ဈေးပြိုင်စနစ်ဖြင့် မြိုင်မြိုင်ကြီးသေချင်ကြသူများနှင့် ကျွန်ုပ်

(တစ်) မျက်စိမှိတ်ထားသော်ငြား၊ ဇာတိမြေကိုလွမ်းသည့်စိတ်ဖြင့်၊ ကျွန်ုပ်အိပ်၍မပျော်ချေ။ သက်ကြီးခေါင်းချချိန်ဖြစ်၍၊ ယိုးဒယားပြည်၊ ဖူးခက်မြို့ အမ်မခန်အရပ်ရှိ ကျွန်ုပ်၏နေအိမ်ခြံဝင်း နောက်ဘက်မှတောအုပ်ငယ်သည် မှောင်မိုက်တိတ်ဆိတ်လျက်ရှိလေသည်။ ညတိုင်းလိုလို တဝုန်းဝုန်းတအုံးအုံး ဗြောင်းဆန်အောင် အလေလိုက်လေ့ရှိသည့် အိမ်ပေါက်အမျိုးကောင်းသား ကြွက်မခုတ်တတ်သော ကြောင်တသိုက်ပင် ယခုညတွင် ထူးဆန်းစွာငြိမ်ချက်သား ကောင်း နေချေ၏။ ကျွန်ုပ်၏စိတ်အစဉ်တွင်ကား မွေးရပ်ဌာနီတိုင်းကြီး ရွှေပြည်တွင် ပစ္စက္ခကာလများ၌ ဖြစ်ပေါ်လျက်ရှိသော၊ စိတ်မချမ်းမြေ့ဖွယ် အကြောင်းခြင်းရာ ကိစ္စရပ်များသည်သာ နေရာယူစိုးမိုးလျက်ရှိချေ၏။ ထိုစဉ်အခန်းအပြင်ဆီမှ ချွတ်နင်းသံဖြင့် အိပ်ခန်းတံခါးအား တဒေါက်ဒေါက်ခေါက်သံနှင့်အတူ ဝင်လာသူကား တပည့်ကျော် ဖေကြည် ဖြစ်လေသည်။ “တောင်တွေးမြောက်တွေးနဲ့ မျက်စိကြောင်နေလို့ ဆြာဒင်ရေ။ ဒါနဲ့စကားမစပ် ဒီနေ့ တရုတ်ယွမ်ငွေဈေး ဘယ်လောက်ပေါက်တုန်းဗျ။” “အိပ်လို့မပျော်ရတဲ့အထဲ နင်ကတမှောင့်၊ မြန်မာငွေ တစ်ထောင်ကို တရုတ်ငွေ ငါးယွမ် ကျော်ကျော်ထင်ပါရဲ့။” “သြ၊ဒါဆို ယွမ် ငါးသန်းဆိုတော့၊ မြန်မာငွေဘယ်လောက်တုန်းဆြာ။” “နေဦး၊ တစ်ထောင်မှာ ငါးယွမ်၊ တယွမ်မှာ နှစ်ရာ၊ သန်းငါးရာကို နှစ်ရာနဲ့ မြှောက်လိုက်ရင် သန်းတစ်သိန်းပေါ့လဟ။” “အင်း၊ သန်းတစ်သိန်းကို ဆယ့်သုံးနဲ့စားတော့။ တစ်ယောက်သိန်းရှစ်ထောင်နီးပါးပေါ့ဆြာ၊ ဟုတ်လား။” “နေပါဦး၊ နင်နဲ့ဒီလောက်များတဲ့ငွေ ဘာဆိုင်သတုန်းဟ ငဖေကြည်ရ၊ ညဥ့်နက်လှပေါ့။” “ဟင်း…၊ ဒီလောက်ငွေပမာဏရမယ်ဆိုရင်တော့၊ ပျော်ပျော်ကြီး သေလိုက်ချင်ပါရဲ့” အာရုံခေါ် ဖေကြည်သည်၊ သက်ပြင်းလေးကြီးချလျက်၊ သူ့စကားအဆုံးတွင် အိပ်ခန်းမျက်နှာကြက်ဆီသို့ အချိန်အတန်ကြာ တွေတွေကြီး ငေးစိုက်ကြည့်နေလေရာ၊ ကျွန်ုပ်ရင်ဘတ်ထဲ၌ ဒိန်းကနဲဖြစ်သွားလေသည်။ “ဟကောင်၊ မကြံကောင်း မစည်ရာ၊ ထုတ်တန်းမှာ ကြိုးဆွဲချသေမလို့လား။ မလုပ်ပါနဲ့မောင်ရယ်။ အဖန်ငါးရာငါးကမ္ဘာတဲ့ဟ၊ ဒီနည်းနဲ့နင်သေလို့ကတော့ သိန်းရှစ်ထောင်မပြောနဲ့ ကူငွေဘတ်တစ်ထောင်ရရင်တောင် ကံကောင်း။” “ဆြာမသိသေးပါဘူးလေ၊ ဘာပဲဖြစ်ဖြစ် သိန်းရှစ်ထောင်ဆိုတာကတော့ သိပ်စိတ်ဝင်စားစရာကောင်းတဲ့ငွေပမာဏပဲဆြာ၊အိပ်တော့၊ အိပ်တော့၊ ဂွတ်နိုက်ပါဆြာ။” (နှစ်) ဖေကြည်ငယ်၏ အဆက်အစပ်ကင်းမဲ့လှသော စကားတို့မြစ်ဖျားခံရာ နောက်ခံအကြောင်းရင်းမြစ်ကို ကျွန်ုပ်သိသလို၊ မသိသလိုဝေဝါးနေဆဲမှာပင်၊ တံခါးခေါက်သံနှင့်အတူ ပြူးကြောင်ကြောင်မျက်လုံးများဖြင့် ပေါက်ချလာပြန်သူကား တပည့်ကျော် လေမင်းသားဖြစ်ချေသည်။ “ဆောရီးနော်ဆြာ၊ ယွမ်သန်းငါးရာ၊ သေတာက ငါးယောက်၊ ဒဏ်ရာရရှစ်ယောက် စုစုပေါင်း ၁၃ ယောက်ဆိုတော့၊ အညီအမျှဝေလို့ ဘယ်ဖြစ်ပါ့မလဲနော်။ သေတဲ့သူကပိုရရမှာ ပေါ့။” “မစောတော့ဘူးဟ၊ ဆယ့်နှစ်နာရီထိုးတော့မယ်လေ။ မင်းတို့ဥစ္စာ ညကြီး အချိန်မတော် သင်္ချာဉာဏ်စမ်း ပုစ္ဆာတွေ လာ ထုတ်နေရအောင်၊ မင်းတို့ဆြာကို ခပ်ညံ့ညံ့ ခပ်တုံးတုံးကောင်များ ထင်နေကြလေရော့သလားကွာ။” “အာ၊မဟုတ်ပါဘူးဆြာရယ်။ လောက်ကိုင်မှာ တိုက်ပွဲအကြီးအကျယ် ဖြစ်နေတာ ဆြာသိတယ်မဟုတ်လား။ တပည့်တို့ မြန်မာ့တပ်မတော်က လေတပ်ကိုပါသုံးပြီး လက်စွမ်းပြလိုက်တာလေ။ အဲဒါ တရုတ်ပြည်ယူနန်ဘက်သွားကျပြီး ငါးယောက်သေ၊ ရှစ်ယောက်ဒဏ်ရာရလို့၊ တရုတ်တွေက လျော်ကြေး ငွေယွမ် ငါးသန်းတိတိတောင်းသတဲ့ဗျ။” “ဟေ၊ များလှချည့်လား၊ သေချာရဲ့လားဟ။ သတင်းမှန်ရင်ဖြင့် အတော့်ကို မက်လောက်စရာပဲဟေ့။” “သတင်းကတော့ အတည်မဖြစ်သေးပါဘူးဆြာ။ ဒါပေသည့် ဒီနှုန်းအတိုင်းသာ အမှန်တကယ်ပေးမယ်ဆိုရင်၊ ဆြာ့ တပည့်သိပ်စိတ်ဝင်စားတယ်ဆြာ။” “ဟ၊သောက်ကျိုးနည်းမဲ့ စိတ်ကူးကြီးပါကလား၊ မပြောကောင်းမဆိုကောင်းကွာ။” “သြော်၊ ဆြာရယ်။ လူဆိုတာ သေမျိုးမို့ သေတနေ့မွေးတနေ့ပါဆြာ။ ဆြာ့တပည့်အနေနဲ့ ဒီအခြေအနေမှာ မိဘတွေ၊ ဇနီးသားမယား တွေအပေါ် တာဝန်မကျေနိုင်ဘူး မဟုတ်လား။ အဲသလောက်လျော်ကြေးရမဲ့နည်းနဲ့ သေခွင့်ကြုံ မယ်ဆိုရင်ဖြင့်၊ ရဲရဲကြီးသေလိုက်ချင်ပါရဲ့။” “ဟကောင်၊ တော်တော့၊ တော်တော့။” မကြံကောင်းမစည်ရာ၊ မဟာအတွေးဖြင့် စိတ်ကူးယဉ်နေသော လေမင်းသားကို ကရုဏာသက်စွာ ကျွန်ုပ်ကြည့်နေမိချိန်တွင် ဟထားသော အိပ်ခန်းတံခါးမှ တလှမ်းချင်း လှမ်းဝင်လာပြန်သူကား ကပ္ပလီငယ်ဖြစ်နေပြန်ချေသည်တမုံ့။ (သုံး) “နည်းနည်းနောနောငွေ မဟုတ်ပါလားနော်။ ဖေကြည်တို့ချည်း သေရဲတာမဟုတ်ပါဘူးဆြာရယ်၊ ကပ္ပလီဆိုတဲ့ ဆြာ့တပည့် ဟောဒီကောင်လည်း ဒီဈေးနှုန်းအတိုင်း သေရရင်၊ ရင်ကော့ပြီး သေရဲပါတယ်လေ။ ဆြာစဉ်းစားကြည့်၊ မိုးပေါ် ကနေအုံးဆိုကျလာတဲ့ ဗုံးဆံနဲ့ ဗုန်းကနဲ သေရတာလောက် အဆင်ပြေတာဘယ်မှာရှိပါ့မလဲဆြာ။” ကပ္ပလီ၏လေသံအရ၊ သူသည် ကျွန်ုပ်နှင့်လေမင်းသား အချေအတင်ပြောဆိုချက်များကို အခန်းအပြင်မှနေ၍၊ တိတ်တိတ်လေး နားစွင့်နေခဲ့ဟန်ရှိ၏။ “အင်း၊ မောင်တို့ စဉ်းစားသလိုဆိုရင်တော့ တရုတ်တွေရဲ့ အသက်တန်ဖိုးကြီးလွန်းတာ အမှန်ပါပဲမောင်။ ဒါနဲ့ တို့မြန် မာ့တပ်မတော်ဘက်ကနေ ကမ်းလှမ်းတဲ့ လျော်ကြေးက တစ်ယောက် ဒေါ်လာတစ်သောင်းဆိုလားလို့။” “အပြန်အလှန် ဈေးစကားပြောနေတုန်းပဲဆြာရဲ့။ ဒါပေမယ့် တရုတ်ကို မော်လို့တောင်မကြည့်ရဲတဲ့ ဘဝမို့ တောင်းတဲ့ဈေးအတိုင်း ရဖို့များနေတယ်ဆြာရဲ့။ သေရကျိုးနပ်လိုက်တာနော်။” “လာပြန်ပြီတကောင်၊ မနုသတ္တဘာဝေါဒုလ္လဘော၊ လူ့အဖြစ်ဟာ အင်မတန်ရခဲလှပါသကွာ။” “ဟုတ်တော့ ဟုတ်ပါတယ်ဆြာ၊ ဒါပေမယ့် တပည်ကတော့ဖြင့် သိန်းရှစ်ထောင်မရတောင်၊ ခြောက်ထောင်ပျော့ပျော့ရ ရင်သေချင်ပါရဲ့။ ဒီထိုင်းနိုင်ငံမှာ ပုလိပ်ကြောက်ရ၊ အလုပ်ရှင်ကြောက်ရ၊ အလုပ်ရှင်ရဲ့လူမိုက်အပြင် ထိုင်းမာဖီးယား တွေကိုပါ ကြောက်နေရတော့၊ မတော်တဆများ အသက်ပါသွားခဲ့ရင် မတန်လွန်းလို့ပါဆြာ။” “တော်ကြပါတော့ကွာ၊ ညဥ့်လည်းနက်လှပါပြီ။ ဒီလောက်သေချင်နေကြရင် မနက်စောစောမှ ထသေကြပေရော့။ ကြွ၊ ကြွ၊ မောင်မင်းကြီးသားတွေ ကိုယ့်အိပ်ရာဆီ ကိုယ်ပြန်ကြွကြလဟ။” (လေး) သင်းတို့ပြန်သွားအပြီး စိတ်ဒုန်းဒုန်းချကာ အိပ်စက်တော့မည် ကြံကာရှိသေး။ တယ်လီဖုန်းသံ တတီတီဝင်လာပြန်လေပြီ။ “ဟယ်လို၊ ဆြာဒင်၊ ကျမ ပါတောင်ကမ်းတောင်က မိမိလေးပါ။ စောစောက ဆြာ့တပည့်တွေပြောတဲ့ ကိစ္စ ဈေးတည့်သွားကြပြီလား သိချင်လို့ပါရှင့်” ပြဿနာကို ဆိုလာစနစ်ဖြင့် မီးထွန်းကာ ရှာတတ်ကြသည့် အံ့ဖွယ်တပည့်တို့ပါတကား။ “အေး အေး၊ လောလောဆယ်တော့ တောင်းဈေးပေးဈေး ညှိတုန်းတန်းလန်းပါပဲကွယ်။” “ဈေးပြတ်ရင် ကျမတို့ကိုလည်း ပြောဦးနော်။ သေရကျိုးနပ်လိုက်တာဆြာရယ်။” သက်ပြင်းကို မှုတ်ထုတ်ရင်း လက်ကိုင်ဖုန်းကို ခေါင်းအုံးဘေးချမည်ကြံဆဲမှာပင်၊ ဖုန်းတကောထပ်ဝင်လာပြန်သည်။ “ဆြာဒင်၊ ထလန်ပန်းရံဆိုဒ်ထဲမှာ ဆေးသုတ်တဲ့ ရိုဇိုပါဆြာ၊ တရုတ်တွေခေါ်ထားတဲ့ ဈေးအတိုင်းဆိုရင် သေရတာ အရမ်းတန်တယ်နော်ဆြာ။” ကမ္ဘာပေါ်တွင် အမြင့်ဆုံးဈေး ပေါက်နေဟန်ရှိသည့် မသာစရိတ်သတင်းမှာ တပည့်ကျော်သုံးကောင်၏ အာချောင်မှု စွမ်းရည်နှင့်ပေါင်းစပ်လိုက်သည့်အခါ အိမ်ပေါက်စေ့ မောင်းကြေးနင်းလှည့်၍ ခတ်ဘိသကဲ့သို့ ရှိရကား ဖူးခက်တမြို့လုံး တောမီးပမာ တမဟုတ်ချည်း ပျံ့နှံ့သွားဟန်ရှိသည်ကို ဆက်တိုက်ဝင်လာသော ဖုန်းသံများက သက်သေခံလျက်ရှိ၏။ “ဟယ်လိုဆြာ၊ စူပါချိက ကိုသာဝင်းပါခင်ဗျ။ နောက်ဆုံးသတင်းသိရင်ပြောပါဦးနော်။ ကျနော်အနေနဲ့ကတော့ သိန်း လေးထောင်လောက်ဆိုလည်း ဖြစ်ပါတယ်ခင်ဗျာ။” “ဗျို့ဆြာ၊ ဆြာဒင်၊ အဆက်အသွယ်ကောင်းတာ ယုံတယ်နော်။ ဈေးပြတ်ရင်လက်တို့ပါဦး။ ကျနော့်ကတော့ သုံးထောင် ကျော်ဆိုရပါပြီလေ။” “ကျမကိုလည်း မေ့မထားနဲ့နော်ဆြာဒင်။ ကလေးတွေ နောင်ရေးအတွက် နှစ်ထောင်ကျော်လောက်ဆို ကျေနပ်ပြီ။” (ငါး) နံနက်လင်းအားကြီး လေးနာရီထိုးလုချေပြီ။ နောက်ဆုံးဝင်လာသော ဖုန်းနံပါတ်ကား ဇာတိနိုင်ငံကုတ်နံပါတ်ပါသည့် နိုင်ငံဖြတ်ကျော်ဖုန်းဖြစ်လေသည်။ “ဟယ်လို ဒကာဒင်ကြီးလား။ ရွှေပင်ကျောင်းထိုင်ဘုန်းကြီးပါဒကာ။ လောက်ကိုင်ကိစ္စမှာ တရုတ်တွေရမယ့် လျော်ကြေးမျိုးသာဆိုရင်၊ ဒီအချိန်ဒီနည်းနဲ့ ဘုန်းတော်ကြီး ပျံလွန်တော်မူရင်ဖြင့် ဆောက်လက်စ ဆွမ်းစား ဆောင်လေးအတွက် ရင်အေးခဲ့ရမှာ သေချာတယ် ဒကာဒင်ရေ့။” အသက်တရာ မနေရ အမှုတစ်ရာပွေရတတ်သော လောကကြီးပေတကား။ ကာလနာတိုက်၍မသာဖြစ်ရမည့် ကိစ္စ အပေါ်ဈေးပြိုင်တင်ဒါစနစ်ဖြင့် ယှဉ်ပြိုင်လိုသူ အမြောက်အမြား ပေါ်ထွက်လာကြသည်မှာ၊ အဆိုပါဂယက်သည်ဖူးခက် တွင်သာမက၊ မိုင်ပေါင်းထောင်ချီဝေးသည့်၊ ကျေးရွာဇနပုဒ် ကျွန်ုပ်၏ဇာတိရွှေပင်ရွာအထိပါ ဒုတ်ဒုတ်ထိ ကူးစက် လောင်မြိုက်ခဲ့လေပြီတကား။ သြော်၊ တို့ပြည်နဂရဘုံဌာနတွင် သင်္ဘောနစ်၍ သေလေသော်၊ ကျပ် ၁ သိန်းမျှသာ လျော်ကြေးရသည်ဖြစ်၍ တိုင်းခြားတရုတ်တို့၏ အသက်နှင့်တန်ဖိုးချင်းယှဉ်လေသော် မိုးနှင့်မြေပမာ ကွာခြားလွန်းလှပေစွ။ ဈေးပြိုင်စနစ်ဖြင့် မြိုင်မြိုင်ကြီး သေလိုကြသူ၊ ရပ်ဝေးရပ်နီးမှ အသိမိတ်ဆွေများ၏ အမေးသတင်းစကားတို့ကို အလျဉ်း သင့်သလို ပြန်လည်ဖြေဆိုလျှောက်တင် ပြီးချိန်သည် နံနက်ငါးနာရီ ဒင်ကနဲထိုးနေလေပြီ။ တမှေးဖြင့် အိပ်မှဖြစ်တော့ချေ မည်။ ထိုညက ကျွန်ုပ်မအိပ်စက်မီ ဘုရားပုထိုးရှိခိုးအပြီး ကျွန်ုပ်၏ ဆုတောင်းမှာ ယခင် နေ့များထက် အတန်ငယ် ထူးခြားသည်ဟု ဆိုနိုင်လေသည်။ သြကာသ၊ သြကာသ၊ သြကာသ၊ အစိန္ဒေယျအပမေယျ၊ ဘုန်းတော်အနန္တဉာဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ ယနေ့ပြုသမျှ ကုသလကြောင့် တပည့်တော်သည် ဘဝဆက်တိုင်း မြန်မာပြည်တွင်သာ လူ့အဖြစ်ကို ရရပါလို၏။ ထိုသို့လူဖြစ်လေတိုင်း၊ တရုတ်အားကိုး ပုဆိန်ရိုး၊ သောက်ချိုးတစ်စက်မှမပြေသည့် ပထွေးတရုတ်ကို ပါပါး ခေါ်သော တရုတ်ကြောက်မင်း တို့နှင့် ဘဝဆက်တိုင်း ဆက်တိုင်း လွဲရပါလို၏။ ထို့ပြင်တဝ၊ မပြေးသာမရှောင်သာ ဝဋ်ကြမ္မာကြောင့် တိုင်းခြားသားတို့၏ လက်ချက်ဖြင့် ဗုံးဆန် ထိမှန်သေဆုံးရပါက ယနေ့တရုတ်တို့တောင်းဆိုသော အသက်ဖိုးလျော်ကြေး ထက် မနိမ့်သည့် တန်းတူဈေး ရရပါလို၏။ မြတ်ရှင်စော၊ သြကာသ၊ သြကာသ၊ သြကာသ။ ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up