DVB Logo
Home
မြန်မာသတင်း
ရှမ်းမျိုးနွယ်စု ၅ စု ကိုယ်စားပြု ပါတီထူထောင်
DVB
·
April 1, 2015
ရှမ်းမျိုးနွယ်စု ၅ စု ကိုယ်စားပြု ပါတီထူထောင်
Donate to DVB

အထက်မြန်မာပြည် စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်အတွင်းရှိ ရှမ်းမျိုးနွယ်စု ၅ စု ကိုယ်စားပြု နိုင်ငံရေး ပါတီသစ်တစ်ခုကို သက်ဆိုင်ရာမျိုးနွယ်စုကိုယ်စားလှယ်တွေ ဦးဆောင်ထူထောင်လိုက်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပါတီဥက္ကဋ္ဌ ဦးစောဝင်းထွန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

နိုင်ငံပိုင်သတင်းစာထဲမှာ ရှမ်းနီ(တိုင်းလိုင်)နဲ့  မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီ ညွတ်ရေးပါတီ ထူထောင်ခွင့်ပြုလိုက်တဲ့ သတင်း ဖတ်လိုက်ရပါတယ်။ ဒီပါတီထူထောင်ဖို့ ဖြစ်လာရတဲ့ အကြောင်းကို ပြောပြပေးပါ။

“ပါတီထူထောင်ရခြင်းရဲ့ အဓိက အကြောင်းကတော့ ကျနော်တို့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ရှိတဲ့ ကျနော်တို့ ရှမ်းတွေပေါ့နော် တိုင်းလိုင် (ရှမ်းနီ) ၊ တိုင်းလုံ (ရှမ်းကြီး)၊ တိုင်းလေ (အထက်ရှမ်း)၊ တိုင်းဆာ (မိုင်းဆာ ရှမ်း) နဲ့ ခန္တီးရှမ်းစတဲ့ ရှမ်းမျိုးနွယ်စု ၅ ခုကို အခြေပြုပြီးတော့မှ ပါတီထူထောင်ရခြင်းဖြစ်ပါတယ်။ ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းမှာရှိတဲ့ ကျနော်တို့ ရှမ်းမျိုးနွယ်စု ၅ ခုလုံးရဲ့ တိုင်းရင်းသားအခွင့်အရေး တန်းတူညီမျှရေး၊ ဖြစ်ပေါ်လာမယ့် ဖက်ဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံမှာ ကျနော်တို့တိုင်းရင်းသားလူမျိုးစုတွေ အနေနဲ့လည်း တိုင်းရင်းသားအခွင့်အရေးတန်းတူရရှိရေး၊ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အရေး ကိစ္စများကို ဆောင်ရွက်နိုင်ဖို့ရယ်၊ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ တည်ဆောက်ရေးမှာ ကျနော်တို့တတွေလည်း ပါဝင်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီးတော့ ဒီပါတီကို ထူထောင်လိုက်တာ ဖြစ်ပါတယ်။”

ပါတီစတင်ထူထောင်တဲ့ထဲမှာ ဘယ်သူတွေပါသလဲ။

“ကချင်ပြည်နယ်မှာရှိတဲ့ကျနော်တို့မျိုးနွယ်စုတွေရယ် ၊ စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ရိုး တလျှောက် ဖောင်းပြင်၊ မော်လိုက်၊ တမူး၊ ကလေး အစရှိသဖြင့် အဲဒီက မျိုးနွယ်စုက ကိုယ်စားလှယ်  ၁၃ ဦးနဲ့ စတင်တည်ထောင်ခဲ့ပါတယ်။ အဲဒီထဲမှာ အဖွဲ့ခေါင်းဆောင်အနေနဲ့ မြစ်ကြီးနားဇာတိ ကျနော် စောဝင်းထွန်း၊ ဟုမ္မလင်းက ဦးအောင်ခင်၊ ၀ိုင်းမော်မြို့နယ်က ဦးစိုင်းညွန့်မောင်၊ မြစ်ကြီးနားက ဦးစိုင်းဝင်းတင်၊ ခန္တီးဇာတိဖြစ်တဲ့ ဦးစိုင်းအုန်းအုန်း အစရှိတဲ့ ပုဂ္ဂိုလ်တွေ ပါပါတယ်ခင်ဗျ ။ ပါတီထူထောင်ခွင့်ကို  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က  မတ်လ ၉ ရက်နေ့စွဲနဲ့ ခွင့်ပြုခဲ့ပါတယ်။ မတ်လ ၂၅ ရက်နေ့က ပါတီမှတ်ပုံတင်ခွင့်ထပ် လျှောက်ထားပါတယ်ခင်ဗျ ။ သင်္ကြန်မတိုင်ခင် ကျလာမယ်လို့ မျှော်လင့်ပါတယ်”

ဒီမတိုင်ခင်က အဲဒီဘက်မှာ ရှမ်းနီပါတီလည်း ရှိတယ်နော် ၊ ဘယ်လိုဆက်စပ်မှုရှိပါသလဲ ။

“ဟုတ်ပါတယ်ဗျ။ ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ဖြစ်ပါတယ်။ ကျနော်တို့ပါတီထဲမှာ နဂိုက အဲဒီပါတီ ထဲမှာ အလုပ်အမှုဆာင်လုပ်ခဲ့တဲ့ သူတွေလည်း ပါပါတယ်။ ကျနော်အပါအ၀င်ပေါ့၊ ကျနော်က တွဲဘက် အထွေထွေအတွင်းရေးမှူး လုပ်ခဲ့တယ်။ လုပ်ရင်းကိုင်ရင်းနဲ့ ကျနော်တို့အဖွဲ့တွင်းမှာ မူဝါဒရေးရာပိုင်းနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲနေတာ ရှိခဲ့တယ်။ အဓိကက ကချင်ပြည်နယ်မှာ တိုင်းလျဲန် - ရှမ်းနီလူမျိုးအပြင် တခြား တိုင်းခမ်းတီ၊ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းလေ စတဲ့ ရှမ်းမျိုးနွယ်စုတွေလည်းရှိသေးတယ်။ တိုင်းရင်းသားအရေး ဆောင်ရွက်ရာမှာ ကျနော်တို့အနေနဲ့ကတော့ ရှမ်းနီတခုတည်း ဦးတည်တာမဟုတ်ဘဲ အားလုံးကိုပါ ကိုယ်စားပြုဖို့လိုတယ်။ အကုန်လုံး ပူးပေါင်းဆောင်ရွက်စေလိုတယ်။ သွေးစည်းညီညွတ်ဖို့ လိုတယ်။ အစွန်းရောက်သွားတဲ့ဝါဒမျိုးကို ကျနော်တို့လက်မခံဘူး။ အဲဒီအချက်တွေပေါ် အခြေခံပြီးတော့မှ ဒီပါတီဖြစ် လာရတယ်လို့ဘဲ ကျနော်ဖြေကြားပါရစေ။

ပါတီအလံ နဲ့ အမှတ်တံဆိပ်တွေက ဘယ်လိုရှိပါသလဲ။

“ပါတီအလံအနေနဲ့ကတော့ အ၀ါရောင်၊ အနီရောင်နဲ့ အစိမ်းရောင်  ကန့်လန့်စင်း ၃ ခုကို အောက်ခံထား ပါတယ်။ အဲဒီ အနီရောင်ပေါ်မှာတော့ ကြယ်ပွင့် အဖြူရောင် ၅ ပွင့် တန်းထားပါတယ်။ ကြယ်ပွင့် တပွင့်စီဟာ ရှမ်းမျိုးနွယ်စု တစ်စုကို ကိုယ်စားပြု ပါတယ် ။ ပါတီရဲ့ အမှတ်တံဆိပ်ကလည်း ထိုနည်းလည်းကောင်းပါဘဲ”

လက်ရှိ ပါတီဝင်ဦးရေ  ဘယ်လောက်ရှိပါပြီလဲ။

“လောလောဆယ် နီးစပ်ရာတွေဘဲ ရှိပါသေးတယ်။ ပါတီအသိအမှတ်ပြု မှတ်ပုံတင်လည်းမကျသေးတော့ ကျနော်တို့ စည်းရုံးရေးဆင်းလို့ မရသေးပါဘူး ၊ နိုင်ငံတော်က အသိအမှတ်ပြုတဲ့အခါ ကျနော်တို့ပြောပါမယ်။”

နောက်ထပ် ဘာများဖြည့်စွက်စရာ ရှိပါသေးသလဲ။

“ကျနော်တို့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက်ရယ်၊ နိုင်ငံတော်မှာ ဖြစ်ပေါ်လာမယ့် နိုင်ငံရေး အခင်း အကျဉ်းတွေအတွက်ရယ် အဲဒါတွေမှာ ပါဝင်နိုင်ဖို့ ကျနော်တို့ အဆင်သင့် ပြင်ထားတယ်ဆိုတဲ့ အကြောင်း ပြောပြချင်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013