မုသားမြောက်တဲ့ သမ္မတစကားကို ဘယ်သူ တာဝန်ယူမလဲ

သမ္မတ ဦးသိန်းစိန်နဲ့ ဘီဘီစီ ပြီးခဲ့တဲ့ ရက်ပိုင်းက အင်တာဗျူးမှာ ပုဒ်မ ၅၉ (စ) နဲ့ ပတ်သက်လို့ သမ္မတရဲ့ ပြောဆိုချက်ဟာ မှန်ကန်မှု မရှိပါဘူး။ သမ္မတအနေနဲ့ အမှတ်မှားလို့ ပြောခဲ့သလား၊ ဒါမှမဟုတ် မရိုးမသား ပြောခဲ့သလား ဆိုတာ သမ္မတက လွဲလို့ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီနေရာမှာ မေးစရာ မေးခွန်းက မြန်မာပြည်မှာ သမ္မတ ဖြစ်ရင် ဒီလိုပဲ ပြောချင်ရာ ပြောခွင့်ရှိသလား၊ ကိုယ်ပြောတဲ့ စကားအတွက် ဘာမှ တာဝန် မရှိဘူးလားဆိုတဲ့ ကိစ္စပါ။ ပထမဆုံး ပြန်စိစစ်သင့်တဲ့ ကိစ္စဟာ သမ္မတ အနေနဲ့ ၅၉ (စ) ကိစ္စကို တကယ် မသိဘဲ  ရိုးရိုးသားသား မှားယွင်းပြောဆိုခဲ့သလားဆိုတဲ့ ကိစ္စပါ။  အတော် ဖြစ်နိုင်ခြေ နည်းပါတယ်။ အကြောင်းကတော့ သမ္မတ ဦးသိန်းစိန်ဟာ စစ်အစိုးရခေတ်မှာ ၀န်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သလို၊ ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲခဲ့တဲ့ ညောင်နှစ်ပင် ညီလာခံရဲ့ ဥက္ကဋ္ဌအဖြစ် ကာလတခု တာဝန်ယူခဲ့ဖူးပါတယ်။ မြန်မာပြည်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ များများစားစား မရှိပါဘူး။ ၁၉၄၇ ဖွဲ့စည်းပုံ၊ ၁၉၇၄ ဖွဲ့စည်းပုံ၊ ၂၀၀၈ ဖွဲ့စည်းပုံဆိုပြီး သုံးခုပဲ ရှိပါတယ်။ ဘီဘီစီနဲ့ အင်တာဗျူးမှာ ဦးသိန်းစိန်က ၁၉၄၇ ဖွဲ့စည်းပုံကို ကိုးကားပြီး ပြောသွားတာဖြစ်လို့ သူတကယ် မသိဘဲ ပြောခဲ့တာဆိုရင်လည်း အတော် အံ့သြစရာ ကောင်းပါတယ်။ ပုဒ်မ ၅၉ (စ) နဲ့ပတ်သက်လို့  ဦးသိန်းစိန်ရဲ့ စကားလုံး အတိအကျက ဒီလိုပါ။ “ဒီပုဒ်မဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး ပြဋ္ဌာန်းထားတာ မဟုတ်ပါဘူး။ သူ့ရဲ့ အဖေလက်ထက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံကတည်းက ထည့်ထားတာဖြစ်ပါတယ်” ဆို ပြောထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အပိုင်း နှစ်ပိုင်းခွဲပြီး ပြောချင်ပါတယ်။ ပထမအပိုင်းကတော့ အချက်အလက်အရ လုံးဝ မှားယွင်းပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံမှာ တကယ် ပြဋ္ဌာန်းထားတာနဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းချက်က မတူပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းတို့ ရေးဆွဲခဲ့တဲ့ ၁၉၄၇ ဖွဲ့စည်းပုံ အခန်း (၅) နိုင်ငံတော် သမ္မတအခန်း၊ ပုဒ်မ (၄၉) (က) မှာ ပြဋ္ဌာန်းထားတာက “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘနှစ်ပါးသော်လည်းကောင်း၊ ပြည်ထောင်စု နိုင်ငံတော်၏ အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားခဲ့၍ ပြည်ထောင်စု နိုင်ငံသားလည်းဖြစ်သော” လို့ ပြဋ္ဌာန်းထားပါတယ်။ ရှင်းရှင်လေးပါပဲ။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခန်း (၃) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ အခန်း၊ ပုဒ်မ ၅၉ (စ) ကတော့ ပိုပြီး ကျယ်ဝန်းပါတယ်။ အတိအကျကတော့ “မိမိကိုယ်တိုင်သော်လည်ကောင်း၊ မိမိ၏ မိဘတပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ်၊ ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူ၊ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတပါး၏ နိုငိငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေ” ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ဖို့ ရည်ရွယ်ပြီး ပြဋ္ဌာန်းထားတာ မဟုတ်ဘူးလို့ ယုံကြည်ဖို့ ခက်ပါတယ်။ ထားပါ။ ဒီပုဒ်မ နှစ်ခုကို ဖတ်ကြည့်ရုံနဲ့ ပြဋ္ဌာန်းချက် နှစ်ခုဟာ အတော်လေး ကွာခြားတယ်ဆိုတာကို အလွယ်တကူ နားလည်နိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတော် သမ္မတ အနေနဲ့ ဒီလောက် ကွဲလွဲနေတဲ့ အချက်ကို မှားပြောတာဟာ အတော်အံ့သြစရာ ကောင်းပါတယ်။ ဒုတိယပိုင်းကတော့ သမ္မတက “သူ့ရဲ့ အဖေ လက်ထက်” လို့ ပြောသွားတာ စဉ်းစားစရာ ရှိပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံလို့ ရိုးရိုး ရည်ညွှန်းလို့ ရပါလျက်နဲ့ ဘာဖြစ်လို့ ဗိုလ်ချုပ်အောင်ဆန်းကို ဆွဲသွင်းသလဲဆိုတာ စဉ်းစားရပါတော့မယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တမျိုးသားလုံးက လေးစားတဲ့ အမျိုးသားခေါင်းဆောင်၊ လွတ်လပ်ရေး ဖခင်ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဉာဏ်ပညာ၊ စေတနာကိုလည်း တမျိုးသားလုံးက ယုံကြည်ပါတယ်၊ သမ္မတ အနေနဲ့ ဒီကိစ္စမှာ ဗိုလ်ချုပ်အောင်ဆန်း နာမည်ကို တမင် ရည်ရွယ်ချက်ရှိရှိ ထည့်ပြောတာမဟုတ်ဘူးဆိုရင် ဖြေရှင်းဖို့ တာဝန်ရှိပါတယ်။ သမ္မတက မှားယွင် ပြောဆိုတဲ့အတွက်  ပြည်သူတွေကို လမ်းကြောင်းလွဲစေသလို၊  ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်သိက္ခာ၊  ပုံရိပ်ကို ထိခိုက်စေနိုင်တဲ့ ကိစ္စဖြစ်နေလို့ပါပဲ။ ဘယ်လိုကြောင့် ဖြစ်ဖြစ် သမ္မတပြောစကားဟာ မုသား စကား မြောက်သွားပါပြီ။ ဒါကို ဘယ်လို တာဝန်ယူမလဲ ဆိုတဲ့ မေးခွန်းရှိပါတယ်။ အရင်ဆုံး နိုင်ငံတော် သမ္မတတယောက်အနေနဲ့ ကျင့်ဝတ်အပိုင်းကို တာဝန်ယူရပါမယ်။ သမ္မတ အဖြစ် ကတိသစ္စာပြုတဲ့ အခါမှာလည်း “ကျွန်ုပ်သည် … မိမိ၏ တာဝန်ဝတ္တရားများကို ဖြောင့်မတ် မှန်ကန်စွာဖြင့် အစွမ်းကုန် ဆောင်ရွက်ပါမည်” ဆိုပြီး ပါရှိပါတယ်။ အခု ကိစ္စမှာ သမ္မတရဲ့ “ဖြောင့်မတ် မှန်ကန်မှု” ကို မေးခွန်းထုတ်ရပါတော့မယ်။ သမ္မတအနေနဲ့ အနည်းဆုံး မိမိနှုတ်ထွက်စကား မုသားမြောက်သွားရတဲ့ အကြောင်းကို ရှင်းပြရပါတော့မယ်။ လုပ်ထုံးလုပ်နည်းအရ ပြောပါမယ်။ မြန်မာနိုင်ငံရဲ့ သမ္မတဟာ ဥပဒေ အထက်က မိုးကျရွှေကို မဟုတ်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတကို စွပ်စွဲ အပြစ်တင်နိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ရှိပါတယ်။ ပုဒ်မ (၇၁) (က) (၃)မှာ “အကျင့်သိက္ခာ ပျက်ပြားခြင်း” ဆိုတဲ့ အချက်ပါဝင်ပါတယ်။ အခု ကိစ္စမှာ သမ္မတဟာ အကျင့်သိက္ခာ ပျက်ပြားခြင်း ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့ ငြိ၊ မငြိကို စိစစ်ရပါတော့မယ်။ အကယ်၍ သမ္မတ အနေနဲ့ မုသားမြောက်တဲ့ သူ့စကားအတွက် ကိုယ့်အသိစိတ်ဓာတ်နဲ့ ကျင့်ဝတ်အရ ရိုးရိုးသားသား ၀န်ခံရင် ဒီကိစ္စက ဖြေရှင်းပြီးသား ဖြစ်နိုင်ပါတယ်။ ဒီလို မဟုတ်ဘဲ ပြောချင်ရာ ပြောပြီး တာဝန်မခံဘူးဆို ဥပဒေ အရ လွှတ်တော်မှာ တာဝန်ရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖြစ်ဖြစ်၊ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာအရ ဒီကိစ္စကို လွှတ်တော်က အရေးယူ ဆောင်ရွက်ဖို့ တာဝန်ရှိလာပါတယ်။ တဖက်က ကြည့်ရင် နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်သလို၊  ဘယ်သူပဲ ဖြစ်ဖြစ် ဘာလို ရည်ရွယ်ချက်နဲ့ ဖြစ်ဖြစ် ကိုယ်ပြောတဲ့ စကားအတွက် ကိုယ် တာဝန်ယူရတယ် ဆိုတဲ့ အစဉ်အလာကို ချမှတ်ဖို့ လိုနေပါတယ်။ ကြံ့ခိုင်ရေး ပါတီက လွှမ်းမိုးထားတဲ့ လွှတ်တော်က ဦးအောင်သောင်းကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့တဲ့အချိန်က ဂုဏ်သိက္ခာအတွက် အရေးကြီးအဆိုတင်ပြီး ကန့်ကွက်ခဲ့တာ ရှိပါတယ်။ ဒါပေမယ့် လွှတ်တော် နှစ်ရပ်စလုံးက တောင်းဆိုထားတဲ့ ၆ ပွင့်ဆိုင် ကိစ္စ နှောင့်နှေးနေတာနဲ့ ပတ်သက်လို့ လွှတ်တော်က ဂုဏ်သိက္ခာ အကြောင်း ပြောတာ မကြားရပါဘူး။ ဒီကိစ္စကို သမ္မတကလည်း တာဝန်မယူဘူး။ လွှတ်တော်ကလည်း တာဝန်မယူဘူးဆိုရင် မြန်မာပြည် အနာဂတ်က အတော်လေး ရင်လေးစရာပါပဲ။ လွှတ်တော်က အဆင့်ဆင့် အရေးယူ ဆောင်ရွက်တဲ့ အပိုင်းမှာလည်း အခက်အခဲ ရှိနိုင်ပါတယ်။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတ တဦးဦးကို စွပ်စွဲ ပြစ်တင်ဖို့ ဆိုရင် အမျိုးသားလွှတ်တော်မှာ ဖြစ်ဖြစ်၊ ပြည်သူ့ လွှတ်တော်မှာ ဖြစ်ဖြစ် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းရဲ့ အနည်းဆုံး လေးပုံတပုံက လက်မှတ်ထိုးဖို့ လိုပါတယ်။ ပြီးရင် သက်ဆိုင်ရာ လွှတ်တော် အကြီးအမှူးထံကို တင်ပြရပါတယ်။ သက်ဆိုင်ရာ လွှတ်တော်ရဲ့ ကိုယ်စားလှယ် စုစုပေါင်းထဲက သုံးပုံနှစ်ပုံက ထောက်ခံမှာသာ ဆက်လက် အရေးယူ ဆောင်ရွက်ရပါတယ်။ အမျိုးသားလွှတ်တော်က စွဲချက်တင်ရင် ပြည်သူ့လွှတ်တော်က စုံစမ်းစစ်ဆေးရပြီး၊ ပြည်သူ့ လွှတ်တော်က စွဲချက်တင်ရင် အမျိုးသားလွှတ်တော်က စစ်ဆေးရပါတယ်၊ စွပ်စွဲခံရသူ သမ္မတ၊ ဒုတိယသမ္မတ တဦးဦးကို ရာထူးကနေ ရပ်စဲသင့်၊ မသင့်ကို စုံစမ်း စစ်ဆေးတဲ့ လွှတ်တော်ထဲက အနည်းဆုံးသုံးပုံနှစ်ပုံရဲ့ ထောက်ခံမဲနဲ့ ဆုံးဖြတ်တာဖြစ်ပါတယ်။ အခု ကိစ္စမှာ မုသားမြောက်တဲ့စကားကို ပြောတဲ့ သမ္မတရဲ့ တာဝန်ယူမှု၊ အကျိုးသင့်အကြောင်းသင့် ဖြေရှင်းနိုင်မှုအပေါ် ပေါ်မှုတည်ပြီး လွှတ်တော်လုပ်ငန်းစဉ်အထိ ဆက်မသွားနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ သမ္မတက ကိုယ့်စကားကို ကိုယ်တာဝန်မယူဘူးဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံအရ ဥပဒေနဲ့ အညီ ဆက်လက်ဆောင်ရွက်ဖို့ လွှတ်တော်က တာဝန်ရှိပါတယ်။ သမ္မတကလည်း ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်တယောက်ကို လွှတ်ပြီး ဖြစ်စေ ဖြေရှင်းခွင့် ရှိပါတယ်။ လွှတ်တော်မှာ သမ္မတကို ထောက်ခံတဲ့ အမတ်တွေ များနေရင် လက်မှတ်ထိုးတဲ့ လေးပုံတပုံ ထောက်ခံမဲအဆင့်လောက်နဲ့ ရပ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ သုံးပုံနှစ်ပုံ ထောက်ခံမဲ မရတဲ့ အဆင့်လောက်နဲ့ ပြီးသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာနဲ့ပဲ ဆိုင်ပါတယ်။ အဓိက အရေးကြီးတာက မြန်မာပြည်မှာ သမ္မတက မုသားမြောက်တဲ့စကားကို ပြောတယ်ဆိုရင်၊ ပြည်သူတွေကို လမ်းလွဲသွားနိုင်တဲ့ စကားကို ပြောတယ်ဆိုရင်၊ ဗိုလ်ချုပ်အောင်ဆန်းလို အမျိုးသား ခေါင်းဆောင်ကို ဂုဏ်သိက္ခာပျက်ယွင်းစေနိုင်တဲ့ စကားကို ပြောမိတယ်ဆိုရင် တာဝန်ယူရတယ်ဆိုတဲ့ အစဉ်အလာ ကိန်းအောင်သွားဖို့၊ နောင်လာနောင်သားတွေ အတုယူနိုင်ဖို့ပါပဲ။ တကယ်တော့ ဒီမိုကရေစီဆိုတာ ဒီမိုကရေစီနည်းကျ ရေးဆွဲထားတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေအတိုင်း လေးစားလိုက်နာ ဆောင်ရွက်ရုံနဲ့တောင် မပြည့်စုံပါဘူး။ လူများစု ဗိုလ်ကျတဲ့ စနစ်လည်း မဟုတ်ပါဘူး။ အများစုက အာဏာကို အလွဲသုံးစားလုပ်ပြီး ကြောင်းကျိုး မဆင်ခြင်ဘဲ လုပ်ချင်ရာ လုပ်၊ ပြောချင်ရာ ပြောလို့ ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ဥပဒေအရ ပြဋ္ဌာန်းမထားရင်တောင် လူ့ဂုဏ်သိက္ခာနဲ့ ကျင့်ဝတ် စောင့်ထိန်းဖို့လည်း လိုအပ်တယ်ဆိုတာကို နားလည်ဖို့ လိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up