၂ နှစ်သား ပုဂ္ဂလိသတင်းစာများ အခြေအနေ

ဦးသိန်းစိန်အစိုးရ လက်ထက်မှာ နေ့စဉ်ထုတ်ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေဖြန့်ချိခွင့်ပြုခဲ့တာ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်မှာ ၂ နှစ်ရှိခဲ့ပါပြီ။ အစိုးရက ထုတ်ဝေခွင့်ပြုထားတဲ့ ပုဂ္ဂလိကသတင်းစာပေါင်း ၃၁ စောင်ရှိပြီး လက်ရှိ ထုတ်ဝေဖြန့်ချိနေတဲ့ သတင်းစာက ၁၂ စောင်ရှိပါတယ်။ ၂ နှစ်သား ပုဂ္ဂလိကသတင်းစာတွေရဲ့ အခြေအနေတွေကို စုစည်းတင်ဆက်ထားပါတယ်။ ကျော်မင်းဆွေ (သဗွိုင့်စ်နေ့စဉ်ထုတ်သတင်းစာအယ်ဒီတာချုပ်) “အဓိက စိန်ခေါ်မှုကတော့ ငွေကြေးလို့ ပြောရမှာပေါ့နော်။ ဒီနေ့ထုတ်နေကြတဲ့ ပုဂ္ဂလိက သတင်းစာတွေအားလုံးက အရှုံးနဲ့ ထုတ်နေကြတာချည်းပဲ။ အရှုံးနဲ့ ထုတ်နေကြတဲ့သူတွေကြား ဘာကွာသွားလဲဆိုတော့ တခြား စီးပွားရေးလုပ်ငန်း တွဲထားတဲ့သူနဲ့ တခြား စီးပွားရေးလုပ်ငန်း မရှိဘဲနဲ့ ပုဂ္ဂလိကသတင်းစာကိုပဲ လုပ်နေတဲ့သူ ကွာတာပေါ့ဗျာ။ သတင်းစာလုပ်ငန်းပဲ လုပ်နေတဲ့သူက ရူးရူးမိုက်မိုက် လုပ်နေရသလို ဖြစ်နေတာပေါ့ဗျာ။ အရှုံးနဲ့ ထုတ်နေတာ ဒါ ရူးမိုက်တဲ့သဘော သက်ရောက်တာပေါ့နော်။ တောင့်မခံထားနိုင်တော့ဘူးဗျ။ တောင့်ခံထားနိုင်မယ့် နည်းလမ်းက ရှိတော့ ရှိတယ်၊ မရွေးချင်တဲ့ နည်းလမ်း ဖြစ်နေတာပေါ့နော်။ ဥပမာအားဖြင့် ပါတနာ ရှာတယ်ဆိုတာမျိုးပေါ့။ ပါတနာရှာတဲ့ စီးပွားရေးလုပ်ငန်းရှင်ကလည်း ရှုံးနေတဲ့ လုပ်ငန်းကို ဘယ်သူက ပါတနာ လုပ်ချင်မှာလဲ။ နောက်တခုကတော့ ရေရှည်ကို မျှော်မှန်းပြီးတော့ မီဒီယာသြဇာ ရယူချင်တဲ့သူပေါ့နော်၊ သူ့အတွက်တော့ ၁ နှစ်ကို သိန်း ၅၀၀၀ လောက် ရင်းရတာမျိုးက မီဒီယာသြဇာတက်လာလို့ရှိရင် တစိတ်တပိုင်း တခြားနည်းလမ်းနဲ့ရှာနိုင်တဲ့သူအတွက်က မပြောပလောက်ဘူး။ သို့သော် အဲ့ဒီလို ပါတနာအဖြစ် လုပ်နိုင်တဲ့သူမျိုးက လက်ချိုးရေလို့ ရတာပေါ့။ လက်ချိုးရေလို့ရတဲ့ သူကလည်း အားလုံးသိတဲ့အတိုင်းပဲ ခရိုနီစာရင်းဝင်တွေ များတာကို။ မီဒီယာက တချိန်လုံး ရပ်တည်လာတဲ့ ဂုဏ်သိက္ခာ ရပ်တည်မှုတွေအရ ဒီလိုမျိုး ပါတနာခေါ်ဖို့ဆိုတာက အခက်အခဲ ရှိတယ်။ အပတ်စဉ်ထုတ်ကရတဲ့ ၀င်ငွေနဲ့ သွားနေရတာကိုး၊ အပတ်စဉ်ထုတ်ကလည်း လျော့လာ၊ ဒေးလီးကလည်း ရှုံးဆိုတော့ ဘယ်လိုမှ တောင့်ခံလို့ မရတော့ဘူး။. ကျနော်တို့ကြားတဲ့သတင်းအရ ဟုတ်တာ မဟုတ်တာ အပထားပေါ့နော်၊ သမ္မတရုံးရဲ့ ညွှန်ကြားချက်နဲ့ထုတ်နေတဲ့ ပုဂ္ဂလိကသတင်းစာရှိတယ်။ အဲ့ဒါကလည်း တခြား ကိုယ့်ဝင်ငွေနဲ့ကိုယ် ချွေးနှဲစာနဲ့ ကိုယ်ရပ်တည်နေတဲ့ ပုဂ္ဂလိကသတင်းစာတွေ တဖြည်းဖြည်း မှေးမှိန်သွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ပဲ ယူဆတယ်။” ကျော်ရင်မြင့် (စာရေးဆရာ) “ပုဂ္ဂလိကသတင်းစာတွေကို တော်တော် အားပေးလာတာ ယူလာတာ တွေ့ရတယ်။ ယုံယုံကြည်ကြည်နဲ့ ကြော်ငြာတွေ တော်တော်များများ ထဲ့လာတာလည်း တွေ့နေရတယ်။ နောက်တခုက အစိုးရသတင်းစာယူနေကျ လူတွေက အစိုးရသတင်းစာကိုဖြတ်ပြီးတော့ ပုဂ္ဂလိက သတင်းစာတွေ ပြောင်းယူလာကြတာလည်း မြင်ရတယ်။ အားပေးလက်ခံနှစ်သက်လာတယ်လို့ ပြောလို့ရတယ်ဗျ။ သတင်းစာထုတ်လာကြတာမှာ နောက်က အရိပ်မကင်းတဲ့ သတင်းစာတွေလည်း ရှိလာတာပေါ့။ ရှိတဲ့အခါကျတော့ လူတွေရဲ့အမြင်မှာ နေက်က အရိပ်တွေပါလာတယ်လို့ မြင်နေကြတာ။ ဒါပေမယ့် အများစုကတော့ အစိုးရသတင်းစာတွေနဲ့ယှဉ်ကြည့်ရင် ပုဂ္ဂလိက သတင်းစာတွေက ဘက်လိုက်မှု နည်းတယ်ဆိုတော့ ကောင်းပါတယ်ဗျ။” ဦးလှဆွေ(အမျိုးသားလွှတ်တော်အမတ်) “ပုဂ္ဂလိကသတင်းစာတွေကို ကျေနပ်အားရမှု ရှိပါတယ်။ ဒါပေမယ့် ဖြန့်ချိရေးပိုင်းမှာကျ အစိုးရကို ဘယ်မီလိမ့်မလဲ။ အစိုးရက နှစ်တွေအများကြီး စောပြီးတော့ ဥပမာ ကိုယ်ပွားသတင်းစာတိုက်တွေဘာတွေ လုပ်ထားပြီးပြီ။ သတင်းဆိုတာက တရက်လောက် နောက်ကျရင် သိုးသွားပြီ၊ ပုတ်သွားပြီ။ ဘယ်သူမှ မကြည့်ချင်တော့ဘူးလေ။ အဲ့ဒီတော့ ချက်ချင်း ရောက်ဖို့လိုတယ်။ အဲ့ဒီလိုမျိုး ပို့ဆောင်နိုင်တဲ့ အနေအထားက သတင်းစာထက်စာရင် လူတွေက ဖေ့စ်ဘွတ်ခ်တွေ တီဗွီတွေပဲ ကြည့်လိုက်ကြတာဆိုတော့ သူတို့ သတင်းစာက ခုချိန်မှာ ပွင့်လင်းလွတ်လပ်တဲ့ခေတ်မှာ သတင်းစာလို့ ထုတ်ခွင့်ရလာတဲ့အချိန်မှာ သူတို့က ဟိုးပဝေသဏီ ကမ္ဘာဦးခေတ်က ဂေါ်ဇီလာ ဖြစ်သွားပြီ။ အရည်အသွေးပိုင်းမှာကျတော့ သူတို့ဟာ အတိုက်အခံကိုပဲ ထောက်ခံပြီးတော့ အာဏာရ အစိုးရကို လုံးဝ ကန့်ကွက်တယ်။ ဘာလုပ်လုပ် အနုတ်လကဏာမြင်တယ်။ အဲ့လိုဖြစ်တော့ ကြာတော့ လူထုကလည်း နည်းနည်းတော့ ဘက်လိုက်တယ်လို့ မြင်လာတယ်လို့ ကျနော်မြင်တယ်။” ဦးတင်ညွန့်(သတင်းစာဖတ် ပရိသတ်) "ကျနော်သတင်းစာ အလွန်ကြိုက်တယ်။ ကျနော်ဟာ သတင်းလွတ်လပ်တဲ့ခေတ်၊ မလွတ်လပ်တဲ့ခေတ်၊ ပြန်ပြီးလွတ်လပ်တဲ့ခေတ် ခေတ်သုံး ခေတ်ကို ကြုံတွေ့ဖူးတယ်လို့ပြောရမယ်။ ဒီလိုနဲ့ ၂၀၁၁ လောက်ကစပြီး သတင်းလွတ်လပ်ခွင့်တွေရလာတယ်။ စိစစ်ရေးမရှိတော့တဲ့ခေတ်၊ ဒီမိုကရေစီ သတင်းလွတ်လပ်ခွင့်ရောက်လာပြီဆိုတော့ ၀မ်းသာရတယ်။ ဘယ်လိုသတင်းတွေ ဖတ်ရတော့မလဲဆိုပြီးတော့ လည်း မျှော်လင့်ခဲ့မိတယ်။ သတင်းစာတွေထွက်လာလိုက်တာ 7 Day, Eleven, Voice, စံတော်ချိန်, ဒီမိုကရေစီ, မဇ္ဈိမ, Messenger စသည်ဖြင့်ပေါ့လေ များလိုက်တာ။ သာမန် စာဖတ်သူတစ်ယောက်အနေနဲ့ တစောင် ၂၀၀ ကျပ်လောက် ပေးရတဲ့ သတင်းစာတွေကို တနေ့ ၅ စောင်လောက်ဝယ်မဖတ်နိုင်ဘူး။ ပြီးတော့ သတင်းစာတွေကို ကောက်ကိုင်လိုက်ရင်လည်း သတင်းတွေက မတိမ်းမယိမ်းတွေချည်းပဲ။ "ထူးတာဆိုလို့ တစောင်နဲ့ တစောင်မှာ ဆောင်းပါး၊ Opinion၊ အယ်ဒီတာ့အာဘော် စတာတွေပဲ ပြိုင်ကြရတာ။ ပုဂ္ဂလိကသတင်းစာတွေမှာ ဖတ်ရင်းနဲ့ သတိထားမိတာနှစ်မျိုးတွေ့လာတယ်။ အစိုးရကို ဆော်တဲ့သတင်းစာ။ အစိုးရကို မဆော်တဲ့သတင်းစာပေါ့။ အစိုးရကို ဆော်တဲ့ သတင်းစာတွေကတော့ နောက်ခံ အစိုးရ အထောက် အပံ့မရှိဘူးဆိုတာ ထင်ရှားတယ်။ အစိုးရကို လုံးဝမဆော်ပဲ အစိုးရထုတ် ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာ နီးပါးထုတ်နေတဲ့ သတင်းစာတွေလည်းရှိတယ်။ ဒီသတင်းစာတွေကလည်း အစိုးရဘက်ကအာဘော်တွေ၊ အစိုးရကောင်းကြောင်းရေးတဲ့သူတွေရဲ့ ပံ့ပိုးမှုတွေနဲ့ သိသာထင်ရှားစွာ လူထုထဲကို ထိုးဖောက်လာတာတွေ့ရ တယ်။ မြန်မာ့အလင်းနဲ့ ကြေးမုံကိုယ်ပွားတွေပဲဆိုတာ သိသာပေမယ့် လူထုက ရွေးချယ်တတ်ပါတယ်။ လူထုက သိတယ်။ လိမ်လို့မရပါဘူး။ ဦးယဉ်ထွေး (ပုဂ္ဂလိကသတင်းစာ ဖြန့်ချိသူ-မြိတ်မြို့) “ပုဂ္ဂလိကသတင်းစာတွေ မြိတ်ကို နေ့ချင်းရောက်တယ်။ လေယာဉ်နဲ့ဆိုတော့ အချိန်အတိအကျတော့ မရှိဘူး။ လေယာဉ်ချိန်ပေါ်မူတည်ပြီး စောရောက်တဲ့သတင်းစာက စောရောက်ပြီး တချို့လဲ မိုးချုပ်မှရောက်တယ်။ နေ့ချင်းတော့ ရောက်တယ်။ ဂျာနယ်ရော၊ ပုဂ္ဂလိကသတင်းစာရော နှစ်ခုစလုံးတော့ အားပေးကြပါတယ်။ သတင်းစာကျတော့ နေ့စဉ်သတင်းတွေ ဖတ်ရတဲ့အခါကျတော့ သတင်းစာဖတ်တဲ့သူက ပိုများတယ်။ အရင်ကထက်စာရင် ပွင့်လင်းလာလို့လား မသိဘူး။ သတင်းစာဘက်ကို ပိုလိုက်လာတာ ရှိတယ်၊ စောင်ရေ ထောင်နဲ့ချီမရောင်းရပါဘူး၊ ရာဂဏန်းလောက်ပဲ ရောင်းရတာပါ။ ရန်ကုန်၊ မန္တလေးတို့လို လက်ပွေ့ရောင်းတဲ့သူ မြိတ်မှာ မရှိဘူး၊ ကိုယ့်ဘာသာ ဆိုင်ဖွင့်ပြီး ရောင်းကြတာ။ မြိတ်မှာ ဒေးလီအလဲဗင်းဖတ်တာများတယ်၊ သူ့နောက်မှာ ဒီမိုတူဒေး လိုက်တာပေါ့နော်။ သူတို့နှစ်စောင်က သတင်းက မတိမ်းမယိမ်းပဲသွားတယ်။ ဒါပေမယ့် ဒေးလီးအလဲဗင်းကတော့ ရေးတာ နည်းနည်း ပွင့်လင်းတာပေါ့။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up