DVB Logo
Home
မြန်မာသတင်း
ကရင်လက်နက်ကိုင် ၅ ဦးကို မြောင်းမြရဲ ဖမ်းဆီးစစ်ဆေး
DVB
·
April 1, 2015
ကရင်လက်နက်ကိုင်  ၅  ဦးကို မြောင်းမြရဲ ဖမ်းဆီးစစ်ဆေး
1 / 4
Donate to DVB

ဗိုလ်ချုပ်ကြီး စောဌေးမောင် ခေါင်းဆောင်တဲ့ ကေအန်ယူ၊ ကေအန်အယ်လ်အေ (ငြိမ်းချမ်းရေးကောင်စီ) အဖွဲ့က ဒု-ဗိုလ်အဆင့်ရှိသူ ၁ ဦး အပါအ၀င် ၅ ဦးကို ဧရာဝတီတိုင်း မြောင်းမြရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပါတယ်။

သေနတ်နဲ့ ခြိမ်းခြောက်ငွေတောင်းယူသွားတယ်ဆိုတဲ့ တိုင်ကြားချက်အရ ရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးအရေးယူခဲ့တာလို့ မြောင်းမြခရိုင် အိမ်မဲမြို့နယ် လူခေါင်းကျွန်း ရဲစခန်းက ရဲအုပ် ဌေးဝင်းက ပြောပါတယ်။

“မတ်လ ၃၀ ရက်နေ့ ည ၁၁ နာရီ အချိန်လောက်က ကြာတန်းကျေးရွာအုပ်စု ယိုးဒယားကုန်းကျေးရွာမှာ ရှိတဲ့ နေအိမ်တစ်အိမ်ကိုလာပြီးတော့  ပြောက်ကျားဝတ်စုံ ၀တ်ဆင်ထားတဲ့ လူတွေကနေ သေနတ်နဲ့ချိန်တယ်၊ ကြိုးတွေနဲ့တုပ်တယ်၊ သူ့ဆီမှာပါတဲ့ လေလံပွဲအတွက် အသုံးပြုဖို့ ပေးထားတဲ့ ငွေကျပ်သိန်း ၆၀ ကိုလည်း ယူသွားတယ်ဆိုပြီး ပြောတာပေါ့။  သူ့စက်လှေကို မောင်းတဲ့ စက်လှေသမားကိုပါ ကြိုးတုပ်ပြီး ထွက်သွားတဲ့ အတွက်ကြောင့် အဲဒါနဲ့ပတ်သက်ပြီး အရေးယူပေးဖို့  စခန်းကို တိုင်လာတယ်” လို့ ပြောပါတယ်။

မြောင်းမြရဲစခန်းမှာ စစ်ဆေးရာမှာ ဖမ်းဆီးရမိသူတွေဟာ ရန်ကုန်တိုင်း ပန်းလှိုင်  အခြေစိုက် ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီ  ဆက်ဆံရေးရုံး အဖွဲ့ဝင်တွေဖြစ်ကြောင်း ထွက်ဆိုကြတယ်လို့ သူက ရှင်းပြပြီး ထွက်ဆိုချက်နဲ့ ပတ်သက်လို့ ရဲအရာရှိက အသေးစိတ်ဖြေကြားခြင်းမရှိပါဘူး။

ဒီဗွီဘီက သီးခြားမေးမြန်းချက်တွေအရ ဒီဖြစ်စဉ်ဟာ  ငွေရေးကြေးရေးဆိုင်ရာ ကိစ္စတွေနဲ့ ရှုပ်ထွေးသလို စကားအပြောအဆိုကြမ်းတမ်းမှုတွေဟာလည်း အကြောင်းတချက်အနေနဲ့ ပါဝင်နေတာ တွေ့ရပါတယ်။

ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာက စောမင်းဝေကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းခဲ့ရာမှာ  ဓားပြတိုက်တာ လုံးဝမဟုတ်ကြောင်း၊ ဒီဖမ်းဆီးမှုဟာ အဖြစ်မှန်နဲ့ လွဲနေတယ်လို့ ပြောပါတယ်။

“ဖြစ်စဉ်က ကိုယ့်ပိုက်ဆံကိုယ်သွားယူတာ။ ယူတဲ့အချိန်မှာ ဟိုဘက်က ကျနော်တို့ အဖွဲ့အစည်းကိုလည်း စော်ကားမော်ကားစကားလုံးသုံးတယ်။ ပြီးတော့ သူတို့က လူမိုက်ဆန်တဲ့ စကားလုံးရပ်တွေလည်း သုံးတယ်။ ကျနော်တို့ ပိုက်ဆံ ၁၀ သိန်းကို ၆ သိန်းပဲပေးနိုင်တယ်ဆိုပြီး ကျနော်တို့ ပြန်လည်း ယူလာရော သူ့တို့ဆီကနေ သိန်း ၆၀ ဓားပြတိုက်ပါတယ်ဆိုပြီး ဟိုတိုင်ဒီတိုင်လုပ်တာပေါ့။”

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဓားပြမှုနဲ့ စွပ်စွဲချက်ဟာ အဖွဲ့အစည်းကို ထိခိုက်နစ်နာစေတဲ့အတွက် တန်ပြန်တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ရဲက  ဖမ်းဆီးထားသူတွေကို    ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၉၅ ဓားပြမှုနဲ့ အမှုဖွင့်ထားပြီး  အတူပါလာတဲ့ ပစ္စတိုသေနတ်ပုံစံကော်သေနတ် ၁ လက်၊ လေးခွ ၂ လက်၊ ကုံးသီး၊ ဓားတို ၁ ချောင်း၊ အရှည် ၁ ချောင်းနဲ့  ကား ၁ စီးကိုလည်း  ရှာဖွေပုံစံနဲ့ သိမ်းဆည်းထားပါတယ်။

ဖမ်းထားသူတွေကို ဆက်လက်စစ်ဆေးနိုင်ဖို့ ဧပြီလ ၁ ရက်နေ့က မြောင်းမြမြို့နယ်တရားရုံးမှာ ရမန်ရယူကာ မြောင်းမြအကျဉ်းထောင်မှာ  ပြောင်းရွှေ့ထိန်းသိမ်းထားပါတယ်။

ရုပ်သံကြည့်ရှုရန်

 

ဓာတ်ပုံများ

[gallery ids="88046,88047,88048,88049"]

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013