Home
ဆောင်းပါး
မင်းဒင်ရဲ့ တိုင်းကျော်ပြည်ကျော် သရော်စာများ
DVB
·
March 25, 2015
ညကြီးမင်းကြီး ထပြီး ဘုန်းကြီးတွေ မီးလောင်ဗုံးနဲ့ ဖြိုခွင်းပြတတ်သလို နေ့ခင်းကြောင်တောင် ကင်မရာသကောင့်သား မီဒီယာတွေမြင်ကွင်းရှေ့ ဗြောင်ကျကျထွက်ပြီး တုတ်သိုင်း၊ ပါးစပ်သိုင်းနဲ့ ဘီလူးဆိုင်းတီးပြတတ်သော အဆိုပါလုပ်ရပ်များကို အမြဲတစေ မှန်ကန်သည်ဟု ဆိုရေးရှိအပ်သော အစိုးရမင်းများနေထိုင်ရာ နေပြည်တော်ဟူသောအရပ်၌ ယခုရက်ပိုင်းအတွင်း ထူးဆန်းသော တိုင်းကျော်ပြည်ကျော်လုပ်ရပ်တခု ထပ်ပြီးလုပ်ပြရန် ကြံစည်တရပ်ရှိနေပြန်ချေပြီတမုံ့။ စာရေးဆရာမင်းဒင်ရဲ့ ရပ်ကျော်ရွာကျော်သရော်စာများ စာအုပ်ဖတ်ပြီးသကာလ စာအုပ်အညွှန်းရေးရန် ကွန်ပျူတာရှေ့ထိုင်လိုက်ချိန်  ယောင်ပေါင်းပြီး ရေးလိုက်မိတဲ့ စာသားတွေ ဖြစ်ပါတယ်။ ဒီလိုမျိုးအရေးအသားကို ပထမဆုံးဖတ်မိတာ မင်းသိင်္ခစာအုပ်တွေမှာ ဖြစ်ပြီး နောင် စာဖတ်သက် ရင့်လာတော့ ဒီလိုမျိုးအရေးအသားနဲ့ စာဖတ်ပရိသတ်ကို ပိုင်ပိုင်နိုင်နိုင် စွဲခေါ်သွားနိုင်ခဲ့တာ ဆရာကြီးရွှေဥဒေါင်းပါလားလို့ သိရပြန်ပါတယ်။ ဆရာကြီးရွှေဥဒေါင်းနဲ့ ခေတ်ပြိုင် ဆရာကြီးတချို့လည်း အလားတူရေးသားပုံမျိုး ရေးသားလေ့ရှိကြပြီး များသေားအားဖြင့် တနေ့သ၌ ကျွန်ုပ်သည် အစချီတတ်လေ့ ရှိပါတယ်။ ၁၉၉၀ ကျော်ကာလ ရုပ်ပြဇာတ်လမ်းတခေတ်မှာတော့ ကာတွန်းဆွေမင်း (ဓနုဖြူ)က အလားတူ အရေးအသားနဲ့ မုဆိုးကျော်တွတ်ပီ၊ တပည့်ကျော် ဗိုက်ကလေးတိုနဲ့ အောင်ပွဲခံခဲ့ ပြန်ပါတယ်။ သက္ကရာဇ် ၂၀၀၀ ကို တော်တော်လေးကျော်လာချိန် ၂၀၀၈-၂၀၀၉ ကာလတွေ ရောက်တော့ အင်တာနက်အွန်လိုင်းပေါ်မှာ အလားတူအရေးအသားနဲ့ ကလောင်တချောင်း ထင်ရှားလာပြီး ရေးသူက မင်းဒင်၊ ဇာတ်ကောင်က သက်ခိုင် ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရ တက်လာတဲ့ ၂၀၁၁ ခုနှစ်လွန်ကာလမှာတော့ မင်းဒင်ရဲ့ သတင်းအခြေပြု ခေတ်ကို သရော်တဲ့စာမူတွေဟာ ပြည်တွင်းထုတ် မြန်မာသတင်းစာနဲ့ ဂျာနယ်တွေကို လွှမ်းမိုးထားလိုက်နိုင်ပါတော့တယ်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း  မင်းဒင်ရဲ့ ရပ်ကျော်ရွာကျော် သရော်စာများစာအုပ်ကို တန်ဖိုး ကျပ် ၄၀၀၀ နဲ့ သက်ခိုင်စာပေက အုပ်ရေ ၁၀၀၀ ဖြန့်ချိလိုက်ပြီး ဖြန့်ချိပြီး ၁ ပတ် ၁၀ ရက်အတွင်း အင်းဝစာပေတိုက်ရဲ့ အရောင်းရဆုံးစာအုပ်စာရင်း ၀င်ခဲ့ပါတယ်။ ရပ်ကျော်ရွာကျော်သရော်စာများစာအုပ်ပါ စာမူ ၃၀ ဟာ စာရေးသူ မင်းဒင်ရဲ့ ၂၀၁၄ ခုနှစ်အတွင်း နေ့စဉ်ထုတ်သတင်းစာနဲ့ ဂျာနယ်တို့မှာ ရေးသားဖော်ပြခဲ့တဲ့ ဆောင်းပါးတွေ စုစည်းထားတာဖြစ်ပြီး စာရေးသူစိတ်ကြိုက်စာမူတွေ ဖြစ်ဟန်တူပါတယ်။ ရပ်ကျော်ရွာကျော်သရော်စာတွေဟာ မြန်မာ့အရေးတွေပေါ် မူတည်ကာ လှောင်ပြောင်ရေးဖွဲ့ထားတာ ဖြစ်ပြီး စာရေးသူ မင်းဒင်ကလည်း သူ့အမှာစာမှာ ခုလို ဖော်ပြထားပါတယ်။ "ဖော်ပြပါလတ္တံ့သော စာစုများသည် မြန်မာပြည်၏ ပစ္စက္ခပကတိရေးရာများနှင့် အကြောင်းအားလျော်စွာ တိုက်ဆိုင်ထိပါး စောင်းချိတ်ရာရောက်နေခဲ့သည်ရှိသော် ထိုသည်ကိုပင် ရည်ရွယ်ဦးတည်လိုရင်းဖြစ်ကြောင်း အလေးအနက် ဖော်ပြအပ်ပါသည်" မင်းဒင်ရဲ့ စာစု ၃၀ မှာ အများစုက မြန်မာ့သတင်း မြန်မာ့အရေးတွေပေါ် အခြေခံပြီး စာရေးသူရဲ့ ကလောင်နဲ့ ခပ်တည်တည်လှောင်ပြောင် ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ မြန်မာ့အရေး မြန်မာ့သတင်းတွေနဲ့ အလှမ်းဝေးသူတွေအတွက် မင်းဒင်ရဲ့ စာတွေဖတ်ရတာ တခုခုလိုနေသလို ခံစားရမှာဖြစ်ပြီး မြန်မာ့အရေးနဲ့ မြန်မာ့သတင်းတွေအပေါ် စိတ်ဝင်တစားရှိသူတွေအဖို့တော့ သူ့စာတွေဖတ်အပြီး ပြုံးတထေ့ထေ့နဲ့ သဘောတွေ့စေမှာ သေချာပါတယ်။ စာမြည်းအဖြစ် ကျွန်ုပ်၊ နော်ဝေဘုရင်ကြီးနှင့် တွေ့ဆုံခဲ့ရစဉ်က စာစုတချို့ ဖတ်ကြည့်ပါဦး။ "ထလန်မီးပွိုင့်မှာ ၃ ကီလိုမျှအလွန်တွင် ဘုရင်ကြီးသည် ရုတ်တရက် ထိတ်ထိတ်ပျာပျာအသံဖြင့် ရပ် ရပ် ယူ၍ ငယ်သံပါအောင် အော်တော်မူပြန်ရာ ကျွန်ုပ်လည်း ကားကို ချက်ချင်းအရှိန်လျှော့၍ လမ်းဘေးသို့ ထိုးရပ်ရပြန်သည်။ မင်းမြတ်သည် လမ်းဘေးရှိ ဧရာမမြေကွက်လပ် လယ်ကွင်းပြင်ကြီးထဲမှ မြေညှိနေသည့် ဘူဒိုဇာ ၃ စီးခန့်နှင့် မဒမတိုင်သွပ်မိုး ယာယီအဆောက်အဦတို့ကို လက်ညှိုးညွှန်လျက် စိုးရိမ်တကြီး အမေးတော် ရှိပြန်သည်။ "ဂေါဝိန်ဆိပ်ကမ်းမြင်ကွင်းပါကလား မစ္စတာဒင်" "မတူပါခင်ဗျာ၊ ဘူဒိုဇာဖြင့် မြေညှိနေခြင်းမှာ အဆောက်အဦသစ်ဆောက်လုပ်ရန် ဖြစ်၍ ယာယီတဲတို့မှာ မြန်မာအလုပ်သမားတို့ စံမြန်းရန်ဖြစ်ပါသည်ခင်ဗျာ၊ ထိုင်းနိုင်ငံတွင် တဲကို ဘူဒိုဇာနှင့် ထိုးကော်သောဓလေ့ မရှိပါခင်ဗျား" ဘုရင်မင်းမြတ်ကား ရင်ကိုဖိလျက် သက်ပြင်း လေးပင်စွာ ချတော်မူသည်။ နော်ဝေဘုရင် မြန်မာပြည်သွားတော့ မန္တလေး၊ ဂေါဝိန်ဆိပ်ကမ်းက ကျုးကျော်တဲတွေ ဘူဒိုဇာနဲ့ ရှင်းပစ်လိုက်တဲ့သတင်းအပေါ်အခြေခံပြီး ရေးဖွဲ့ ထားတာ ဖြစ်ပါတယ်။ အလားတူစာတွေကို ဆြာဒင် တစစီ ရိုက်ချိုးပစ်ချင်သော သရဖူ၊ ဆြာဒင် စီအိုင်အေနှင့် တရုတ်ထရိုဂျင်စစ်ဆင်ရေး၊ ဆြာဒင်၏ ကာချုပ်ကြီးသို့ သတင်းစကား၊ ဆြာဒင်၏ ကျမျက်ရည်မကြေညာစတမ်း၊ ဆြာဒင်၏အီးခေတ်ကို ရောက်ရမည်မှာ မလွဲပါ၊ ဆြာဒင် စီရင်အပ်သော ကျတ်ပြေးရာဇ၀င်တော်ကြီးစတဲ့ စာစုတွေမှာ ဖတ်ရှုရနိုင်ပြီး ဖတ်ပြီးသကာလ ပြုံးမိကြမှာလဲ အမှန်ပဲ ဖြစ်ပါတယ်။ မင်းဒင်ရဲ့ စာတွေ ဖတ်ပြီး သူဟာ ဝေါဟာရကြွယ်ဝသလို ကြွယ်ဝတဲ့ဝေါဟာရကိုလည်း သူ့နေရာနဲ့သူ အကွက်ချစီစဉ်ရေးသားထည့်သွင်းတတ်သူလို့ ကောက်ချက်ချမိပါတယ်။ လွန်လေပြီးသောအခါ မဟာသမ္မတမင်းနောက် အသင်္ချေယ အသက်တမ်းမင်းဆက် ဘယ်နှဆက်မျှော်ကမှန်းမသိတွင်.........ထက်အောက်မြေလွှာ အဇဋာတခွင်လုံး ကတမြားတွင်း ရွှေတွင်း ငွေတွင်း ပယင်းဒုတာတို့အပြင် ကြွက်တွင်းပါ တက်တက်စင် ပြောင်လျက်...စတဲ့အရေးအသားတွေ သူ့စာထဲ ဖတ်ရသလို၊ ဖလန်းဖလန်းထ၊ ဖေ့စ်ဘွတ်သည် အလျားအနံ မရှိသေည်ငြား Like ဆိုသည့်အရာကတော့ အသွားအပြန်ရှိသည် စတဲ့စတဲ့ အသုံးအနှုန်း အရေးအသားတွေလဲ တွေ့ရပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက် အစိုးရကို ဝေဖန်ထောက်ပြရေးသားကြတဲ့ ကလောင်ရှင်တွေ အစီအရီ ပေါ်ထွက်ခဲ့တဲ့ထဲ့ ရှားရှားပါးပါး သရော်စာရေးပြီး ဝေဖန်ထောက်ပြနေတဲ့ မင်းဒင်ရဲ့စာတွေ ပရိသတ်အကြိုက်တွေ့နေဦးမှာ ဖြစ်ပြီး ပရိသတ်အကြိုက်တွေ့မယ့်စာတွေလည်း စာရေးသူ မင်းဒင် ဆက်ပြီးရေးသားနေဦးမယ်လို့ မျှော်လင့်မိပါတယ်။ အစိုးရရဲ့ တိုင်းကျော်ပြည်ကျော် မလျော်ကန်တဲ့ လုပ်ရပ်တွေကလည်း ထပ်တလဲတလဲ ပေါ်ထွက်နေဦးမှာ မလွဲမို့လား။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024