တရုတ်ပြည် ရှေ့ခရီး (လီကွမ်ယု၏ အမြင်)

(တနင်္လာနေ့မနက်ပိုင်းက ကွယ်လွန်သွားတဲ့ စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယုရဲ့ ထင်ရှားတဲ့ စာအုပ်ထဲက အစွန်းရောက်အစ္စလာမ်ဝါဒအကြောင်းနှင့် တရုတ်ပြည်အကြောင်းတို့ကို စာရေးသူ ညီစောလွင်က ကောက်နုတ် ဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်) မဟာဗျူဟာကို လက်တွေ့ကျင့်သုံးတဲ့အခါကျတော့ တရုတ်ပြည်အတွက် အဓိက အခက်အခဲတွေက ဘာတွေလဲ။ “တရုတ်ပြည်တွင်းမှာ အဓိက စိန်ခေါ်ချက်ကတော့ ထုံးတမ်းဓလေ့နဲ့ ဘာသာစကားကြောင့် တခြားနိုင်ငံက အရည်အချင်းရှိတဲ့ ပါရမီရှင်တွေကို ဆွဲဆောင်စုစည်းဖို့၊ စီမံခန့်ခွဲဖို့ မဖြစ်နိုင်ဘူး။ အမေရိကန်ပြည်ထောင်စုက လုပ်သလိုမျိုး အရည်အချင်းရှိတဲ့ တခြားနိုင်ငံသားတွေကို လမ်းဖွင့်ပေးမယ်ဆိုရင် တရုတ်စကားမတတ်ဘဲနဲ့ တရုတ်ပြည်ကိုသွားပြီး တရုတ် လူ့အဖွဲ့အစည်း ထဲကို ၀င်ဆန့်ဖို့က မဖြစ်နိုင်တော့ဘူး။ တရုတ်ဘာသာစကားကလည်း တကယ်တော့ သင်ဖို့ အလွန်ခက်တယ်။ ဋ္ဌာန်ကရိုဏ်းကျကျ ပြောဖို့ မလွယ်ဘူး။ နှစ်တချို့ သင်လိုက်လို့ တရုတ်စကား ပြောတတ်သွားရင်တောင် တရုတ်စာကို ဖတ်နိုင်ဖို့က မလွယ်ပြန်ဘူး။” “လက်ရှိ စင်ကာပူက လုပ်ထားသလိုမျိုး အင်္ဂလိပ်ဘာသာကို လူသုံးများတဲ့ ဘာသာစကား တခုအဖြစ်နဲ့ သတ်မှတ်လိုက်တာမျိုး မလုပ်ဘဲနဲ့ တရုတ်က ဘာသာစကား ပြဿ နာကို ကျော်လွှားနိုင်မလား၊ တခြားနိုင်ငံတွေနေ ထူးချွန်သူတွေကို စုဆာင်းနိုင်မလား ဆိုတာကတော့ ကျနော်လည်း မပြောတတ်ဘူး။ တရုတ်ပြည်မှာ ကလေးတွေက တရုတ်စကားကို အရင် သင်ရတယ်။ ပြီးတော့ အင်္ဂလိပ်ဘာသာကို သင်တယ်။ ကလေးဘ၀နဲ့ အမေရိကားကို ရောက်သွားလို့ အင်္ဂလိပ်လို လည်လည်ပတ်ပတ် ပြောကောင်းပြောနေပေမယ့် သူတို့ခေါင်းထဲမှာတော့ အနှစ် ၄ ထောင် သက်တမ်းရှိတဲ့ တရုတ်ရိုးရာ ပုံတိုပတ်စတွေက ရှိနေတယ်။” “တရုတ်က အမေရိကန်ပြည်ထောင်စုရဲ့ ဂျီဒီပီကို သေချာပေါက် လိုက်မီသွားမှာပါ။ ဒါပေမယ့် တီထွင်နိုင်စွမ်းမှာတော့ အမေရိကန်ကို ဘယ်တော့မှ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး။ အကြောင်းကတော့ ယဉ်ကျေးမှုပဲ၊ တရုတ်ယဉ်ကျေးမှုက အိုင်ဒီယာတွေကို လွတ်လွတ်လပ်လပ် ဖလှယ်ဖို့၊ ယှဉ်ပြိုင်ဖို့ ခွင့်မပြုဘူး။ အမေရိကားထက် လူဦးရေအရ ၄ ဆလောက် ပိုများတဲ့ တိုင်းပြည်ဗျာ၊ လူတော် အရေအတွက် ၄ ဆလောက် ပိုများနေဖို့ သင့်တာပေါ့။ ဒါပေမယ့် နည်းပညာအရ တရှိန်ထိုး တက်မသွားတဲ့ အကြောင်းရင်းက စောစောက ယဉ်ကျေးမှုနဲ့ ဆိုင်တယ်။” “တရုတ်ခေါင်းဆောင်တွေရဲ့ အဓိကကြောက်နေတာက အဂတိလိုက်စားမှုတွေနဲ့ လူတွေရဲ့ မကျေနပ်ချက်တွေက ထိပ်တိုက်တိုးပြီး ဘယ်အချိန်မှာ ထပြီး ပေါက်ကွဲသွားမလဲဆိုတာပဲ။” “တိုင်းပြည်ရဲ့ အရွယ်အစားကလည်း ဧရာမဆိုတော့ သူတို့ အပူကလည်း မသေးပါဘူး။ ပြသနာတွေရဲ့ သဘာဝကလည်း ကိုင်ရတွယ်ရတာ လက်ဝင်တာ၊ အခြေခံ အဆောက်အဦပိုင်းက အားနည်းတာ၊ အင်စတီကျူးရှင်းပိုင်းမှာ အားနည်းတာ၊ စတာလင်ခေတ်က ဆိုဗီယက်စနစ်မျိုးနဲ့ သူတို့စနစ်ရဲ့ အားနည်းချက်တွေက ရှိနေတယ်၊” “တရုတ်ပြည် ရင်ဆိုင်နေရတဲ့စီးပွားရေးပြသနာတွေကလည်း အများကြီး ရှိပါတယ်။ ကမ်းရိုးတမ်းဒေသနေ သူဌေးတွေနဲ့ ကုန်းတွင်းဒေသမှာ နေတဲ့ပြည်သူတွေအကြားမှာ ၀င်ငွေ ကွာဟချက်၊ ကမ်းရိုးတမ်းဒေသ မြို့တွေ အချင်းချင်းကြားက ၀င်ငွေမညီမျှချက်တွေလည်း ရှိနေတယ်။ ဒါတွေကို ဂရုတစိုက်နဲ့ စောင့်ကြည့်ဖို့ လိုတယ်။ ဒီလိုမှ မဟုတ်ရင်တော့ မကျေနပ်ချက်တွေ ဆိုးရွားလာပြီးတော့ လူမှုပဋိပက္ခတွေဆီကို ဦးတည်သွားနိုင်တယ်။” “နည်းပညာကြောင့် သူတို့ရဲ့ အုပ်ချုပ်မှုစနစ်က ခေတ်နောက်ကျ ကျန်ခဲ့တယ်။ လာမယ့် ၂၀၃၀ ခုနှစ်ကျရင် ၇၀ ရာခိုင်နှုန်း၊ ၇၅ ရာခိုင်နှုန်းသော တရုတ်ပြည်သူတွေဟာ မြို့ကြီး၊ မြို့လတ်နဲ့ မြို့ငယ်စသဖြင့် မြို့ပေါ်တွေမှာ နေလာကြတော့မယ်။ လက်ကိုင်ဖုန်းတွေကို သုံးလာကြမယ်။ အင်တာနက်ကို သုံးလာကြမယ်။ ဂြိုလ်တုတယ်လီဗေးရှင်းတွေကို သုံးလာကြတော့မယ်။ အကြားအမြင်များတဲ့ မြို့သားတွေ ဖြစ်လာတော့မယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် လာကြတော့မယ်။ လက်ရှိ အုပ်ချုပ်တဲ့ပုံစံမျိုးနဲ့ သူတို့ကို အုပ်ချုပ်လို့ မဖြစ်နိုင်တော့ဘူး။ လူဦးရေကလည်း များလာတဲ့အတွက် အခုအတိုင်း လူနည်းနည်းလေးကို စောင့်ကြည့်တာ၊ နှစ်သိမ့်တာမျိုး လုပ်လို့ မရတော့ဘူး။” “နည်းပညာတွေက ဈေးပေါလာပြီး အလွယ်တကူ လက်လှမ်းမှီလာတာနဲ့အမျှ၊ မြို့ကနေ တောဘက်ကို ပြောင်းပြန် ပြောင်းရွှေတဲ့ ဦးရေက များလာတာနဲ့ အမျှ ဝေးလံခေါင်ဖျားတဲ့ တောဘက်ဒေသတွေမှာ ခေါင်းပုံဖြတ်ခံရတဲ့ အဖြစ်မှန်တွေကို လူတွေကြားမှာ မျက်စိပွင့် လာကြမယ်။ ဒါတင်မက လက်ရှိ စက်မှုကဏ္ဍ တိုးတက်မှုနဲ့အတူ နှစ်စဉ်အနည်းဆုံး လူ ၁၀ သန်း လောက်ဟာ အသစ်ဆောက်နေတဲ့ မြို့သစ်တွေဆီကို သွားမယ်ကြတယ်ဆိုတာကို တရုတ်တွေက သိတယ်။ ဒါကို လက်တွေ့ကျကျ ပြောင်းလဲဖို့ဆိုရင် လက်ရှိ လုပ်နေတဲ့ အတိုင်းပဲ လုံခြုံရေးအစီအမံတွေကို တင်းကျပ်၊ အဓိကရုဏ်းတွေ မပေါ်ပေါက်အောင် ထိန်းထား၊ အုံကြွမှုတွေ မဖြစ်အောင် ကာကွယ်၊ တချိန်တည်းမှာ လျှော့သင့်တာတွေကို လျှော့…။ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေကို လုပ်ပိုင်ခွင့်ပိုပေး၊ မြို့အုပ်ချုပ်ရေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ကို တိုးပေး၊ အောက်ခြေလူထုရဲ့ လုပ်ပိုင်ခွင့်တွေ ချဲ့ပေး ဒီလို နည်းလမ်းတွေနဲ့ဆိုရင် အခြေအနေကို ထိန်းထားနိုင်ပါလိမ့်မယ်။” “တရုတ်အင်ပါယာခေတ်က တရုတ်က တခြားကမ္ဘာ့အရေးအရာတွေအပေါ် မစိုးရိမ်ခဲ့ဘူး။ ဒီတကြိမ်မှာတော့ စိုးရိမ်ဖို့ လိုလာပြီ၊ အကြောင်းကတော့ တရုတ်ပြည်မှာ အရင်းအမြစ်တွေ မရှိဘူး၊ ရေနံ လိုတယ်၊ နီကယ် လိုတယ်၊ ဒါတွေ မရှိရင် တရုတ်ရဲ့ စီးပွားရေးတိုးတက်မှုဆိုတာ ရပ်သွားမှာပေါ့။” “ဒီနေ့ခေတ် တရုတ်ပြည်ရင်ဆိုင်နေရတဲ့ မြောက်အမေရိကား၊ ဥရောပ၊ ဂျပန်တို့ ဆိုတာက အလွန်တိုးတက်နေပြီး၊ အရှေ့တောင်အာရှနိုင်ငံတွေ၊ အိန္ဒိယတို့ကလည်း အထိုက်အလျောက် တိုးတက်နေပြီ၊ နောက်ထပ်နှစ်ပေါင်း ၃၀ ကြာလို့ ၂၀၅၀ လောက်ကျရင် တရုတ်ပြည်ရဲ့ ဂျီအန်ပီ အရွယ်အစားက အကြီးဆုံးဖြစ်လာရင်တောင် တဦးချင်း ဂျီအန်ပီချင်း ယှဉ်ရင် အလွန်နည်းပါးပြီး နည်းပညာအရလည်း အများကြီး နောက်ကောက်ကျနေသေးတယ် ဆိုတာကို တွေ့ရလိမ့်မယ်ဗျ၊ ဒါကြောင့် အဲဒီအခြေအနေကိုရောက်ဖို့ ဆိုရင် လက်တွေ့ဝါဒကို ကျင့်သုံးဖို့ လိုတယ်။ စင်ကာပူခေါင်းဆောင်တွေလိုပဲ ဖြစ်နိုင်ချေ၊ မဖြစ်နိုင်ချေတွေကို သိမြင်ပါးနပ်ဖို့ လိုတယ်။ အာရှကို လွှမ်းမိုးဖို့ ရည်မှန်းချက်ဟာ လက်တွေ့မှာ မဖြစ်နိုင်ဘူးဆိုတာကို သိဖို့ လိုတယ်။” “ဒီအခြေအနေတွေ နောက်ခံမှာ ခန့်မှန်းချက်တွေက အဖြောင့်အတိုင်း ဖြစ်လာဖို့ဆိုတာ လက်တွေ့ မကျနိုင်ပါဘူး။ ရှေ့မှာ တရုတ်ပြည်က ရင်ဆိုင်ရမယ့် အခက်အခဲတွေ၊ ဖြတ်ကျော်ရမယ့် အတားအဆီးတွေက အများကြီး။ လေ့လာသူတွေက ခန့်မှန်းထားတာ ထက်တောင် အများကြီး ပိုပါသေးတယ်။ အရေးကြီးဆုံး ပြသနာတရပ်ကတော့ အုပ်ချုပ်မှုစနစ် ဖြစ်တယ်။ တရုတ်ပြည်ရဲ့ လက်ရှိအခြေအနေက တရားဥပဒေစိုးမိုးမှု မရှိဘူး။ ဒီနေ့ခေတ် တရားဥပဒေစိုးမိုးမှုဆိုတာက အင်ပါယာခေတ်က အခြေအနေနဲ့ ထူးမခြားနားပဲ။ ဧရာမ နိုင်ငံအကျယ်အ၀န်းထဲမှာ ဧကရာဇ်ငယ်တွေကလည်း သူတို့ဒေသမှာ သြဇာတွေကို ထူထောင် နေကြတယ်။ ထုံးတမ်းဓလေ့အရလည်း စဉ်းစားတွေးခေါ်မှု၊ တီထွင်မှုတွေမှာ အကန့်အသတ် ဖြစ်နေတယ်။ အတွေးအခေါ်တွေကို ပုံဖော်တဲ့ ဘာသာစကားအရလည်း ရိုးရာပုံတိုပတ်စတွေ၊ အနှစ် ၄ ထောင်ကျော်က သင်ကြားချက်တွေကို မကျော်နိုင်ဘူး။ တန်ဖိုးရှိတဲ့ အဆုံးအမတွေ ဆိုတာက ရှေးက ဆိုခဲ့တဲ့အတိုင်းပဲ၊ ရှေးစကားက သာ၍ တန်ဖိုးကြီးတဲ့ ဆိုတဲ့ စဉ်းစားချက်မျိုးက အရိုးစွဲနေတယ်။ ဘာသာစကားမှာလည်း တရုတ်လူ့အဖွဲ့အစည်းနဲ့ ၀င်ဆန့်နိုင်ဖို့ နိုင်ငံခြား သားတွေအတွက် တရုတ်ဘာသာစကားကို တော်ဝင်တန်းဝင် သင်ကြားဖို့ ခက်ခဲတာ၊ တရုတ်လူ့အဖွဲ့အစည်းကိုယ်တိုင်က ၀င်ဆန့်ခွင့်မပေးတာ စတာတွေကြောင့် တခြား လူ့အဖွဲ့အစည်းက ထူးချွန်ထက်မြတ်သူတွေကို ဆွဲဆောင်နိုင်ဖို့ ကြီးစွာသော အဟန့်အတား ဖြစ်စေတယ်။” “စင်ကာပူဆိုရင် တရုတ်ပြည်မှာလိုပဲ ကွန်ဖြူးရှပ်ရဲ့ အရေးကြီးတဲ့ ဒဿ နတွေကို ကျင့်သုံး တာချင်း တူတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လုံးလုံး အင်္ဂလိပ်ဘာသာစကားကို အများသုံးဘာသာစကား ဖြစ်လာအောင် တည်ဆောက်ခဲ့ရတယ်။ တရုတ်ဘာသာစကားကတော့ ဒုတိယပေါ့။ မတော်တဆ မဟုတ်ပါဘူး၊ အတိုက်အခံတွေကြားက တွန်းတွန်းတိုက်တိုက် လုပ်ခဲ့တာ အကြောင်းရှိတယ်။ စင်ကာပူကို ကမ္ဘာကြီးထဲကို ဆွဲသွင်းလိုက်ပြီး ကျနော်တို့ ကိုယ်တိုင် ကမ္ဘာကြီးထဲမှာ ၀င်ဆန့်လာအောင် ရှာဖွေမှုအသစ်တွေ၊ တီထွင်မှုအသစ်၊ ဖန်တီးမှု အသစ်တွေကို လက်ကမ်းကြိုဆိုဖို့ ရည်ရွယ်ပါတယ်။ ဒါတွေက အင်္ဂလိပ်ဘာသာစကားမှာတင် ရှိရုံတာ မဟုတ်ပါဘူး။ အင်္ဂလိပ် စိတ်နေစိတ်ထားမှာလည်း ကိန်းအောင်းနေပါတယ်။” “ဒီအခြေအနေတွေ ဖြစ်လာအောင် စင်ကာပူလိုမျိုး စီးတီးစတိတ် တိုင်းပြည်မှာ ကြံ့ခိုင်တဲ့ ခေါင်းဆောင်မှုနဲ့ ဖန်တီးနိုင်ခဲ့တယ်။ အင်္ဂလိပ်ဘာသာစကားကို အများသုံးဘာသာစကားလုပ်ဖို့ တခါတုန်းက တရုတ်ခေါင်းဆောင်တွေကို ကျနော်အကြံပေးခဲ့ဖူးပါတယ်။ ဒီလောက်ကြီးမားတဲ့ တိုင်းပြည်၊ မဟာယဉ်ကျေးမှုနဲ့ မိမိကိုယ်ကို ယုံကြည်စိတ် ပြင်းထန်တဲ့ တရုတ်ပြည်အတွက် ဒါက လက်တွေ့မကျဘူးဆိုတာက ရှင်းပါတယ်။ ဒါပေမယ့် ဒီကိစ္စက အရေးကြီးတဲ့ အဟန့်အတားတခုပါ။” ဒေသတခုလုံးနဲ့ အပြင်ဘက်ကို လွှမ်းမိုးနိုင်ရေးဟာ တရုတ်ခေါင်းဆောင်တွေအတွက် ဘယ်လောက် အလျင်စလို အရေးကြီးတယ်လို့ ဆိုနိုင်လဲ။ “တရုတ်တွေအတွက် အမေရိကားရဲ့ နံပါတ် ၁ နေရာကို ၀င်ယူဖို့ အလျင်မလိုပါဘူး။ ဒီနေရာကို ရောက်ရင် ၀င်ထမ်းရမယ့်ဝန်ထုပ်ဝန်ပိုးတွေလည်း ရှိနေတယ်။ လောလောဆယ်မှာ ဂျီ ၂၀ လို အဖွဲ့မှာ အဖွဲ့ဝင်ဖြစ်နေတာကိုပဲ တရုတ်အတွက် အဆင်ပြေနေပြီ။ ဒီအဖွဲ့ထဲမှာ တရုတ်ရဲ့ အမြင်တွေက အရာရောက်တယ်။ တရုတ်စီးပွားရေး အကျိုးစီးပွားအာမခံချက်တွေကို အလေးအနက် ထားတယ်။ ဒါပေမယ့် တာဝန်ယူမှုအပိုင်းကျတော့ အဖွဲ့ဝင်နိုင်ငံ၂၀ လုံးက စုပေါင်းခေါင်းခံကြတယ်။” “တဖက်မှာ တရုတ်ရဲ့ သြဇာကို အလျင်အမြန် ထူထောင်ဖို့ တောင်းဆိုနေတဲ့ အသံတွေ ရှိနေတာ၊ ပိုပြီး လူရိုသေ ရှင်ရိုသေအနေအထားကို တောင်းဆိုတာတွေ၊ လက်ရှိ အခန်းကဏ္ဍကို လက်တွေ့ကျင့်သုံးဖို့ တောင်းဆိုမှုတွေ ရှိနေပေမယ့် ခေါင်းဆောင်တွေ ကြားမှာတော့ သတိကြီးကြီးနဲ့ ရှေးရိုးစွဲ အယူအဆတွေအပေါ်မှာပဲ အာရုံညွတ်တာ များပါတယ်။ သူတို့ အကြားမှာ အများဆန္ဒအတိုင်း လိုက်နာ ကျင့်သုံးတာနဲ့ ရေရှည်အမြော်အမြင်အပေါ်မှာ လုပ်ကိုင် ဆောင်ရွက်ပါတယ်။ ခေါင်းဆောင်တွေကြားမှာ တချို့က ၂၁ ရာစုကို တရုတ်က ပိုင်တယ်လို့ စဉ်းစားကောင်း စဉ်းစားနိုင်ပေမယ့် အမေရိကားနဲ့ ခွဲဝေယူမယ်လို့ စဉ်းစားသူတွေလည်း ရှိပါတယ်။ သူတို့ သဘောထားက နောင်လာမယ့် ရာစုကိုတော့ တရုတ်ရာစု ဖြစ်အောင် တည်ဆောက်မယ်ပေါ့။” တရုတ်ပြည်က နံပါတ် ၁ နရာကို ရောက်လာရင် အာရှမှာ အမေရိကန်ပြည်ထောင်စုရဲ့ အခန်းကဏ္ဍ အပေါ် တရုတ်ခေါင်းဆောင်တွေက ဘယ်လိုမြင်လဲ။ “တရုတ်ခေါင်းဆောင်တွေရဲ့အမြင်မှာ ဒုတိယကမ္ဘာစစ်ပြီးချိန်ကစလို့ ဒေသတစ်ခုလုံးကို ဦးဆောင်မှုပေးနေတဲ့ အမေရိကန်ပြည်ထောင်စုကြောင့်ဒေသတွင်းမှာ တည်ငြိမ်မှုရခဲ့တယ်။ အကျိုးဆက်အနေနဲ့ ဂျပန်၊ အာရှကျားတွေနဲ့ နိုင်ငံတော်တော်များများ၊ တရုတ်ပြည်ကိုယ်တိုင်ပင်လျှင် မမျှော်လင့်တဲ့နှုန်းနဲ့ စီးပွားရေးတိုးတက်ခဲ့တယ်။ တရုတ်ပြည်အတွက် အမေရိကန်ဈေးကွက်က လိုအပ်တယ်၊ အမေရိကန် နည်းပညာက လိုအပ်တယ်။ တရုတ်ကျောင်းသားတွေအတွက်အမေရိကန်မှာ ပညာသင်ကြားနိုင်ဖို့ အခွင့်အလမ်းက လိုအပ်တယ်။ သူတို့တွေ တရုတ်ပြည်ကို ပြန်လာရင်မျက်နှာစာ သစ်တွေအတွက် အိုက်ဒီယာသစ်တွေ ပါလာမယ်ဆိုတာကို တရုတ်က သိတယ်။ ဒါကြောင့် လာမယ့်နှစ်ပေါင်း ၂၀၊ နှစ်ပေါင်း ၃၀ အတွင်းမှာ အမေရိကန်ကို ထိပ်တိုက်ရင်ဆိုင်တာက ဘာမှ အကျိုးမရှိဘူး၊အကျိုးယုတ်နို်င်တယ်ဆ်ိုတာကို တရုတ်က သိတယ်။” “ဒါပေမယ့် တရုတ်ရဲ့ မဟာဗျူဟာကဘောင်ထဲမှာ အင်အားကြီးထွားလာဖို့ဆိုတာက ရှိနေတယ်။ လက်ရှိ နိုင်ငံရေးနဲ့ စီးပွားရေးအခင်းအကျင်းကို အောင်အောင်မြင်မြင်နဲ့ အသစ်ပြန် ပုံသွင်းဖို့ဆိုရင် တရုတ်က လုံလောက်တဲ့ အင်အားရှိလာမယ့်အချိန်ကာလတခုကို စောင့်ရမယ်ဆိုတဲ့ မဟာဗျူဟာပါပဲ။” “လုံခြုံရေးမျက်နှာစာမှာတော့ အမေရိကန်က အမြောက်အမြား အကုန်ကျခံထားတယ်။ တိုက်ရိုက် စိန်ခေါ်မိရင် အချည်းနှီးဖြစ်သွားမယ့်အနေအထား ဖြစ်အောင် အမေရိကန်ဘက်က သူ့အင်အားကို တည်ဆောက်ထားပြီဆိုတာကို တရုတ်က သိတယ်။ ဒါကြောင့် တရုတ်က အမေရိကန်ကို ဖွံ့ဖြိုးရေးကဏ္ဍနဲ့ နည်းပညာအရာမှာ အသာစီးမရခင်အထိ အမေရိကန်ကို စစ်ရေးအရ ထိပ်တိုက် ရင်ဆိုင်တာမျိုးကိုတရုတ်က မျှော်မှန်းမှာ မဟုတ်ဘူး။” “အမေရိကန်က တရုတ်ကို ဘယ်လိုကဏ္ဍမှာ ရင်ဆိုင်တွေ့မလဲ၊ အရှေ့အာရှအရေး မှာလားလို့ မေးရင် တရုတ်အနေနဲ့ အရှေ့အာရှအရေးမှာ ထိပ်တိုက်ရင်ဆိုင်ဖို့ မလိုအပ်ဘူး။ ဖြည်းဖြည်းနဲ့ မှန်မှန်ဆိုသလို တရုတ်က အရှေ့အာရှနဲ့ စီးပွားရေးနှောင်ကြိုးတွေကို တရစ်ပြီး တရစ် နှောင်ဖွဲ့သွားနိုင်တယ်။ တရုတ်ဈေးကွက်မှာ စားသုံးသူဦးရေက သန်းပေါင်း ၁၃၀၀ ရှိတယ်။ နောက်ထပ် ၁၀ နှစ်၊ နှစ် ၂၀ ကို မှန်းကြည့်ရသလောက် ဒီနိုင်ငံတွေကြားမှာ သွင်းကုန်၊ ပို့ကုန် လုပ်ငန်းဟာ ထိပ်ဆုံးကို ရောက်လာလိမ့်မယ်။ ဒီလိုအခြေအနေကို ရောက်လာရင် အမေရိကန်က တရုတ်ကို ကုန်သွယ်ရေးအရ ဘယ်လိုမှ ယှဉ်ပြိုင်နိုင်မှာ မဟုတ်တော့ဘူး။” “တဖက်မှာ အာရှဒေသကနေ အမေရိကန် နောက်ဆုတ်ပေးမယ်လို့လည်း ကျနော် မမြင်ဘူး။ တရုတ်ရဲ့ ပါဝါကတော့ တိုးလာမယ်လို့တော့ မြင်တယ်။ တရုတ်တွေရဲ့ စိတ်နေစိတ်ထားက “ အမေရိကန်ရဲ့ တည်ရှိမှုကို ကျုပ်တို့ မဆန့်ကျင်ဘူး။ ကြိုဆိုတယ်” ဆိုတဲ့ သဘောထားပဲ၊ ဒါလည်း အကြောင်းရှိတယ်။ အမေရိကန်နေရာမှာ သူတို့ အစားမထိုးနိုင်ဘူးဆိုတာကို သူတို့ သိတယ်။ ဒေသတွင်းက နိုင်ငံတွေကလည်း အမေရိကန်ရဲ့ တည်ရှိမှုကို လိုလားနေကြတယ်။ ဒါကြောင့် တရုတ်က ပိုပြီး အင်အားတောင့်တင်းလာမယ့် အချိန်ကို စောင့်မယ်။ စီးပွားရေးနဲ့ စစ်ရေးအရ နောက်ထပ် နှစ် ၁၀၀ ကြာရင်တောင် တရုတ်က အမေရိကားကို ခြေရာချင်း တိုင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အချိုးမညီတဲ့ အခြေအနေနဲ့ပဲ တရုတ်က အမေရိကန်တွေကို ကြီးကြီးမားမား ဒုက္ခပေးနိုင်ပါတယ်။” တရုတ်ရဲ့ ဂဏန်းနှစ်လုံး စီးပွားရေးတိုးတက်မှုနှုန်းက အနှစ် ၃၀ လောက် တည်တံ့လာ တယ် ဆိုတော့ နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာ ဒီအတိုင်းဆက်သွားနိုင်သလား။ “လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်းမှာ တရုတ်ရဲ့ စီးပွားရေးတိုးတက်မှုနှုန်းက နှစ်စဉ် ၁၀ ရာခိုင်နှုန်းဆိုတော့ အံ့သြစရာပါပဲ။ တခါတလေ ၁၂ ရာခိုင်နှုန်းအထိတောင် ရှိခဲ့တယ်။ လာမယ့် ဆယ်စုနှစ်မှာရော ဒီနှုန်းအတိုင်းပဲ ဆက်တက်နေမလားလို့ မေးရင် ကျနော်အမြင်ကတော့ ဆက်တက်နိုင်တယ်။ တရုတ်က နိမ့်ပါးတဲ့အခြေအနေကနေ တက်လာတာ။ ပြည်တွင်းစားသုံးသူ ဦးရေက သန်းပေါင်း ၁၃၀၀ ရှိတယ်ဆိုတော့ သူတို့တွေ ၀င်ငွေတိုးလာတာနဲ့ အမျှ စီးပွားရေးတိုးတက်မှုနှုန်းကို ဆက်ပြီးတော့ တွန်းတင်ပေးထားနိုင်တယ်။” တရုတ်ပြည်က ဒီမိုကရေစီနိုင်ငံဖြစ်လာနိုင်သလား။ “မဖြစ်နိုင်ဘူး။ တရုတ်ပြည်က လစ်ဘရယ် ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ဘူး။ ဖြစ်လာခဲ့ရင် လည်း နိုင်ငံပြိုကွဲသွားလိမ့်မယ်။ တရုတ်ပညာတတ်အသိုင်းအ၀ိုင်းက ဒါကို နားလည်တယ်ဆိုတာ သိပ်ကို သေချာတာပေါ့။ တရုတ်ပြည်မှာ ဒီမိုကရေစီ တော်လှန်ရေးတရပ် ပေါ်ပေါက်လာလိမ့်မယ်လို့ ယုံကြည်ထားရင် ခင်ဗျား မှားလိမ့်မယ်။ တိန်အင်မင်ရင်ပြင်က ကျောင်းသားတွေ အခု ဘယ်ရောက်ကုန်ပြီလဲ၊ သူတို့တွေ ခေတ်ကုန်သွားပြီဗျ၊။ တရုတ်ပြည်သူတွေရဲ့ ဆန္ဒက ပြန်လည် နိုးထလာမယ့် တရုတ်ပြည်ပဲ။” “ပါလီမန် ဒီမိုကရေစီရောဖြစ်နိုင်လားလို့ မေးရင် ရွာတချို့တလေနဲ့ မြို့ငယ်ကလေးတွေမှာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ တရုတ်တွေက ပရမ်းပတာ အခြေအနေကို မလိုလားကြဘူး။ သိပ်ကို သတိကြီးတဲ့ဘက်မှာ ရပ်တည်တယ်။ အလွန်ကို အချိန်ယူရမည့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကြီး ဖြစ်လိမ့်မယ်။ ဒါပေမယ့် ဒီလို အပြောင်းအလဲအတွက် သေချာချင့်ချိန်တာမျိုးက ဖြစ်နိုင်ပါတယ်။ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းတွေက အရင်ထက်ပိုမြန်လာမယ်။ ဈေးပေါ လာမယ်။ တခြားလူ့အဖွဲ့အစည်းတွေကို ကူးလူးဆက်ဆံမှုတွေ များလာတာနဲ့အမျှ တရုတ်ပြည်သူတွေ ကြားထဲမှာ တခြားစနစ်တွေနဲ့ ယဉ်ကျေးမှုတွေနဲ့ ထိတွေ့မှု ပိုများလာမယ်။ အင်တာနက်တွေ၊ စမတ်ဖုန်းတွေလည်း တွင်ကျယ်လာမယ်။ သေချာတာတခုကတော့ လက်ရှိစနစ်က မပြောင်းလဲဘဲ နောက်ထပ် နှစ်ပေါင်း ၅၀ တည်တံ့နေမှာ မဟုတ်ဘူးဆိုတာပါပဲ။” တရုတ်ပြည်ကြီးကို ခေတ်မီစေဖို့ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်တွေက နည်းလမ်းမျိုးစုံနဲ့ အဘက်ဘက်က ပြင်ဆင်ထားတယ်။ အဲဒီနည်းလမ်းတွေထဲမှာ လူတကိုယ် မဲတမဲ ပေးနိုင်တဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကတော့ခြွင်းချက်ပေါ့။ သူတို့မှာ ယုံကြည်ချက် ၂ ချက် ရှိတယ်။ ပထမ တချက်က တရုတ်ပြည်ကို တည်ငြိမ်စေဖို့ဆိုရင် ကွန်မြူနစ်ပါတီက စိတ်တိုင်းကျ အုပ်ချုပ်ထားဖို့ လိုတယ်။ သူတို့တွေ အဓိက စိုးရိမ်တာက ပါတီစုံစနစ်နဲ့ အားလုံးကို လွှတ်ပေးလိုက်ရင် မတည်မငြိမ်ဖြစ်လာမယ်ဆိုတာပဲ။ ဒီလိုဖြစ်လာရင် ဗဟိုကနေ ပြည်နယ်တွေကို ထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားလိမ့်မယ်။ ဒီလို ဖြစ်လာရင် ၁၉၂၀ နဲ့ ၁၉၃၀ ပြည့်လွန် နှစ်တွေမှာ ပေါ်ပေါက်လာတဲ့ စစ်ဘုရင်တွေ မင်းမူတဲ့ ဆိုးရွားတဲ့အကျိုးဆက်တွေ ပေါ်ပေါက်လာနိုင်တယ်ဆိုတာပါပဲ။ “တရုတ်ပြည်ရဲ့ အတိတ်သမိုင်းနဲ့ ဘယ်လိုမှ အဆက်စပ်မရှိတဲ့၊ အစိမ်းသက်သက်ဖြစ်တဲ့ တခြားနိုင်ငံတွေဆီက စနစ်တရပ်ကို တရုတ်ပြည်ထဲကို တင်ပို့ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျနော် ယူဆတယ်။ ဒါကြောင့် တရုတ်ပြည်ကြီး ဒီမိုကရေစီနိုင်ငံဖြစ်လာနိုင်သလားဆိုရင် တရုတ်ပြည်ရဲ့ အနှစ် ၅ ထောင် သမိုင်းမှာ ဒီမိုကရေစီစနစ်ဆိုတာ တခါမှ မပေါ်ပေါက်ခဲ့ဖူးဘူး။ တရုတ်ပြည်ကို အုပ်စိုးခဲ့သူတိုင်းက ဧကရာဇ်တွေလိုပဲ အုပ်ချုပ်ခဲ့ကြတယ်။” “ဒါပေမယ့် ဒီနေ့ကမ္ဘာက ဂြိုလ်တုခေတ်၊ အမြန်ဆက်သွယ်နိုင်တဲ့ခေတ်မျိုးမှာ လူရိုင်းတွေရဲ့ အမူအကျင့်တွေကို ဆက်ကျင့်သုံးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ပြည်တွင်းရေးပါလို့ အော်နေလို့ မဖြစ်တော့ဘူး။ လူ့အခွင့်အရေးအခြေခံပေါ်ကနေ စကားပြောရတော့မယ်။ တရုတ် ခေါင်းဆောင် တွေကလည်း ဒါကို သိပါတယ်။ ကမ္ဘာ့အသိုင်းအ၀ိုင်းမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေ မပြောနဲ့၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ကြားထဲမှာ လူရိုသေ၊ ရှင်ရိုသေ ဖြစ်ချင်တယ်ဆိုရင် အတိုင်းအတာတခုအထိ အဆင့်နေရာတခုကို လိုချင်တယ်ဆိုရင် ကိုယ့်ပြည်သူတွေအပေါ်မှာ ရိုင်းစိုင်းတဲ့ အမူအကျင့်တွေကို မပြုဘဲ ရှောင်ရှားရမယ် ဆိုတာကို သိနေကြပါပြီ၊ ခေတ်မီ နိုင်ငံတနိုင်ငံ ဖြစ်ဖို့ဆိုရင် တရားဥပဒေစိုးမိုးမှု ရှိဖို့ လိုအပ်တယ်ဆိုတာကို တရုတ်ခေါင်းဆောင်တွေ သိကြပါတယ်။ လက်ရှိတရားဥပဒေ စိုးမိုးမှုအနေအထားအောက်မှာ သာမန် ပြည်သူတွေကို အစိုးရအရာရှိတွေက တရားလက်လွတ်အာဏာသုံးတာမျိုးကို ကာကွယ်ပေးထားပါတယ်၊ စီးပွားရေးလုပ်ငန်းတွေလည်း ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရေရှည်လုပ်နိုင်တဲ့ အနေအထား ရှိပါတယ်။ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် ပေါ်ပေါက်လာဖို့ကတော့ နောက်ထပ် အနှစ် ၂၀ လောက် အချိန်ယူရဦးမယ်။ ဒါကလည်း ဧကရာဇ်ရဲ့ အမှုတော်ထမ်း တရားသူကြီးမင်းတွေက အင်ပါယာရဲ့ အမိန့်တော်အတိုင်း လိုက်နာ ဆောင်ရွက်ရတဲ့ သမိုင်းအစဉ်အလာက တရုတ်ပြည်ရဲ့ ဗျူရိုကရေစီစနစ်ထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတာနဲ့ ဆိုင်ပါတယ်။” တရုတ်ပြည်က အမှန်တကယ်ပဲ နံပါတ် ၁ နေရာကို ရောက်လာနိုင်သလား။ “တရုတ်ရဲ့ အားကောင်းချက်က စစ်ရေးလွှမ်းမိုးမှု မဟုတ်ဘူး၊ စီးပွားရေးအရ လွမ်းမိုးမှု ဖြစ်တယ်။ ဈေးပေါပေါနဲ့ ပစ္စည်းတွေကို ထုတ်လုပ်နိုင်တဲ့ လူစွမ်းအားအရာမှာတော့ ကမ္ဘာပေါ်က ဘယ်နိုင်ငံနဲ့ မဆို စီးပွားရေးအရ ယှဉ်ပြိုင်နိုင်တယ်။ သူတို့ရဲ့ လွှမ်းမိုးမှုဟာ အမေရိကန်ရဲ့ လုပ်နိုင်စွမ်းထက် တစထက်တစ သာလွန်နေလိမ့်မယ်။” “တရုတ်ပြည်အတွက် ချွတ်ချော်သွားနိုင်တဲ့အခွင့်အလမ်းက (အကယ်၍ သူတို့မှာ လက်တွေ့ကျပြီး၊ အရှိအတိုင်းမြင်နိုင်စွမ်းတဲ့ ခေါင်းဆောင်တွေရှိနေသမျှ) ၅ ကြိမ်မှာ ၁ ကြိမ်ပဲ ရှိနိုင်တယ်။ လုံးဝ မမှားနိုင်ဘူးလို့ ကျနော် မပြောဘူးနော်။ သူတို့ ရင်ဆိုင်နေရတဲ့ ပြသနာတွေက သေးသေးမွှားမွှားတွေ တခုမျှ မဟုတ်ဘူး။ စနစ်အပြောင်းအလဲ၊ စီးပွားရေးဓလေ့ အပြောင်းအလဲ၊ အဂတိလိုက်စားမှု လျော့ချရေး၊ စိတ်နေစိတ်ထား ပြောင်းလဲရေးဆိုတဲ့ မလွယ်တဲ့ ပြသနာတွေ ဖြစ်နေတယ် မဟုတ်လား။” “တရုတ်တွေရဲ့ တွက်ချက်မှုအရ လက်ရှိ “ငြိမ်းချမ်းစွာအတက်ခရီး” အတိုင်း ဆက်သွားချင်တယ်ဆိုရင် စီးပွားရေးနဲ့ နည်းပညာအရာမှာ ပထမနေရာကို ယှဉ်ပြိုင်မှသာ သူတို့အတွက် အရှုံးမရှိနိုင်ဘူးဆိုတာပဲ။ ၂၁ ရာစုကို ကမ္ဘာမှာ အာရှက သူရဲ့ မူလ အဆင့်နေရာကို ပြန်လည်ရရှိတဲ့ ရာစုနှစ်အဖြစ် ရှုမြင်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း တရုတ်အပါအ၀င် အရှေ့အာရှရဲ့ တိုးတက်မှုတွေက အနာဂတ်အတွက် အကောင်းမြင် စရာချည်းပဲ။ တရုတ်ပြည်မှာ ကြိုတင် မမျှော်မှန်းနိုင်တဲ့ ကြီးမားတဲ့ကပ်ဘေးတွေ ပေါ်ပေါက်ပြီး တချိန်တုန်းကလို ဗရမ်းပတာ ပြိုကွဲ၊ နယ်စားပယ်စားစစ်ဘုရင်စနစ် အလျှိုလျှို ပေါ်ပေါက်လာတဲ့ အခြေအနေမျိုးကို ရှောင်ဖို့ကတော့ တရုတ်ပြည်သူတွေကို စနစ်တကျ စုစည်းနိုင်မလား။ အတိတ်ဆီက သင်ခန်းစာ ယူနိုင်မလား၊ ခေတ်မီ သိပ္ပံနဲ့ နည်းပညာကို အကျိုးရှိရှိ အသုံးချနိုင်မလားဆိုတဲ့ မေးခွန်းအပေါ်မှာ မူတည်တယ်။ တခြားစက်မှုနိုင်ငံတွေနဲ့ စက်မှုဖွံ့ဖြိုးစနိုင်ငံတွေဆီက အထောက်အကူတွေကို ယူလိုက်ရင် တရုတ်ပြည်ရဲ့ လက်ရှိ ဖွံ့ဖြိုးမှုအရှိန်ကို တွန်းတင်နိုင်လိမ့်တယ်။ ဒီနည်းနဲ့ဆိုရင် လာမယ့် နှစ်ပေါင်း ၅၀ မဟုတ်ရင်တောင် နှစ်ပေါင်း ၁၀၀ အတွင်း ပထမအဆင့်မှာ အပြည့်အ၀ စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံ၊ နောက်တဆင့်ကျတော့ အဆင့်မြင့် နည်းပညာလူ့အဖွဲ့အစည်းဆီကို မျှော်မှန်းနိုင်တယ်။” ဇီဂျင်ပင်းက ဘယ်လိုလူမျိုးလဲ။ “သူ့ဘ၀က ဟူဂျင်တောင်းထက်တောင် ကြမ်းတမ်းတယ်။ သူ့အဖေက တကယ့် ကျေးတောသား။ သူလည်း တောသားပဲ။ အခက်အခဲတွေကို သူ ဖြတ်သန်းခဲ့တယ်။ တောင်ပိုင်းပြည်နယ်မှာ ရိုးရိုးကုတ်ကုတ်နဲ့ အလုပ်လုပ်ရင်းနဲ့ ဖူဂျီယန်ပြည်နယ်ရဲ့ အတွင်းရေးမှူး ဖြစ်လာတယ်။ နောက်တော့ ရှန်ဟိုင်းကို ရောက်သွားတယ်၊ အဲဒီကနေ ပီကင်းပေါ့။ ဘာမှ အလွယ်တကူ မရခဲ့တဲ့ သူ့ဘ၀ အတွေ့အကြုံတွေကြောင့်ပဲ သူဟာ ထုသားပေသား ကျလာခဲ့တယ်။” “သူက တည်ကြည်တယ်။ သူ့ရဲ့ ယုံကြည်မှုကို ဘယ်တော့မှ သစ္စာမဖောက်တဲ့သူ၊ သူ့ကို စိတ်ဆိုးအောင် ပြောရင်တောင် ခပ်ပြုံးပြုံးနေနိုင်တဲ့လူစား။ စိတ်ဓာတ်က သံမဏိလို မာကျောတယ်။ ဟူဂျင်တောင်း ထက်တောင် ပိုမာသေးတယ်။ ဟူဂျင်တောင်းရဲ့အတက်ခရီးမှာ ဇီဂျင်ပင်းလိုမျိုး အစမ်းသပ်ခံရ၊ အတိဒုက္ခ ရောက်ရတာမျိုးနဲ့ မကြုံခဲ့ရဘူး။ ဇီဂျင်ပင်းကတော့ ဒါတွေကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်။” “ဇီဂျင်ပင်းဟာ နယ်ဆင်မန်ဒဲလားလိုလူစားမျိုးပဲ…။ စိတ်လှုပ်ရှားမှုကို အလွန် ထိန်းသိမ်း နိုင်စွမ်းရှိတယ်။ တကိုယ်ရည်ကံဆိုးမှုနဲ့ အတိဒုက္ခတွေကြောင့် ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ အမှားယွင်းမခံဘူး..။ တနည်းဆိုရရင်သူဟာ အထင်ကြီးလေးစားစရာ ကောင်းတယ်။” ညီစောလွင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up