတဲ့အခါကျရင် အရမ်းစိတ်ပါလို့ သွားချင်တယ်ဆိုရင်တောင်မှ ကုန်းအလုပ်မျိုး သွားချင်သွားလို့ တိုက်တွန်းရင်တိုက်တွန်းမယ် ရေအလုပ်၊ ငါးဖမ်းရမယ့်အလုပ်၊ လှေစီးရမယ့် အလုပ်ဆိုရင်တော့ မသွားဖို့တော့ ကျနော်ပြောမယ်။ နားမလည်ဘူးဆိုရင်တော့ အတင်းအကျပ်ကြီးတော့ မပြောပါဘူး သူ့စိတ်နဲ့သူ့ကိုယ် ကြုံတွေ့ခဲ့တဲ့ အပိုင်းကဏ္ဍတွေကို ကျနော်ကတော့ ပြောပြမှာပေါ့ ဒီလိုပဲ အရမ်းဝေးသွားတဲ့နေရာ ပေါ့နော် ကားမရှိဆက်သွယ်ရေး မကောင်းတဲ့နေရာတွေ ရောက်သွားတဲ့အခါကျရင် ဘယ်လို အပြန်ခက်ပြီး ဒုက္ခတွေရောက်တယ်ဆိုတဲ့ ကဏ္ဍတွေကိုတော့ ပြောပြဖို့တော့ရှိပါတယ်။ ကျနော်တို့လို ဒုက္ခမရောက်အောင်ပေါ့နော်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up