Home
ဆောင်းပါး
မြန်မာ့ထီးအရေးတော်ပုံ (ဆောင်းပါး)
DVB
·
March 23, 2015
ဆိုရှယ်ကွန်ရက်မှာ ခုတလော ပေါ်ပြူလာအဖြစ်ဆုံးဓါတ်ပုံတခုကို တွေ့ကြပြီးဖြစ်မှာပါ။ ဖေ့စ်ဘွတ်မှာတင်တဲ့ပုံတွေက စိတ်မချရာလည်း လူတိုင်းသိကြပါတယ်။ စမတ်ဖုန်းတခုရှိတာနဲ့ လုပ်ချင်ရာလုပ်နိုင်တဲ့ ပါဝါကိုပါရလာတော့ တချို့က ကိုယ်မကြိုက်တဲ့သူတွေကို ရုပ်ဖျက်ပြီး တင်ကြတယ်။ ထပ်ချည်းတလည်း ရှယ်နေကြသေးတယ်။ မတင့်တယ်တာကို ကြည်ညိုခိုင်းသလို ဖြစ်နေတယ်။ ဟောလိဝုဒ် မင်းသားမင်းသမီးတွေဖြစ်ဖြစ် အစိုးရဖက်က လူကြီးတွေကိုဖြစ်ဖြစ် အဲလို သူများလုပ်ထားတာကို ခဏခဏမြင်နေရတာ မဆီလျှော်ပါ။ အခုပုံကိုလည်း အဲလိုအစားထဲကပဲဆိုပြီး ကျော်လွှားသွားခဲ့သေးတယ်။ အတော်လက်ဆော့တဲ့ လူပဲလို့ ထင်မိပါသေးတယ်။ နောက်တော့မှ ဇာတ်လမ်းတွေထွက်လာလို့ ထီးပျောက်ရှာပုံတော် ဖွင့်ရပါတော့တယ်။ လန်ဒန်ကထုတ်တဲ့ (တယ်လီဂရပ်) နဲ့ သြစတေးလျထုတ် (အေ့ခ်ျ) သတင်းစာတွေကနေရေးတော့မှ လက်သယ်အစစ်ဟာ ပြန်ကြားရေးဝန်ကြီးဌာနဖြစ်နေတာ သိရတော့တယ်။ (မဲလ်ဘမ်း) သတင်းခေါင်းစီးက ပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်။ အစိုးရအရာရှိတွေရဲ့ ဓါတ်ပုံတွေကို လိုသလိုမွမ်းမံတတ်တဲ့ မြောက်ကိုရီးယားနဲ့ တရုပ်တို့ကို ပြိုင်မယ့်သူတယောက် တိုးလာပြီလို့ ဆိုပါတယ်။ ဥပမာ နှစ်ခုစီလောက်ပေးပါရစေ။ Here’s How Lousy Life Is in North Korea ဟောဒီမှာ မြောက်ကိုရီးယားရဲ့ ပုပ်သိုးနေတဲ့ဘဝဆိုတာကို ၁၂-၄-၂ဝ၁၃ နေ့က အင်တာနက်မှာ တက်လာပါတယ်။ North Korean military parade: What the cameras didn’t show you မြောက်ကိုရီးယား စစ်ရေးပြအခန်းအနားနဲ့ ကင်မရာတွေကမပြတဲ့ ပုံရိပ်များဆိုတာ ၃ဝ-၁ဝ-၂ဝ၁၃ နေ့က (ယူကျု) မှာ တင်ပါတယ်။ ၂၃-၅-၂ဝ၁၂ နေ့တုန်းကလည်း When Photoshop goes wrong: floating inspectors cause internet stir ဖိုတိုရှော့မှားသွားတဲ့အခါ၊ ပေါလောကြီးဖြစ်နေတဲ့ တရုတ်အရာရှိတွေကနေ အင်တာနက်ကိုဖွလိုက်တယ်ခေါင်းစဉ်နဲ့ တရုတ်ပြည် (ဟွာလီ) ကအရာရှိတွေကနေ (စီချွမ်) ဒေသမှာ ပန်းခြံကို စစ်ဆေးနေတာကို အဝေးပြေးလမ်းမကြီး ပရောဂျက်ကို စစ်ဆေးနေပုံလို့ ရေးထားပါတယ်။ Chinese officials in new Photoshop fail တရုတ်အရာရှိတွေရဲ့ မအောင်မြင်တဲ့ ဖိုတိုရှော့ ခေါင်းစဉ်နဲ့ (ဂါးဒီးယန်း) သတင်းစာမှာ ၃၁-၁ဝ-၂ဝ၁၃ နေ့က ရေးထားပါတယ်။ လက်ထောက် မြို့တော်ဝန်ကနေ တစ္ဆေနဲ့တူတဲ့ ရုပ်သေးရုပ်လောက်သာရှိတဲ့ အဖွါးအိုနဲ့ဓါတ်ပုံကို ဖေါ်ပြထားပါတယ်။ နောက်တော့မှ (အင်ဟွေး) ဒေသ အာဏာပိုင်တွေက တောင်းပန်ရပါတယ်။ မြန်မာ့ဖိုတိုရှော့ဓါတ်ပုံမှာ ထီးကိုတော့ဖျောက်ဖျက်ထားပေမယ့် ထီးအရိပ်က ထင်ထင်ရှားရှား တွေ့နေရတာကနေ လူတွေ ရိပ်မိကြာတာပါ။ ဘာလို့ အဲလိုလုပ်ရတာလည်း။ တာဝန်ရှိသူတွေက တောင်းပန်တာမလုပ်၊ ရှင်းပြတာမရှိပေမယ့် အစွယ်လိုသူက စူဠသုဘဒ္ဒါမိဖုရားဖြစ်ပါတယ်။ သောနုတ္ထိုရ်ကိုပဲ ရိုးစွပ်နေကြတယ်။ စစ်အစိုးရလက်ထက်ကတည်းက ကိုယ့်ပုံရိပ်ဆို ကောင်းစေ၊ အတိုက်အခံမှန်သမျှ ဆိုးစေဆိုတဲ့ ပေါ်လစီချထားတာပါ။ စူဠဆိုတာ အငယ်။ မိန်းမငယ်၊ မိဖုရားငယ်၊ နောက်မှတက်လာတဲ့သူ။ ၁၉၉ဝ ရွေးကောက်ပွဲကာလမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲဝင်ဖို့တင်ကြရတဲ့ အဖြူအမည်းပုံတွေကို အဖမ်းခံရတဲ့အခါ၊ ဝရမ်းပြေးဖြစ်တဲ့အခါ တမင်တကာ ပိုပြီးရုပ်ဆိုးအောင် ပြင်ပြီးမှ သတင်းစာထဲထည့်တယ်။ မိုးလုံးပြည့် မုသာဝါဒစာအုပ်မှာ ရိုက်တယ်။ အဲဒီခေတ်က ဖိုတိုရှော့ မရှိသေးပါ။ မြန်မာ့သမိုင်းထဲမှာ ထီးတော်မိုးဆိုတာ ဘာတွေရှိပါသလည်း။ ပါဠိအဘိဓာန်မှာ ဆတ္တဂ္ဂါဟက ထီးကို ကိုင်တတ်သောသူ၊ ထီးကိုင်သမား၊ ထီးဆောင်းသမား၊ ထီးမိုးသမား၊ ထီးတော်မိုးလို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ ထီးတော်မိုးဘုရားရှိတယ်။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ထီးတော်မိုးရွာရှိတယ်။ ထီးတော်မိုးရုပ်ရှင် ရိုက်ထားတယ်။ ထီးမိုးပေးတယ်ဆိုတာ အဆင့်အတန်းရှိသူ၊ ဂုဏ်ကြီးမြင့်သူတွေကို တရိုတသေ နေရိပ်မထိုး၊ မိုးမစိုစေအောင် ထီးကို လက်နဲ့ကိုင်ပြီး မိုးဆောင်းပေးရတာဖြစ်ပါတယ်။ ဘုရားဆင်းတုတော်ကို တမျိုး၊ ဆရာတော်သံဃာတော်တွေကိုတမျိုး စီမံရပါတယ်။ ဘုရင်တွေ၊ မင်းသားတွေ၊ မိဖုရားတွေ၊ မင်းသမီးတွေမှာလည်း ထီးတော်မိုးခန့်ထားပါတယ်။ တော်ဝင် အမှုတော်ထမ်းတွေဖြစ်လို့ ဂုဏ်ယူကြတယ်။ ပဋ္ဌာန်းနိသျှကိုရေးသားသူ ထီးတော်မိုး ဦးမောင်ဘရက် ကတော် မယ်ဖြူဆိုတာ ရှိပါတယ်။ ရတနာပူရစတုတ္ထမြို့တည်နည်းနန်းတည် အဘိသေကစာတမ်းမှာ မင်းတရားကြီးလက်တော်နှင့် အချင်းလေးတောင် ခြောက်သစ်၊ စွန်သုတ်နားထောင့် တဆယ့်နှစ်ပေါက်၊ ထီးတံသုံးဆယ့်ခြောက်၊ ကြာယပ်သုံးဆင့်၊ ညောင်ရွက်တရာ့ရှစ်ရွက်၊ ပုလဲသန္တာဆိုင်း တရာ့ရှစ်သွယ်၊ ထီးချက်အချင်းတတောင်၊ စောက်တတောင့်တမိုက်၊ ထီးရိုးထီးဝန်နှင့်အမျှ လုပ်ကြောင်း ပါရှိပါတယ်။ မူးကြီးမတ်ရာ သေနာပတိတွေအတွက်က ထီးနီဖြစ်တယ်တယ်။ ခုခေတ်မှာတော့ ဒုတိယဝန်ကြီးထီးက ဘာရောင်လည်းမသိပါ။ တခြားတိုင်းပြည်တချို့မှာလည်း ရာထူးအဆင့်အလိုက် ထီးကိုသတ်မှတ်ကြပါတယ်။ ရှေးဂရိနဲ့ ရောမခေတ်မှာ ထီးဟာ အမျိုးသမီးသုံးသာဖြစ်ပြီး၊ အင်္ဂလန်မှာလည်း အန်းဘုရင်မ လက်ထက်ရောက်မှ ထီးကို ယောက်ျားရော မိန်းမပါ သုံးလာကြပါသတဲ့။ စစ်အစိုးရလက်ထက်က ထီးတော်မိုးဘွဲ့ရခဲ့သူ ဘယ်သူဆိုတာသိကြပါတယ်။ မကြာသေးခင်က စာအုပ်တအုပ် ထုတ်လိုက်သူ။ စာအုပ်ထဲမှာတော့ ထည့်မရေးသူ။ ဗိုလ်ချုပ်တင့်ဆွေရဲ့ ထောက်ခံမှုနဲ့ ဗိုလ်နေဝင်းရဲ့ထီးတော်မိုး ဖြစ်လာခဲ့သူဖြစ်ပါတယ်။ အဲဒီထီးတော်မိုးကနေ ဒေါ်အောင်ဆန်းစုကြည်ကို ထီးတော်မိုးပေးခဲ့ဖူးတယ်။ ၁၉၉၈ ခုနှစ် သြဂုတ်လ ၁ဝ ရက်နေ့တုံးက ဒေါ်စုရဲ့ခရီးစဉ်တခုအတွင်း ရန်ကုန်-ပုသိမ်လမ်းပေါ်က အညာစုရွာအနား လယ်ကွင်းတွေကြားက တံတားလေးတခုမှာ ရှေ့ဆက်သွားမရအောင် စစ်ထောက်လှမ်းရေးတွေက ပိတ်ဆို့ထားပါတယ်။ နောက်ရက်မှာတော့ ဒေါ်စုခေါင်းပေါ်မှာ ရောင်စုံထီးကြီးတလက်မိုးပေးထားတဲ့ အဝေးကနေရိုက်ယူထားဓာတ်ပုံ ထွက်လာပါတော့တယ်။ Beach umbrella ပင်လယ်ကမ်းခြေသုံးထီးလို့ နိုင်ငံတကာမီဒီယာမှာရေးပါတယ်။ အဲဒီမှာ ၆ ရက်တိတိကြာခဲ့ပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲ လွှတ်တော်ခေါ်ပေးဖို့ တောင်းဆိုနေတုံးကပါ။ ခုနေခါ အဲဒီထီးကိုလေလံတင်ရင် စာအုပ်ထုတ်တာထက်ပိုရနိုင်တယ်။ ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တုံးကတော့ အဲဒီတုံးကသစ်တောဝန်ကြီးကနေ တရုတ်ဘုန်းကြီးကို ထီးမိုးပေးနေတဲ့ပုံနဲ့အတူ မြန်မာ့အဖိုးတန်သစ်လုံးတွေကို စွယ်တော်ကျောင်း ဘုန်းကြီးကို လှူလိုက်တဲ့သတင်း ဖတ်ရဖူးပါတယ်။ ဗိုလ်မှူးချုပ် သိန်းအောင်ကို တရုပ်မဟာယန ဘုန်းကြီးရဲ့ ထီးတော်မိုးလို့ ရေးထားတာပါ။ မင်းလူရေးတဲ့ ကဗျာတပုဒ်ရှိပါတယ်။ ယနေ့မှစ၍ ၁၆ ကားပေါ်တွင် ထမင်းဘူးတော်ကိုင် တာဝန်မှလည်းကောင်း ပုဂံလမ်းပေါ်တွင် ထီးတော်မိုး တာဝန်မှလည်းကောင်း၊ သက်သာချောင်ချိရေးဆိုင်တွင် စားပွဲတော်ထိုး တာဝန်မှလည်းကောင်း၊ အင်းလျားကန်ဘောင် ပေါ်တွင် သက်တော်စောင့် တာဝန်မှလည်းကောင်း၊ ဗိုလ်ချုပ်ဈေးတွင် ပစ္စည်းတော်ထမ်း တာဝန်မှလည်းကောင်း၊ အခန်းအေ ၂ဝ၅ တွင် အနမ်းတော်ဆက် တာဝန်မှလည်းကောင်း၊ သင့်အား လုံးဝ ရပ်စဲလိုက်ကြောင်းနှင့် ငှက်ပြာတစ်စင်း၊ ဂျင်းရှပ်တစ်လွှာ၊ ရာတန်တစ်ထပ်၊ ဆေးထိုးအပ်တစ်ချောင်း အဆင့်ရှိသူအား သင်၏နေရာတွင် အစားထိုးခန့်အပ်လိုက်ပါကြောင်း။ ဓာတ်ပုံထဲက ထီးဆောင်းပေးထားရသူဟာ မင်းလူမဟုတ်ပါ။ ဆရာမင်းလူသာဆိုရင် ယနေ့မှစ၍ ကော့သောင်လေဆိပ်တွင် ထီးတော်မိုး တာဝန်မှလည်းကောင်းလို့ တကြောင်းထပ်တိုးမယ် ထင်ပါတယ်။ မောင်မောင်ဆိုလေထီးရိုးရှည် သင်္ကြန်သံချပ်ကနာမည်ကြီးပြီးသား။ ဒီနှစ်တော့ ထီးရိုးပျောက်သံချပ် ပေါ်မလားမသိပါ။ ပျောက်တယ်ဆိုလည်း ထီးနန်းပါပျောက်၊ မင်းဆက်ပါသုဉ်းမှ ကောင်းပါမယ်။ မြန်မာနိုင်ငံသားများ ရုပ်ဖျက်တတ်သူတွေနဲ့ ရုပ်ဖျက်ထားသူတွေ ဘေးက ဝေးကြပါစေ။ ဒေါက်တာတင့်ဆွေ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024