DVB Logo
Home
Lead Story
ကျနော်တို့ မြန်မာတွေ ပိုပျော်ရွှင်လာပါရဲ့လား
DVB
·
March 19, 2015
ကျနော်တို့ မြန်မာတွေ ပိုပျော်ရွှင်လာပါရဲ့လား
Donate to DVB

ဒီကနေ့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖတ်ရပါတယ်။ ထိုင်းတွေက မနှစ်ကထက် ပိုပျော်ရွှင်လာတယ်ဆိုပဲ။ ထိုင်းနိုင်ငံ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဌာန (DMH) ရဲ့ သုတေသနတွေကို ကိုးကားပြောတာ ဖြစ်သလို၊ ကမ္ဘာတ၀ှမ်းတိုင်းတာတဲ့ ကမ္ဘာ့ပျော်ရွှင်မှု ညွှန်းကိန်း (World Happiness Report 2013) အစီရင်ခံစာ၊ ၂၀၁၃ ခုနှစ်ကို ရည်ညွှန်းပြောဆိုကြတာ ဖြစ်ပါတယ်။ အခု အစီရင်ခံစာအရ ထိုင်းနိုင်ငံက ညွှန်းကိန်းတွေအရ ၃၆ နေရာ ချိတ်ပါတယ်။ အာဆီယံအဖွဲ့ထဲမှာ စင်ကာပူ ပြီးရင် ဒုတိယလိုက်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ယခု ထိုင်း စစ်အာဏာသိမ်းအစိုးရ တက်လာတော့ ဗိုလ်ချုပ်ကြီးက "အားလုံးကို ပျော်ရွှင်စေချင်သူ" ဆိုပြီး ကြွေးကြော်သံ ထားခဲ့တာပါ။

နက်ဖြန် မတ် ၂၀ ရက်နေ့ဆိုရင် "နိုင်ငံတကာ ပျော်ရွှင်မှုနေ့" (International Day of Happiness) လို့ ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။ ၂၀၁၂ ခုနှစ်၊ ကုလသမဂ္ဂ အထွေထွေညီလာခံကနေပြီး ဆုံးဖြတ်ချက်အမှတ် A/RES/66/281 နဲ့ သတ်မှတ်ခဲ့တာပါ။ အဲဒီ ဆုံးဖြတ်ချက်မှာ 'ပျော်ရွှင်မှု' ဆိုတာ လူသားတွေရဲ့ အခြေခံကျတဲ့ ပန်းတိုင်ပါတဲ့၊ စီးပွားရေးဖွံ့ဖြိုးမှု သာမက၊ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှု၊ သာယာဝပြောမှု စသည်ဖြင့် လိုအပ်ပါတယ်။ ဒီလိုနဲ့ ၂၀၁၂ ခုနှစ်မှာပဲ ကုလသမဂ္ဂက ကမကထပြုတဲ့ ကမ္ဘာ့ပျော်ရွှင်မှု အစီရင်ခံစာ (World Happiness Report) ထွက်လာခဲ့ပါတယ်။ နိုင်ငံတွေကို တိုင်းတာထားပြီး၊ အခုနှစ် ၂၀၁၃ ခုနှစ်မှာလည်း နောက်ထပ် တိုင်းတာချက်တွေ ဆက်လက်ထွက်ပေါ်ခဲ့ပါတယ်။ အဲသည်မှာ ကျနော့်ရဲ့ စူးစမ်းလိုစိတ်က ထိန်းမနိုင်၊ သိမ်းမရ ဖြစ်လာခဲ့ပါတယ်။ ကျနော်တို့ မြန်မာတွေရော၊ ပျော်ရွှင်ကြပါသလား။ ကျနော်တို့ မနှစ်ကထက်၊ ဒီနှစ် ပိုပြီး ပျော်ရွှင်လာကြပါသလား။

ဒီလိုနဲ့ ကျနော် ကမ္ဘာ့ပျော်ရွှင်မှု အစီရင်ခံစာ ၂၀၁၃ ခုနှစ်ကို ရှာဖွေကြည့်ပါတယ်။ မြန်မာနိုင်ငံက အမှတ် ၁၀-မှတ် ပေးတဲ့နေရာမှာ ၄. ၄၃၉ နဲ့ အဆင့်ပေါင်း ၁၂၁ နေရာက ချိတ်ပါတယ်။ အိမ်နီးချင်းထိုင်း နိုင်ငံက အဆင့် ၃၆၊ လာအိုက အဆင့် ၁၀၉ ချိတ်ပါတယ်။ ပျော်ရွှင်မှုဆိုတာ ဘာလဲ၊ ဘယ်လိုအချက်တွေက လူတဦးရဲ့ ပျော်ရွှင်မှုကို ဆုံးဖြတ်ပါသလဲ မေးခွန်းမေးစရာ ရှိလာပါတယ်။

နီးစပ်တဲ့ မိတ်ဆွေတချို့ စတင်မေးကြည့်မိပါတယ်။ အခုခေတ်က လူမှုမီဒီယာတွေ၊ ဖေ့ဘွတ်စ်က မြန်တော့ စနစ်တကျ သုတေသနမျိုး မဟုတ်ပေမယ့်၊ မိတ်ဆွေထဲက နေရာဌာနပေါင်းစုံက လူတွေကို မေးကြည့်မိပါတယ်။ "ခင်ဗျားတို့ မနှစ်ကထက်၊ ယခုနှစ် ပိုပျော်ရွှင်သလားပေါ့။ ဘာကြောင့် ပျော်ရွှင်၊ မပျော်ရွှင် ဖြစ်ရတာလဲ" လို့ မေးကြည့်မိပါတယ်။ ဌာနတခုမှာ သုတေသနလက်ထောက် လုပ်နေသူတယောက်ကတော့ 'သိပ်မပျော်ပါ' လို့ ဖြေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ထပ် ပညာရေး၊ ကျောင်းတက်ဖို့ သူ့ရည်မှန်းချက်တွေ အထမမြောက်ခဲ့လို့ ဖြေပါတယ်။ ပျော်ရွှင်မှုဆိုတာ ဘဝအခွင့်အလမ်းနဲ့လည်း သက်ဆိုင်နေပါတယ်။ ကျန်တဲ့ မိတ်ဆွေ အမျိုးသမီးတဦးကတော့ 'မနှစ်ကထက် သူ ပိုပျော်ပါတယ်' တဲ့။ အကြောင်းက အကြွေးတွေ ကျေသွားတယ်၊ နေရေး၊ စားရေး ဖိစီးမှုတွေ လျော့ကျသွားတယ်လို့ ဖြေပါတယ်။ ကျနော်တို့ နေ့စဉ်ဘဝတွေအပေါ် ဖိစီးမှု နည်းတာလည်း ပျော်ရွှင်ဖို့ အကြောင်းတခုပါပဲ။ ဒါပေမယ့် သူပျော်သလို၊ သူ့ပတ်ဝန်းကျင်က လူတွေ ပျော်ရွှင်မနေပါဘူးလို့ပဲ သူက ထပ်ပြောပါတယ်။

အသိ သတင်းထောက် ၂ ဦးလောက်ကို မေးကြည့်ပါတယ်။ သူတို့က မပျော်ရွှင်ပါဘူးလို့ ဖြေကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တဦးက 'ပိုမွမ်းကျပ်လာတယ်'၊ နောက်တဦးက 'ပို ကောင်းမလာဘူး။ မနက်လင်းကတည်းက ပြဿနာတွေနဲ့ ချည်း ကြုံနေရတယ်' လို့ ပြောပါတယ်။ ဘတ်စ်ကားတွေကျပ်တယ်၊ တက္ကစီကား စီးရင်လည်း လမ်းကျပ်တယ်။ တိုက်ခန်း၊ အိမ်ခန်းတွေ ဈေးတက်တယ်။ စားသောက်စရာ လူသုံးကုန်တွေ ဈေးတက်တယ်။ လခက တိုးမလာဘူး။ သွားရေးလာရေးလည်း ခက်ခဲတယ်လို့ ဖြေကြပါတယ်။ ကျန်မိတ်ဆွေ သတင်းထောက်တဦးကတော့ 'လူတွေက အားအားရှိ ရန်ဖြစ်နေကြတယ်။ ဒုစရိုက်မှုတွေ ပေါလာတယ်။ တရားဥပဒေစိုးမိုးရေး မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ အမုန်းတရား ဖန်တီးသူတွေ ရှိနေတယ်' လို့ ပိုနိုင်ငံရေးဆန်ဆန် ဖြေပါတယ်။ အခုအခါ သတင်းထောက်တွေကို အရေးယူတာ၊ ထောင်ချတာတွေ ရှိလာတော့ ပုဂ္ဂိုလ်ရေးအရ လုံခြုံမှုနည်းလာသလို ခံစားရတယ်လို့ ဖြေပါတယ်။ ဒါတွေဟာ နေ့စဉ်ကြုံတွေ့နေရတဲ့ စားဝတ်နေရေး၊ ဝင်ငွေ ပြဿနာတွေနဲ့ ဆိုင်သလို၊ သာယာဝပြောမှုနဲ့ ဆိုင်တာကိုလည်း ပြသနေပါတယ်။ လုံခြုံရေးအကြောင်းအချက်ကိုလည်း ပြသနေပါတယ်။ ကျနော်တို့တွင် သာမက၊ ဘေးက ပတ်ဝန်းကျင် လူ့အဖွဲ့အစည်း အခြေအနေနဲ့လည်း ဆက်စပ်နေကြောင်း ပြသနေပါတယ်။

ပြည်ပက ပြန်လာတဲ့ မိတ်ဆွေ အထူးကုဆရာဝန်ကြီးတဦးကိုလည်း မေးကြည့်မိပါတယ်။ သူက ပျော်ပါတယ်လို့ ပြောပါတယ်။ အကြောင်းကတော့ မိသားစု ပြန်ပေါင်းဆုံမှု လုပ်နိုင်တယ်။ သူတတ်တဲ့ပညာနဲ့ လူတွေအကျိုး ဆောင်ပေးနိုင်တယ်လို့ ပြောပါတယ်။ ဒါကတော့ လူ့အဖွဲ့အစည်းအတွင်း လူတဦးချင်းရဲ့ အရေးပါမှု၊ အခန်းကဏ္ဍတွေနဲ့ သက်ဆိုင်နိုင်ပါတယ်။

ပြည်ပကနေ ယခင်က တက်ကြွလှုပ်ရှားသူ၊ ယခုတော့ ပြန်တွင်းပြန်ပြီး စာရေး၊ ကဗျာရေးလုပ်နေတဲ့ မိတ်ဆွေတဦးကိုလည်း မေးကြည့်ပါတယ်။ သူက 'ခင်ဗျားမေးကြည့်မှ စဉ်းစားမိတယ်၊ ကျနော် မနှစ်ကထက် ဒီနှစ် ပိုပျော်တယ်ဗျ' လို့ အံ့သြဖွယ် ပြောပါတယ်။ ဘာဖြစ်လို့ မေးကြည့်တော့ 'အပြောင်းအလဲတွေက ပိုမြန်ဆန်လာတယ်။ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဖြစ်လာတယ်။ စာပေလောကက မိတ်ဆွေ ကဗျာဆရာ၊ စာရေးဆရာတွေနဲ့ ပိုထိတွေ့ ကျွမ်းဝင် နိုင်တယ်' လို့ ပြောပါတယ်။

ဒါလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ 'ဘေးမှ ထိုင်ကြည့်နေသူတဦးရဲ့ စွန့်စားမှုများ' ဆိုတဲ့ စာအုပ်အမည်တောင် သူပြောမှ သတိရမိပါတယ်။ 'ကျနော်က မီးပုံကြီးကို အခုမှ အနီးကပ်ထိုင်ကြည့်နေရတာဗျ။ ပျော်တယ်ဗျ' လို့ ဆိုပါတယ်။

ဒါပေမယ့် သူတို့က ကျန်တဲ့သူတို့ဘေးမှလူတွေ အများစု မပျော်ရွှင်ကြပါဘူးလို့ ပြောကြပါတယ်။ နံနက်လင်းတာနဲ့ အသံ ဆူတယ်။ ကားကျပ်တယ်။ ကားစပယ်ယာက ဟောက်တယ်။ ဖိစီးမှုတွေ ပြည့်နေတယ်လို့ ပြောပြကြပါတယ်။ တက္ကစီကားမောင်းသူတွေလည်း ပိုရိုင်းလာတယ်လို့ ဆိုပါတယ်။ ရပ်ကွက်လူကြီးတွေက ဘာငွေ လာကောက်မှာလဲ၊ ဘာခိုင်း မှာလဲ ရုံးပြင်ကနားသွားရင်လည်း လူလို ဆက်ဆံမခံရ၊ ကြောက်နေရတဲ့ ပြဿနာတွေ ရှိတယ်လို့ ပြောပြကြပါတယ်။ 'ရန်ကုန်ကလူတွေက သနားစရာကောင်းတယ်' လို့ ဆိုကြပါတယ်။ ဒါဆိုရင် နယ်တွေက လူတွေကရော မိတ်ဆွေတဦးကတော့ 'လမ်းတွေ (အခြေခံ အဆောက်အဦတွေ) နယ်မှာ ပိုကောင်းလာတယ်။ လူတွေက ပိုလို့ ခရီးသွားလာကြတယ်။' လို့ ကောင်းတာတွေ ပြောပါတယ်။ ဒါပေမယ့် မိသားစုတိုင်း ဖိစီးမှုတွေ ရှိနေပါတယ်။ စားဝတ်နေရေးက မချောင်လည်လှဘူးဆိုပြီး သူတို့ရဲ့ ဖိစီးမှုတွေလည်း ပြောပြပါတယ်။ သတင်းထောက်မိတ်ဆွေ တဦးကတော့ ခုတလော ကျောင်းသားသပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာကြောင့် သူ ကောင်းကောင်း မအိပ်စားနိုင်ဘူးလို့တောင် ပြောပြပါသေးတယ်။

ကမ္ဘာ့ ပျော်ရွှင်မှုနေ့ကို နက်ဖြန်ဆိုရင်၊ အချို့နိုင်ငံ၊ အင်အားစုတွေက ကျင်းပကြတော့မှာပါ။ ကမ္ဘာ့ပျော်ရွှင်မှုအစီရင်ခံစာမှာတော့ ဒိန်းမတ်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ ဆွီဒင်၊ ကနေဒါနိုင်ငံတွေက ပျော်ရွှင်မှု အမြင့်မားဆုံးလို့ ဆိုထားပါတယ်။ သိတဲ့အတိုင်း အာဖရိကနိုင်ငံတွေကတော့ အောက်ဆုံးကပါ။ သူတို့က ပျော်ရွှင်မှုကို အခြေခံညွှန်းကိန်းတွေ သတ်မှတ်ပြီး တိုင်းတာတာပါ။ ပညာကျော်တို့က စီးပွားရေးအခြေအနေ၊ စိတ်ပိုင်းဆိုင်ရာ၊ စစ်တမ်းမေးမြန်း ကောက်ယူမှုတွေ၊ နိုင်ငံတွေရဲ့ ကိန်းဂဏန်းစာရင်းအင်းတွေအပေါ် အခြေခံပြီး သုံးသပ်တွက်ချက်တာ ဖြစ်ပါတယ်။ တချိန်တုန်းက အသားတင်စုပေါင်း အမျိုးသားပျော်ရွှင်မှု (Gross National Happiness- GNH) ဆိုတဲ့ အယူအဆ ထွန်းကားခဲ့ပြီး၊ ရုပ်ဝတ္ထု ချမ်းသာတာထက်စာရင်၊ လူတွေ ပိုပျော်ရွှင်ဖွယ်အကြောင်း ချည်းကပ်မှုတွေနဲ့ ဘူတန်နိုင်ငံကို ထိပ်မှာထား ဖော်ပြခဲ့ကြဖူးပါသေးတယ်။ ပျော်ရွှင်မှုဆိုတာ ဝင်ငွေနဲ့ ရုပ်ဝတ္ထု ပြည့်စုံမှုမျှသာ မဟုတ်ပါဘူး။ ဝင်ငွေကတော့ ဆင်းရဲမွဲတေမှု မဖြစ်ရလေအောင်၊ သာယာဝပြောမှု ရအောင်အတွက် အရေးတော့ ပါပါတယ်။ အလုပ်အကိုင်ရှိသူတွေက အလုပ်လက်မဲ့ တွေထက် ပိုပျော်ရွှင်တယ်ဆိုတာမျိုးလည်း လေ့လာတွေ့ကြရပါတယ်။ ဒါပေမယ့် ပျော်ရွှင်မှုဆိုတာ ပိုလို့ ကျယ်ပြန့်ပါတယ်။ ပျော်ရွှင်မှုကို အဓိပ္ပာယ်ဖွင့်ကြရာမှာ နယ်ပယ် ၉-ခု (9 domains) နဲ့ တိုင်းတာမှု ၃၃ ခုကို သတ်မှတ်ထားတာမျိုး တွေ့ရပါတယ်။ နယ်ပယ်တွေကတော့ - (၁) ပညာရေး၊ (၂) ကျန်းမာရေး (၃) လူနေမှုအဆင့်အတန်း (၄) စိတ်ပိုင်းဆိုင်ရာ သာယာဝပြောမှု (၅) လူမှုရပ်ရွာ ရှင်သန်ဖွံ့ဖြိုးမှု (၆) ယဉ်ကျေးမှု စုံလင်ထွေပြားရှိခြင်းနှင့် ကြံ့ကြံ့ခံနိုင်မှု (၇) ဂေဟ သဘာဝ ဝန်းကျင် စုံလင်ထွေပြားမှုနှင့် ကြံ့ကြံ့ခံနိုင်မှု (၈) အချိန်အသုံးချမှုနဲ့ နောက်ဆုံး (၉) ကောင်းမွန်သော အစိုးရအုပ်ချုပ်ရေးစနစ် စတာတွေ ထည့်သွင်းထားပါတယ်။

ယခု အစီရင်ခံစာတွေ့ရှိချက်တွေအရ -


  • ပိုချမ်းသာတဲ့နိုင်ငံတွေမှာ ပိုပျော်ရွှင်ကြပါသတဲ့။ ဒါပေမယ့် ဝင်ငွေထက်စာရင်၊ လူမှုရေးအကြောင်းအချက်၊ လူမှုရေး ပံ့ပိုးမှု၊ လူတဦးချင်း လွတ်လပ်မှု အတိုင်းအဆ၊ အကျင့်ပျက်ခြစားမှု ကင်းပခြင်းတို့က ပိုလို့ အရေးပါတယ်။

  • လူနေမှု မြင့်လာတာနဲ့အမျှ အချိန်တခုမှာ ပျော်ရွှင်မှု မြင့်လာတယ်ဆိုပါတယ်။ ကမ္ဘာတခုလုံး ခြုံကြည့်ရင် လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း နည်းနည်းပိုပျော်လာတယ် ဆိုပါတယ်။

  • အလုပ်အကိုင်မဲ့မှုက မပျော်ရွှင်မှုကို များစွာ ဖြစ်စေပါတယ်။ အလုပ်လုံခြုံရေး၊ လုပ်ငန်းခွင် ဆက်ဆံရေး၊ လုပ်ငန်းအတွင်း ကျေနပ်မှုတွေလည်း လိုအပ်ပါတယ်။ လစာနဲ့ အလုပ်ချိန် သင့်တော်မှုလည်း အရေးပါပါတယ်။

  • ပြုမူနေထိုင် ကောင်းရင်၊ လူက ပိုပျော်ရွှင်ပါတယ်တဲ့။

  • စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကလည်း နိုင်ငံတွေရဲ့ ပျော်ရွှင်မှုအတွက် အရေးကြီးတဲ့ အချက်ပါ။ ချမ်းသာတဲ့နိုင်ငံတွေမှာတောင် စိတ်ဝေဒနာရှင် ၄ ပုံ ၁ ပုံဘဲ ကုသမှု ရကြပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေက ပိုဆိုးပါတယ်။

  • မိသားစုဘဝ တည်ငြိမ်မှု၊ အိမ်ထောင်မြဲတာကလည်း မိဘတွေနဲ့ ကလေးတွေရဲ့ ပျော်ရွှင်မှုအတွက် အရေးပါပါတယ်။

  • တိုးတက်တဲ့နိုင်ငံတွေမှာတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပျော်ရွှင်တယ်လို့ တွေ့ရပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေက ရလဒ်ကတော့ ရောထွေးနေပါတယ်။

  • လူလတ်ပိုင်းအရွယ်မှာ ပျော်ရွှင်မှု အနည်းဆုံးပါတဲ့။ (ရုန်းကန်နေရတာ မဟုတ်လား)။


လူတွေရဲ့ ပျော်ရွှင်မှု၊ ကြေကွဲဝမ်းနည်းရမှုတွေဟာ တဦးချင်းကိစ္စ မဟုတ်ပါဘူး။ အစိုးရမူဝါဒ တွေရဲ့ သက်ရောက်မှု အကြောင်းအချက်တွေလည်း ဖြစ်ပါတယ်။ နိုင်ငံအတော်များများက လူတွေရဲ့ ပျော်ရွှင်မှုအတွက် မူဝါဒတွေကို ဦးတည် လုပ်ဆောင်နေကြပါပြီ။ ယခုအစီရင်ခံစာကို ဦးဆောင်တည်းဖြတ်သူတဦးဖြစ်တဲ့ ကိုလံဘီယာတက္ကသိုလ်၊ မြေကမ္ဘာ အင်စတိကျူက ပါမောက္ခ ဂျက်ဖရီဆက် (Jeffery Sachs) ကတော့ "လူတွေအတွက် တကယ့်ကိုအရေးပါတဲ့ကိစ္စတွေ အတွက် ကိုက်ညီမယ့်၊ မူဝါဒတွေ ချမှတ်ဖို့ ကမ္ဘာပေါ်မှာ ပိုပြီးတောင်းဆိုမှုတွေ မြင့်လာ နေပါတယ်။ မူဝါဒချမှတ်သူတွေအတွက် အရေးကြီးတဲ့ အချက်ကတော့ လူထုတွေပျော်ရွှင်မှုကို ဘယ်လိုမြှင့်တင်ကြမလဲ ဆိုတဲ့ မေးခွန်းပါ" လို့ ပြောခဲ့ပါတယ်။

ကျနော်တို့ မြန်မာလူထုတွေ ပျော်ရွှင်ကြပါရဲ့လား။

အကိုးအကား-

International Day of Happiness

http://www.earth.columbia.edu/articles/view/2960

http://www.livescience.com/39489-the-happiest-countries.html

http://www.happyplanetindex.org/

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013