တွဲဖက်လေယာဉ်မှူးဟာ စိတ်ပိုင်းဆိုင်ရာဆေးကုသမှု လုပ်ခဲ့ရတယ်လို့ စုံစမ်းရေးအရာရှိ ပြော

ပြီးခဲ့တဲ့တပတ်က ပြင်သစ်နိုင်ငံမှာ  ပျက်ကျသွားခဲ့တဲ့ လေယာဉ်ရဲ့ တွဲဖက်လေယာဉ်မှူးဟာ လေယာဉ်မှူး မဖြစ်လာခင်က မိမိကိုယ်ကို သေကြောင်းကြံဖို့ ကြိုးစားမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ဆေးကုသမှုတွေ အချိန်အတန်ကြာ လုပ်ခဲ့ရတယ်လို့ စုံစမ်းရေးအရာရှိတွေက မတ် ၃၀ ရက်နေ့က ထုတ်ဖော်ပြောဆိုပါတယ်။ တွဲဖက်လေယာဉ်မှူး အန်ဒရက်လူးဘစ်(Andreas Lubitz)ဟာ ပြင်သစ်နိုင်ငံ အယ်ပ်တောင်တန်းပေါ်မှာ လေယာဉ်ကို တမင်ထိုးဆင်းပြီး ပျက်ကျအောင် လုပ်ခဲ့တယ်လို့ စုံစမ်းရေး အရာရှိတွေက သံသယဖြစ်နေကြတာပါ။ လေယာဉ်မှူးဖြစ်ခဲ့ပြီးနောက်ပိုင်းမှာတော့ နောက်ထပ်သေကြောင်းကြံဖို့ ကြိုးစားမှုမျိုးတွေ မတွေ့ရတော့ဘူးလို့ ဒူဆယ်ဒေါ့မြို့ အစိုးရရှေ့နေ ခရစ်စတော့ကပ်ဘာ (Christoph Kumpa)က ဆရာဝန်တွေကို ကိုးကားပြီး သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ တွဲဖက်လေယာဉ်မှူး သေကြောင်းကြံဖို့ ကြိုးစားမှုဟာ အချိန်တော်တော်ကြာခဲ့ပြီ ဖြစ်ပြီး အချိန်အတိအကျကိုလည်း အစိုးရရှေ့နေက ပြောဆိုခဲ့ခြင်း မရှိပါဘူး။ တွဲဖက်လေယာဉ်မှူးဟာ ၂၀၀၈ ခုနှစ်က လုတ်သန်ဆာ(Lufthansa) လေကြောင်းလိုင်းမှာ လေယာဉ်မှူးသင်တန်း စတင်တက်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ လေယာဉ်မှူးတဦး ဖြစ်လာခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်က စိတ်ဓာတ်အလွန်အမင်းကျတဲ့ ဝေဒနာခံစားခဲ့ရပြီး ၁ နှစ်ခွဲလောက် ဆေးကုသမှုခံယူခဲ့ရတယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။

More News
Up