Home
မေးမြန်းခန်း
မိုင်းဒဏ်သင့်သူတွေကို ပြည်တွင်းအလှူရှင်တွေ ကူညီပေးကြပါ - ဦးအေးကိုကို
အေးနိုင်
·
March 27, 2015
မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်းဟာ မြေမြှုပ်မိုင်းကြောင့် ခြေထောက်ပြတ်ခဲ့ရသူတွေ အတွက် ခြေတု ထုတ်လုပ်ဖြန့်ဝေရေးလုပ်ငန်းကို လုပ်ဆောင်နေ ပါတယ်။ အသင်းဟာ  မြေမြှုပ်မိုင်းဒဏ်ကို ဆိုးဆိုးဝါးဝါးခံစားရတဲ့ ပဲခူးတိုင်းအရှေ့ခြမ်းက ကျောက်ကြီးမြို့နယ်မှာ Victim Assistance Centre  (မိုင်းထိတဲ့သူများအတွက် အထောက်အကူပြုစင်တာ) တခုကို ဒီလအတွင်း  အစပြုဖွင့်လှစ်ခဲ့သလို နောက်ထပ်လည်း ပဲခူးတိုင်းအရှေ့ခြမ်းမှာ Centre တွေ ၄၊ ၅၊ ၆ ခု ဆက်တိုက်ဖွင့်ဖို့ စီစဉ်ထားတယ်လို့  အသင်းတာဝန်ရှိသူတွေက ပြောပါတယ်။ မြေမြှုပ်မိုင်းကြောင့် ခြေထောက်ပြတ်ခဲ့ရသူတွေအတွက် ခြေတုဖြန့်ဝေရာမှာ ပြည်ပအလှူရှင် အဖွဲ့အစည်းတွေက လှူဒါန်းမှုတွေကို အားပြုရပြီး ပြည်တွင်းအလှူရှင်တွေက လှူဒါန်းမှု နည်းပါးတယ်လို့ သူက ပြောပါတယ်။ ၂၀၀၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဒီအသင်းဟာ ၂၀၁၄ ခုနှစ်ကုန်အထိ မသန်စွမ်းသူတွေအတွက် ကျပ်သန်းပေါင်း ၂၂၀ ကျော်ကို ထောက်ပံ့ကူညီခဲ့တယ်လို့ ထုတ်ပြန်ခဲ့သလို လာမယ့် ဧပြီ ၄ ရက်နေ့ကျရင် ရန်ကုန်မြို့မှာ ၁၃ နှစ်ပြည့်အခမ်းအနား ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဦးအေးကိုကို ကို ဆက်သွယ်မေးမြန်းထားပါတယ်။ မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းအနေနဲ့ ခြေတုလက်တု ထောက်ပံ့တဲ့ လုပ်ငန်းတွေကို နိုင်ငံတ၀န်းမှာ လိုက်လံ ဆောင်ရွက်နေတာ သိရပါတယ်။ ဆောင်ရွက်မှု အခြေအနေကို ပြောပြပါ။ “ကျနော်တို့အသင်းအနေနဲ့ လုပ်နေတာကတော့ တခြားအိုင်အန်ဂျီအိုတွေနဲ့ အမ်အိုယူ (နားလည်မှုစာချွန်လွှာ) ထိုးပြီး လုပ်နေတာပေါ့နော်။ မနေ့က ပေါင်းတည်မှာ ခြေတုအချောင်း ၇၀ ပေါ့နော်။ ပေါင်က ၁၀ ချောင်းပေါ့။ အဲတာ တပ်ဆင်ပေးဖို့အတွက်ကို ကျနော်တို့မှာ Work Shop ရှိတယ်လေ။ Mobile Team Work shop။ ခြေတုပြုလုပ်တဲ့ workshop (အလုပ်ရုံ) ရှိတယ်။ အဲဒါကို ကျနော် ဦးစီးပြီး သွားတယ်။ ဒီနေ့စပြီ၊ သူတို့ ပေါင်းတည် အားကစားခန်းမမှာ ခြေတုတွေ မို (ပုံစံ)တွေ တိုင်းနေပြီပေါ့နော်။ မိုတိုင်းပြီးတော့ ၂ လအတွင်းမှာ အပြီးပေါ့။ ပေါင်က ၁၀ ချောင်း၊ ဒူးအောက်ပိုင်းက အချောင်း ၇၀ ပေါ့။ အဲဒါပြီးရင် ကျောက်ကြီး (ပဲခူးတိုင်းဧရိယာ၊ ကရင်ပြည်နယ်နယ်စပ်)ဘက်ကို ဆက်သွားရမှာပေါ့။ ကျောက်ကြီးမှာလည်း ခြေတုတွေ သွား လုပ်ပေးမယ်။ အမေရိကန်မစ်ရှင်အဖွဲ့နဲ့ Community Development Association အဲဒီအဖွဲ့နဲ့ ကျနော်တို့နဲ့ ပေါင်းပြီးတော့ ခြေတုတွေ လုပ်ပေးနေတာပေါ့နော်။ အခုဆိုလို့ရှိရင် ကျနော်တို့လုပ်ပေးတာ အချောင်း (၇၀၀ ကျော် ၈၀၀) လောက်ရှိသွားပြီ။ ကျနော်တို့ Work Shop (အလုပ်ရုံ)ကနေ ထုတ်လုပ်တဲ့ ခြေတုပေါ့နော်။ ပြည်တွင်းမှာတင် ကျနော်တို့ ထုတ်လုပ် ပေးတာပါ။ အဲဒါကတော့ အမေရိကန်မစ်ရှင်နဲ့ တွဲပြီး လုပ်တဲ့ဟာပေါ့။ နောက် ကျနော်တို့ HI ပရောဂျက်ပေါ့။ Handicap International နဲ့လည်း ကျနော်တို့က ကျောက်ကြီးမြို့နယ်မှာပဲ Victim Assistance Centre ပေါ့၊ မိုင်းထိတဲ့သူတွေအတွက် အထောက်အကူပြုတဲ့ စင်တာလေးတခု ဖွင့်ပြီးတော့ အခု မတ်လက စတင်ဆောင်ရွက်နေပြီပေါ့နော်။ အဆင်ပြေတယ်ဆိုရင် ပဲခူးတိုင်းအရှေ့ခြမ်းမှာ စင်တာတွေ ၄၊ ၅၊ ၆ ခု ဆက်တိုက်ဖွင့်မယ့် အစီအစဉ်တွေ ရှိတယ်လေ။ ဒီအစီအစဉ်တွေကလည်း မိုင်း Victim မိုင်းထိသူတွေကို နှစ်သိမ့် ဆွေးနွေးအားပေးတာတို့၊ နောက်ပြီးတော့ ခြေတုတွေ ပြန်လည်ပြင်ဆင်တာ၊ ပျက်စီးတဲ့ ဟာတွေကို။ မရှိတာတွေကို တတ်ဆင်ပေးဖို့။ HI နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ နောက်ပိုင်း ကျနော်တို့ ပရောဂျက်က ပိုရလာလို့ရှိရင် ကျနော်တို့က မိုင်းထိသူတွေ တင်မကပါဘူး။ အားလုံး မသန်စွမ်းသူတွေအတွက်ရော။ အသက်မွေးဝမ်းကြောင်းပညာတွေပေါ့။ ဆက်လက်ပေးဖို့ အစီအစဉ်တွေလည်း ရေးဆွဲနေပါတယ်။ အဲဒါကတော့ HI နဲ့ လုပ်တာ။ နောက် Korea Hanbeot Welfare Foundation ပေါ့။ အဲဒါနဲ့လည်း ကျနော်တို့ လုပ်တယ်။ Wheelchair ဘီးတပ်ကုလားထိုင်တွေ ကိုရီးယားကနေ သူတို့ ပို့ပေးတယ်။ ဒီမှာ Wheelchair လိုအပ်တဲ့ကလေးတွေကို ဒီမှာ ပြန်ပြီးတော့ ဖြန့်ပေးတာပေါ့။ အဲဒီမှာဆိုရင် Manual Wheelchair တွေပါသလို Electric Wheelchair (လျှပ်စစ်ဘီးတပ်ကုလားထိုင်)  တွေလည်း ပါတာပေါ့။ အဲဒါတွေကလည်း ကျနော်တို့ စီစဉ် ဆောင်ရွက်ပေးတယ်။ “အသင်းအနေနဲ့ကတော့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ မသန်စွမ်းကလေးတွေပေါ့။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်၊ ကောလိပ်ကျောင်းတက်ဖို့အတွက်ကို ကျနော်တို့ အသင်းအနေနဲ့ ငွေကြေးထောက်ပံ့မှုတွေ လုပ်ပေးတယ်။ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်အနေနဲ့လည်း တခြား ပရဟိတအသင်းတွေ၊ မသန်စွမ်းတွေ အများကြီးရှိတဲ့နေရာတွေ၊ လှိုင်သာယာ၊ ရွှေပြည်သာဘက်တွေ၊ နောက် ကျနော်တို့ ရုံးခွဲတွေကလည်း တပြည်လုံးမှာ ၂၂ ရုံး ရှိတယ်။ ၂၂ ရုံးကိုလည်း အလျဉ်းသင့်ရင်သင့်သလို ကျနော်တို့ ဖျာပုံ၊ ဟင်္သာတ၊ ဒေးဒရဲဘက်တွေလည်း သွားပြီး ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ကျနော်တို့က ဆောင်ရွက်ပေးတယ်။ ဒီအစီအစဉ်တွေက ကျနော်တို့ လက်ရှိလုပ်နေတာတွေပေါ့ဗျာ။ “နောက် ဒီမှာလည်း ဖျော်ဖြေရေး အစီအစဉ်ကလည်း ရှိတယ်လေ။ ဒီမှာ Band တီးဝိုင်း ရှိတယ်။ သံစဉ်ပန်း မသန်စွမ်းလှုပ်ရှားမှုအဖွဲ့ ရှိတယ်။ အဲဒီအဖွဲ့ကနေပြီးတော့ တဦးချင်း၊ နှစ်ယောက်တွဲ၊ အုပ်စုဖွဲ့ ပုံစံတွေနဲ့ သီချင်းတွေ၊ ပြဇာတ်ရုံမှာ ပြဇာတ်တွေ အငြိမ့်တွေ အဲဒါတွေ အားလုံးကလည်း မသန်စွမ်းတွေနဲ့ ကတယ်၊ ဆိုတယ်၊ တီးတယ်ပေါ့ဗျာ။ အဲဒီအစီအစဉ်တွေလည်း ကျနော်တို့မှာ ရှိတယ်ပေါ့ဗျာ။ ဒါတွေလည်း တခြားအသင်းအဖွဲ့တွေက ဖိတ်တဲ့အခါ သွားရောက် ဖျော်ဖြေတာရှိသလို ကျနော်တို့ နယ်ရုံးတွေမှာလည်း သွားရောက်ဖျော် ဖြေ တင်ဆက်တာတွေ ရှိပါတယ်။” ဦးအေးကိုကိုတို့  နိုင်ငံတ၀န်းမှာ ရုံး ၂၂ ရုံးထိ ဖြန့်ကျက်ထားနိုင်ပြီဆိုတော့ ဒီအသင်းကို ဘယ်တုန်းကတည်းက ထူထောင်ခဲ့တာလဲ။ “ကျနော်တို့က ၂၀၁၂ ပေါ့။ ဖေဖော်ဝါရီ ၂၄ ကတည်းက ထူထောင်ပြီး ဒီကနေ့အချိန်ထိ ၁၃ နှစ်ပြည့်ပါပြီ။ ၁၃ နှစ်မြောက်တဲ့အခမ်းအနားကြီးကိုလည်း လာမယ့် ဧပြီ ၄ ရက်နေ့မှာ ရန်ကုန် ၀ိုင်အမ်စီအေခန်းမမှာ ခမ်းခမ်းနားနားနဲ့ လုပ်ဖို့လည်း ရှိပါတယ်။” ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့နယ် မုန်းဒေသ ရောက်ခဲ့ဖူးတယ်။ အဲဒီမှာ မိုင်းထိလို့ ခြေထောက် ပြတ်သူတွေ ရာချီ တွေ့ခဲ့ပါတယ်။ အဲဒီဘက်မှာ ဆောင်ရွက်ချက်ကရော။ “မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်းရဲ့ ရုံးခွဲကလည်း မုန်းမှာ ကျနော်တို့ ဖွင့်ထားပါတယ်။ Victim Assistance Centre ကလည်း မုန်းမှာ ကျနော်တို့ ထပ်ဖွင့်ထားတယ်။” မုန်းမြို့အပိုင်ဟာ မြန်မာပြည်မှာ မိုင်းထိလို့ ခြေပြတ်သူ အများဆုံးဒေသလို့ သိထားပါတယ်။ “ဟုတ်ပါတယ်။” ခြေတုလက်တုက ဘယ်လိုလုပ်လဲ။ မြန်မာပြည်ထဲမှာပဲ အပြီးလုပ်လား။ မိုဖောက်တာ အပါအ၀င် ဘယ်လို ဆောင်ရွက်လဲ။ တခုကို မြန်မာကျပ်ငွေ ဘယ်လောက်လောက် ကျသင့်သလဲ။ “ကျနော်တို့က New Method တွေနဲ့ မလုပ်နိုင်ဘူး။ New Method နဲ့လုပ်မယ်ဆိုရင် အဲဒီ Raw Materials တွေက အဲဒါတွေက ပြည်တွင်းမှာ မရဘူး။ ထိုင်းတို့ဘာတို့က လှမ်းမှာရမယ်။ ဂျာမနီကို လှမ်းမှာရမယ်။ အဲဒီတော့ ကျနော်တို့က Old Method ခေါ်တာပေါ့။ ကျနော်တို့ WHO အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံကို စတင်တည်ထောင်ခဲ့တဲ့ ဆရာကြီး ဦးလှဖေပေါ့။ ဒေါက်တာလှဖေပေါ့၊ ဒေါက်တာလှဖေ လုပ်ခဲ့တဲ့ ယမနေသားနဲ့ ခြေတုပေါ့နော်။ ယမနေသားနဲ့လုပ်တဲ့ ခြေတုဆိုတာကလည်း တချောင်းလုံးက ယမနေ မဟုတ်ဘူး။ ခြေသလုံးနေရာမှာ ယမနေ။ အောက်က ရာဘာနဲ့ ခြေဖ၀ါးတပ်တယ်။ အပေါ်ဖြတ်ပိုင်းကို ကျနော်တို့က မိုယူရတယ်။ မိုယူပြီး ပလစ်စတစ်လောင်းရတယ်။ အကြမ်းရရင် တချောင်းလုံးကို ပလစ်စတစ် ပြန်လောင်းပြီး အဲဒီ Method နဲ့ WHO ရဲ့ Old Method နဲ့ လက်ရှိသွားနေတာပေါ့။ အဲဒီတော့ ဒီဟာသွားခြင်းအားဖြင့် နိုင်ငံခြားက ဘာတခုမှ ကုန်ကြမ်းသွင်းစရာမလိုဘူး။ အားလုံးက ပြည်တွင်းကပဲ ရတယ်။ ရာဘာခြေဖ၀ါးဆိုရင်လည်း ပြည်တွင်းမှာတင် ပေါင်းလို့ရတယ်။ ပေါင်းတဲ့ဆီမှာ ကျနော်တို့ မိုလုပ်ပြီး ပေးရတာပေါ့။ သတ္တုမိုတို့၊ သံမိုတို့ အရင်လုပ်ရတယ်။ လုပ်ပြီးတော့မှ ရာဘာပေါင်းတဲ့စက်ရုံမှာ အော်ဒါမှာ ရတာ။ ဒါတခုပဲ အခက်အခဲလေးနည်းနည်း ရှိတယ်။ ကျန်တဲ့ဟာတွေက ကျနော်တို့အလုပ်ရုံမှာ အကုန်၊ ပလစ်စတစ်လောင်း၊ ပြန်လောင်းတာက အစ၊ အကြမ်းထည်ကနေ အချောထည် ပြီးတဲ့အထိအောင် လုပ်တယ်။ အဲဒီတော့ အလုပ်ရုံမှာ လာလုပ်ရင်တော့ ဒူးအောက်ပိုင်း တချောင်းဆို ကျပ်ငွေ ၁ သိန်း ၅ သောင်းပေါ့။  နယ်မှာ ဆင်းပြီး ပရောဂျက်နဲ့ လုပ်ရင် အိုင်အန်ဂျီအိုတွေက ကျနော်တို့ကို ၁ သိန်း ၈ သောင်းနဲ့ ရှင်းပေးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နယ်သွားတယ်ဆိုတော့ ကျနော်တို့မှာ ခရီးစရိတ်တွေ ရှိတယ်။ နယ်မှာနေတဲ့ စားစရိတ်တွေ ဘာတွေရှိတဲ့အတွက် ၁ သိန်း ၈ သောင်းနှုန်းနဲ့ သူတို့က ကျနော်တို့ကို ရှင်းပေးတယ်။ ဒါတွေကို ကျနော်တို့ လုပ်နေတာ ၂၀၁၀ ကတည်းက အလုပ်ရုံ စတင် တည်ထောင်တာပေါ့နော်။ လာမယ့်အောက်တိုဘာဆို ၆ နှစ် ပြည့်ပြီ။ အသင်း ထူထောင်တာကတော့ ၁၃ နှစ်ပြည့်ပြီ။” မိုင်းအမျိုးမျိုးကြောင့် ထိခိုက်ပြတ်ရှသူအရေအတွက် ဘယ်လောက်လောက်ရှိမယ်လို့ ခန့်မှန်းနိုင်လဲ သိလား။ “အဲဒီစာရင်းကတော့ ကျနော်တို့မှာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အသင်းဝင်ပေါ့။ မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်းကို ၀င်ထားတာ လူပေါင်း ၇၀၀၀ လောက်ရှိတယ်။ ၇၀၀၀ မှာ Mine Victim Assistance တွေက ( ၂၀၀၀ ကျော်) လောက်ရှိတယ်။ အသင်းဝင်ထားတာ။ အဲဒီ ၂၀၀၀ ကျော်ထဲမှာ တပ်မတော်သားတွေ ပါသလို ပြည်သူတွေလည်း ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းကလည်း တချို့ ပါတယ်။ အသင်းဝင် တွေပေါ့နော်။ အဲဒါကြောင့်လည်း ကျနော်တို့ မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်းအနေနဲ့ မြန်မာနိုင်ငံ မြေမြှုပ်မိုင်းတားဆီးရေးအဖွဲ့ဆိုပြီးတော့ ကျနော်တို့ ညီနောင် Association လေးတခုပေါ့နော်။ အဲဒါလေးကိုလည်း ကျနော်တို့ တွဲပြီး တည်ထောင်ထားတယ်။ အဲဒီတော့ ခုန မေးတဲ့ မိုင်းကြောင့် ဘယ်လောက် ထိခိုက်ဒဏ်ရာရသူစာရင်း ဘယ်လောက်ရှိမယ်ဆိုတဲ့စာရင်းအရတော့ လုပ်တုန်းပဲ။ ခုန မြန်မာနိုင်ငံ မြေမြှုပ်မိုင်းတားဆီးရေးအဖွဲ့ (Myanmar Campaign to Ban Landmines) ကိုတော့ ၂၀၁၃ ဇွန် ၂၃ ရက်နေ့မှာ ကျနော်တို့ တည်ထောင်ခဲ့တယ်။ ကျနော်တို့ မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းက မိုင်းထိသူတွေ များတဲ့အတွက် ဒီဟာကို ကမ်ပိန်းတခုအနေနဲ့ တည်ထောင်ခဲ့တာ။ ခုလာမယ့် ၂၀၁၅ ဇွန် ၂၃ ရက်ဆို ၂ နှစ်ပြည့်ပြီပေါ့နော်။ အဲဒီတော့ Victim Assistant စာရင်းကို မေးတဲ့ဟာက တော်တော်ခန့်မှန်းရ ခက်တယ်။ လုပ်ဖို့လည်း ခဲယဉ်းတဲ့အလုပ်လေ။ လုပ်မယ်ဆိုလည်း ဒီဟာက ပရောဂျက်ကြီးတခုလို ဖြစ်နေတယ်။ ငွေကြေးအမြောက်အမြားကုန်မှာ။” (မှတ်ချက်။      ။ ကမ္ဘာ့နိုင်ငံ ၁၆၂ နိုင်ငံက လက်မှတ်ထိုးတားတဲ့ မြေမြှုပ်မိုင်းအသုံးပြုမှု တားဆီးရေးသဘောတူစာချုပ်ကို မြန်မာအပါအ၀င် ၃၅ နိုင်ငံဟာ လက်မှတ်ရေးထိုးခြင်း မရှိသေးပါဘူး။   International Campaign to Ban Landmines အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ၁၉၉၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း လူပေါင်း ၃၆၂၆ ယောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့အနက် အယောက် ၃၄၀ အသက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။) မိုင်းထိလို့ ခြေပြတ်သူတွေကို ကူညီနေရာမှာ တပ်မတော်သားခြေပြတ်သူတွေ၊ အစိုးရကို လက်နက်ကိုင် တိုက်ခိုက်သူတွေ ပါတယ်ဆိုတော့ အဲဒီပုဂ္ဂိုလ်တွေက ပြန်တွေ့တဲ့အခါ တချိန်တုန်းက ရန်သူတွေ ဖြစ်ခဲ့ကြသူတွေဆိုတော့ မိုင်းထိခြေပြတ်နဲ့ မသန်စွမ်းဘ၀နဲ့ တွေ့ကြတဲ့အခါ သူတို့ရဲ့ ဆက်ဆံရေး အခြေအနေကို ဘယ်လိုမြင်ရလဲ။ “အဲဒါက ကျနော်တို့ခြေတုသွားလုပ်တဲ့အချိန်မှာ ဒီလိုပဲပေါ့။ တပ်မတော်ဘက်က မိုင်း victim တယောက်နဲ့ ခုနလိုမျိုး လက်နက်ကိုင်အဖွဲ့အစည်းက မိုင်း victim တယောက် တွေ့တာလည်း ကျနော်တို့ တွေ့ဖူးပါတယ်။ သူတို့ တယောက်နဲ့ တယောက်တွေ့တဲ့အချိန်မှာ တယောက်နဲ့ တယောက် ဖက်ပြီး ငိုတာတွေ ဘာတွေလည်း ဖြစ်တာ တွေ့ဖူးတယ်ပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဟာတွေက တပ်မတော်ဘက်ကလည်း သူတို့ဘက်မလာအောင် မိုင်းတွေ ထားသလို ဟိုဘက်ကလည်း သူတို့ဘက်မလာအောင် မိုင်းတွေ ထားတယ်။ ထားပြီး သူတို့ပဲ နင်းပြီး ပြတ်ကြတယ်ဆိုတော့၊ နောက် ခြေတုသွားလုပ်တဲ့နေရာကလည်း ကျနော်တို့က မုန်းမှာ ကိုယ်တိုင် ခြေတု သွားလုပ်တာကိုး။ မုန်းဒေသဆိုတာ အမည်းရောင်နယ်မြေပဲ ယနေ့ထိအောင်။ အမည်းရောင်နယ်မြေဆိုတော့ ကျနော်တို့ခြေတု လုပ်တဲ့အချိန်မှာ လက်နက်ကိုင်အဖွဲ့အစည်းကလည်း လာလုပ်တာပဲ။ တပ်မတော်သားလည်း အဲဒီမှာ ရှိနေတာပဲ။ အဲဒီတော့ တွေ့တဲ့အချိန်မှာ ၂ ယောက် ဖက်ပြီး ငိုတာတွေ ဘာတွေ။ ရှေးဟောင်းနှောင်းဖြစ် ပြန်လည်ပြောကြတာတွေ ပြုကြတာတွေတော့ တွေ့ဖူးပါတယ်။” မုန်းမြို့ကို ရောက်ခဲ့တုန်းက လက်နက်ကိုင်တိုက်ခိုက်တဲ့သူတွေသာ မဟုတ်ဘဲ ၀ါးခုတ်သွား၊ မျှစ်ချိုးသွားရင်း မိုင်းနင်းမိပြီး ခြေပြတ်တဲ့ ယောက်ျား၊ မိန်းမ တွေဆုံတွေ့ခဲ့ဖူးတယ်။ တချို့ဆို လင်မယား ၂ ဦးစလုံး မိုင်းထိ ခြေပြတ်နေကြတာ။ ချိုင်းထောက် မလောက်လို့ တယောက် အပြင်သွားရင် တယောက်အိမ်မှာ နေရတယ်ဆိုတာမျိုး တွေ့ဖူးတယ်။ လွန်ခဲ့တဲ့ ၃ နှေစ်လောက်ကပေါ့။ ခုကော လောက်လောက်ငင ရကြပြီလားခင်ဗျ။ ဘတ်ဂျက် ပြသနာရှိနေလား။ “ကျနော်တို့ အဲဒီဟာတော့ ကျန်တဲ့ဟာတော့ ဒူးအောက်ပိုင်းတွေဘာတွေက ပြဿ  နာ မရှိဘူး။ ပေါင်ကျတော့ Neat Joint ခေါ်တာပေါ့။ ဒူးခေါင်းပေါ့။ အဲဒီ Neat Joint က ကျနော်တို့ ဗမာပြည်မှာ မထုတ်နိုင်သေးဘူး။ Neat Joint က Auto Box ကုမ္ပဏီကနေပြီးတော့ ထိုင်းမှာ ကျနော်တို့က  ထိုင်းမှာ သွားသွားဝယ်ရတယ်။ အဲဒီအခက်အခဲတော့ ရှိတယ်။ ပေါင်ကတော့ ပြသနာ ရှိတယ်။ ဒူးအောက်ပိုင်းက ပြသနာ မရှိဘူး။ ဒူးအောက်ကတော့ အားလုံး ပြည်တွင်း ပစ္စည်းနဲ့ လုပ်လို့ ရတယ်။ ပေါင်ကျတော့ တချောင်းလုံးအနေအထားမှာ Neat Joint က Main Point ဖြစ်နေတယ်။ ခြေထောက် ကွေးလိုက်၊ ဆန့်လိုက်ဖြစ်နေတဲ့ အနေအထားမှာ အဲဒါ အရေးကြီးတယ်လေ။ အဲဒီတော့ ဒီမှာ တချို့လည်း Neat Joint ကိုလုပ်တဲ့သူ ပြည်တွင်းဖြစ်မှာ လုပ်တဲ့ဟာတွေ လည်းရှိတယ်။ ဒါပေမယ့် အရည်အသွေးက လုံးဝ မကောင်းဘူး။ မမီဘူးပေါ့။ နောက်တခုက ခြေတုတချောင်း လုပ်ထားပြီးရင် အနည်းလေး ၅ နှစ်၊ ၁၀ နှစ် အသုံး တည့်နေရမယ် ။ ပြည်တွင်းမှာ လုပ်တဲ့ဟာတွေကျတော့ ၁ နှစ်၊ ၂ နှစ်နဲ့ ပျက်သွားတာမျိုး။ နောက် ဈေးလည်း ကြီးတယ်။ အဲဒီအပိုင်းလေးတွေ ပါတာပေါ့နော်။ အဲဒီတော့ ကျနော်တို့က ပေါင်နဲ့ ပတ်သက်လာရင်တော့ Neat Joint ကတော့ ကျနော်တို့ မဲဆောက် (ထိုင်းနိုင်ငံ) ဆင်းပြီး ၀ယ်ရတဲ့သဘော ရှိတယ်။” ပေါင်ပိုင်းဆို ပိုဈေးကြီးမှာပေါ့။ မြန်မာကျပ်ငွေအားဖြင့်ဆို ဘယ်လောက်ကျသလဲ။ “ပေါင်ဆိုလို့ရှိရင် တချောင်းကို ( ၉ သိန်း) လောက်ယူတယ်။ Neat Joint တခုတည်းတင် ၄၊ ၅ သိန်း ရှိတယ်။ အဲဒီတော့ အပေါ်ကလည်း ဆက်ရတယ်။ အောက်ကလည်း ဆက်ရတယ် ခြေဖ၀ါးလည်း တပ်ရတာပေါ့။ နောက်ပိုင်း တချောင်းလုံး ပလစ်စတစ်ပြန်လောင်းရတယ်။” အသင်းရဲ့ ဆောင်ရွက်နေတဲ့ကိစ္စတွေမှာ ပြည်ပက အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရမဟုတ်တဲ့အဖွဲ့တွေက လှူဒါန်းတာတော့ ဟုတ်ပါပြီ။ ပြည်တွင်းက လုပ်ငန်းရှင်ကြီးတွေ၊ စီးပွားရေးသမားကြီးတွေ၊ ချမ်းသာကြွယ်ဝသူတွေက လှူဒါန်းမှုကရော ဘယ်လို ရှိပါသလဲ။ “လှူဒါန်းငွေကတော့ ပြည်တွင်း အလှူရှင်အနေနဲ့ အင်မတန်နည်းပါတယ်။ နည်းတယ် ဆိုတာ ဘယ်လိုပြောရမလဲ။ ကျနော်တို့ မြန်မာလူမျိုးတွေက ဗုဒ္ဓဘာသာတွေ များတယ်လေ။ အဲဒီတော့ ဘုရား၊ ကျောင်းကန်၊ ဘုန်းကြီး ဘာညာကျတော့ လှူရင် သူတို့အနေနဲ့ မွန်မြတ်တယ် ထင်သလားတော့ မပြောတတ်ဘူး ပေါ့ဗျာ။ ဒီလိုမျိုး လူမှုရေးအဖွဲ့အစည်းတွေကျတော့ လှူတဲ့အားတော့ တော်တော်နည်းပါတယ်။ ရှိတော့ ရှိပါတယ်။ လှူတဲ့သူတွေလည်း ရှိတယ်။ ကျနော်တို့ဥက္ကဋ္ဌဆို ဘေဘီဗိုက်တာ ကလေးအားတိုးဆေးပိုင်ရှင် ဦးမြတ်ဦးပေါ့နော်။ သူကိုယ်တိုင်ကလည်း လက်ကလေးတွေ မွေးကတည်းက လက်မစုံဘူးပေါ့။ ပူးနေတာပေါ့။ ကျန်တဲ့နေရာတွေ တကိုယ်လုံး ကောင်းတယ်။ သူက ကျနော်တို့အသင်းရဲ့ဥက္ကဋ္ဌ။ အခု ကျနော်တို့ ဖွင့်နေတဲ့ရုံးကလည်း သူ့တိုက်ခန်းကို ပေးပြီး ဖွင့်တယ်။ ပြီးရင် သူ့အလှူဒါနတွေက များပါတယ်။ ၁ နှစ် ၁ နှစ်ကို သိန်း ၁၀၀ ၀န်းကျင်လောက်တော့ သူက လှူတယ်။ ထင်သာမြင်သာရှိတာဆို သူရှိတယ်ဗျာ၊  ပိုင်ဆောက်လုပ်ရေးက အမကြီး ဒေါ်ခင်သန်းနွဲ့တို့၊ နောက် သုဓမ္မသိဂီ င်္ ဒေါ်နီနီပေါ့။ ရွှေသံလွင်ပေါ့။ လှူပါတယ်။ တခြားလှူသူတွေက နည်းပါးပါတယ်။" ပြည်တွင်းစစ်ကြောင့် ထောင်တဲ့မိုင်းကြောင့် ခြေပြတ်လက်ပြတ်ကြသူတွေကို ပြည်ပကနေ လှူဒါန်းသလိုပဲ ပြည်တွင်းက လုပ်ငန်းရှင်ကြီးတွေ၊ စီးပွားရေးသမားတွေက လှူဒါန်း ထည့်ဝင်လာစေဖို့ ဦးအေးကိုကို ဘာပြောစရာရှိမလဲ။ “ဟုတ်ပါတယ်။ ပြည်ပအဖွဲ့အစည်းတွေနဲ့ ကျနော်တို့အသင်းက ပေါင်းပြီး ရပ်တည် လှုပ်ရှားနေတယ်ပေါ့နော်။ ပြည်တွင်းအလှူရှင်တွေကတော့ အများကြီး အားနည်းနေ တယ်ပေါ့နော်။ အဲဒီတော့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေအနေနဲ့လည်း ကျနော်တို့ အသင်းလိုမျိုးပေါ့။ ကျနော်တို့ကတော့ မသန်စွမ်းတွေအတွက်ကို ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကအစ အကုန်လုံး ကူညီထောက်ပံ့ပေးနေတဲ့အသင်းပေါ့။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့လို အသင်းမျိုးကိုလည်း လှူဒါန်းပေးကြပါလို့ ပြောလိုပါတယ်။” မြေမြှုပ်မိုင်းကြောင့် သေကျေဒဏ်ရာရနေကြတာဆိုတော့ မြေမြှုပ်မိုင်းသုံးစွဲနေမှုနဲ့ ပတ်သက်လို့  မှတ်ချက်စကား ပြောပြပါ။ “ဒီ မြေမြှုပ်မိုင်းကတော့ ကျနော်တို့ အခုလို ခေတ်ကြီးမှာ မသုံးစွဲသင့်တော့ဘူးလို့ ကျနော် မြင်တာလေ။။ ဘာပဲဖြစ်ဖြစ် ကိုယ့်ပြည်တွင်းမှာ နိုင်ငံခြားတိုင်းပြည်တွေနဲ့ ဖြစ်တာလည်း မဟုတ်ဘဲနဲ့ ကိုယ့်ပြည်တွင်းက ပြည်သူပြည်သားတွေ အချင်းချင်း ဟုတ်လား။ တပ်မတော်ကလည်း ကိုယ့်ရဲ့ ပြည်သူပြည်သားပဲ။ ဟိုဘက်က လက်နက်ကိုင်ကလည်း ကိုယ့်ရဲ့ ပြည်သူပြည်သားပဲ။ ဒီကြားထဲက အပြစ်မဲ့တဲ့ ပြည်သူပြည်သားတွေဟာ ဒါတွေကို နင်းပြီးတော့ ခြေထောက်တွေ၊ လက်တွေ ပြတ် တယ်။ အဲဒီတော့ မြေမြှုပ်မိုင်းတွေကို အသုံးပြုမှု ရပ်စဲသင့်ပြီလို့ပဲ ကျနော်မြင်ပါတယ်။ မသုံးသင့်တော့ ဘူးလို့ပဲ မြင်ပါတယ်။” တစုံလုံး ခြုံပြီးတော့ ဘာပြောစရာရှိဦးမလဲ။ “ဒီဗွီဘီက အခုလို မေးမြန်းတဲ့အတွက်၊ ကျနော်တို့လည်းရှင်းပြခွင့်ရတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။” ဓာတ်ပုံ-ဦးအေးကိုကို ဖေ့စ်ဘွတ်ခ် [gallery ids="87315,87316,87317,87318,87319,87320,87321,87322,87323,87324,87325,87326"]  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024