တူနီးရှားအမျိုးသားပြတိုက်ကို တိုက်ခိုက်သည့် သေနတ်သမားတဦး လွတ်မြောက်ဆဲ (ရုပ်သံ)

တူနီးရှားနိုင်ငံမှာ လူ ၂၅ ဦး သေဆုံးခဲ့ရတဲ့ အမျိုးသားပြတိုက်ကို တိုက်ခိုက်သူသေနတ်သမား ၁ ဦး လွတ်မြောက်ဆဲဖြစ်တယ်လို့ တူနီးရှားသမ္မတက ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့က ပြောဆိုပါတယ်။ တိုက်ခိုက်မှုနဲ့ ပတ်သက်သူတွေလို့ သံသယရှိသူတွေကို ဖမ်းဆီးထားပြီး ပထမတော့ ၂ ဦးပဲ တိုက်ခိုက်ခဲ့တာလို့ ယုံကြည်ခဲ့ကြတာပါ။ လုံခြုံရေးကင်မရာရုပ်သံဖိုင်တွေကို စစ်ဆေးကြည့်ရှုပြီးမှ သေနတ်သမား အားလုံး ၃ ဦးဆိုတာ တွေ့ရှိခဲ့ပြီး တွေ့ရှိသူတွေ သတင်းပေးဖို့ အကူအညီတောင်းထားတယ်လို့ သမ္မတက ပြောဆိုပါတယ်။ သေနတ်သမားတွေဟာ အိမ်နီးချင်းလစ်ဗျားနိုင်ငံထဲက အိုင်အက်စ်အစွန်းရောက်ထိန်းချုပ်နယ်မြေမှာ တိုက်ခိုက်ရေးသင်တန်း တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အခုလို ပြတိုက်တိုက်ခိုက်ခံရတာကို ကြည့်ရင် တူနီးရှားလုံခြုံရေးနဲ့ ထောက်လှမ်းရေးဟာ ပြတိုက်လုံခြုံရေးအတွက် လုံလောက်တဲ့အခြေအနေ မရှိသေးဘူးဆိုတာ တွေ့ရှိရတယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် ပြတိုက် တိုက်ခိုက်ခံရတဲ့နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်မှုကြောင့် တခြားလူအများအပြားရဲ့ အသက်တွေကို ကယ်တင်နိုင်ခဲ့တယ်လို့ သမ္မတက ပြောဆိုပါတယ်။ ပြတိုက်တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂၅ ယောက်မှာ အယောက် ၂၀ ဟာ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေ ဖြစ်ကြပါတယ်။ အိမ်နီးချင်း လစ်ဗျားနိုင်ငံမှာ လုံခြုံရေး၊ နိုင်ငံရေးတည်ငြိမ်မှု မရှိသေးသရွေ့ တူနီးရှားနိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေမှာ ဖြစ်တယ်လို့ လက်ရှိ အာဏာရပါတီခေါင်းဆောင်တွေက ပြောဆိုကြပါတယ်။

More News
Up