ပြန်ပေးဆွဲခံကျောင်းသူများကို ကယ်တင်ပေးရေး စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်

နိုင်ဂျီးရီးယားနိုင်ငံမှာ ဘိုကိုဟာရမ်တွေ ပြန်ပေးဆွဲသွားတဲ့ ကျောင်းသူတွေကို ကယ်တင်ပေးဖို့ တောင်းဆိုတဲ့ စည်းရုံးလှုပ်ရှားမှုတွေ ဆက်လုပ်နေပါတယ်။ ဘော်နိုပြည်နယ်  ချီဘွခ်ရွာက ကျောင်းသူ ၂၁၉ ယောက်ကို ဘိုကိုဟာရမ်အဖွဲ့က ဖမ်းဆီးသွားတာ အခုဆိုရင် ၁ နှစ်နီးပါး ရှိလာပါပြီ။ ငါဒို့ သမီးတွေကို ပြန်ပို့ပေးပါ လှုပ်ရှားမှုအဖြစ် မြို့တော် အဘူဂျာမှာ ညနေ ၄ နာရီတိုင်းမှာ အခုလိုပဲ စုရုံးပြီး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ ကျောင်းသူတွေကို ပြန်ကယ်ဖို့ ကိစ္စကို အစိုးရက မသိကျိုးကျွံ လုပ်နေတာကြောင့် အခုလို ဆက်လက် တောင်းဆိုနေရတာဖြစ်တယ်လို့ ငဒို့ သမီးတွေကို ပြန်ပို့ပေးပါ လှုပ်ရှားမှုအဖွဲ့က ရှီဟူက ပြောပါတယ်။ Nigeria Kidnapped Girlsကျောင်းသူတွေကို ပြန်ကယ်ဖို့အရေးမှာ အစိုးရက လုပ်ကိုင်ပုံတွေကို မကျေနပ်တဲ့အတွက် ဒီအဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အခုလို လူစုလူဝေးနဲ့ တောင်းဆိုတာအပြင် ကျောင်းသူတွေ မလွတ်မြောက်သေးတာကို ပြည်သူတွေ အာရုံစိုက်လာအောင် တခြား လှုပ်ရှားမှုမျိုးစုံကိုလည်း ပြုလုပ်ပါတယ်။ တရားဝင် ၀က်ဆိုက်တခုကို ဖွင့်ထားပြီး ကျောင်းသူတွေ လွတ်မြောက်တောင်းဆိုတဲ့ သတင်းနဲ့ ဆောင်းပါးတွေကို ဖြန့်ဝေပေးလို့ လူတွေ အာရုံစိုက်မှုလည်း ရရှိနေပါတယ်။ အခုလို စုရုံးနေတာဟာလည်း ကျောင်းသူတွေကို မမေ့ဖို့နဲ့ ကျောင်းသူတွေ လွှတ်မြောက်ရေးအတွက် ပြည်သူတွေက အစိုးရကို ဖိအားပေးလာအောင် လှုံ့ဆော်နေတာ ဖြစ်တယ်လို့ ရှီဟူက ပြောပါတယ်။ ကျောင်းသူတွေ ပြန်ပေးဆွဲခံရတဲ့အချိန်က အမေရိကန်အစိုးရကလည်း ရှာဖွေရေးမှာ အထောက်အကူပေးဖို့ ကျွမ်းကျင်သူတွေကို လွှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဘာမှ မထူးခဲ့ပါဘူး။ နိုင်ဂျီးရီးယားအစိုးရက နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့ရဲ့ ထိုးစစ်ကြောင့် ဘိုကိုဟာရမ်အဖွဲ့ အထိနာပြီး မြို့တွေကို ပြန်သိမ်းနိုင်တယ်လို့ မကြာခင်က ပြောခဲ့ပါတယ်။ ဒါပေမယ့် မတ် ၂၅ ရက်နေ့ နိုင်ဂျီးရီးယားသမ္မတရွေးပွဲနေ့မှာပဲ ဘိုကိုဟာရမ်အဖွဲ့က အမျိုးသမီးနဲ့ ကလေး ၅၀၀ ကို ပြန်ပေးဆွဲခဲ့လို့ ကျောင်းသူတွေကို ကယ်တင်ရေးကိစ္စတောင် လွှမ်းမိုးသွားခဲ့ပြန်ပါတယ်။။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up