DVB Logo
Home
Lead Story
အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း ပြန်ရုပ်သိမ်းသည့်အပေါ် အမြင်များ
DVB
·
March 18, 2015
အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း ပြန်ရုပ်သိမ်းသည့်အပေါ် အမြင်များ
1 / 5
Donate to DVB

မတ်လ ၁၈ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာ ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်တင်ထားတဲ့ ဥပဒေကြမ်းကို ပြန်လည်ရုပ်သိမ်းဖို့တင်ပြခဲ့ပြီး လွှတ်တော်က သဘောတူတဲ့အတွက် ဥပဒေကြမ်းကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်ရဲ့ အကြောင်းပြချက်က အများပြည်သူဝန်ဆောင်မှု ဥပဒေကြမ်းဟာ မပြည့်စုံတဲ့အတွက် ပြန်ရုပ်သိမ်းလိုက်တာလို့ ဆိုပါတယ်။

ဥပဒေကြမ်းကို လွှတ်တော်မတင်မီနဲ့ တင်ထားပြီးနောက်ပိုင်း လွှတ်တော်တွင်း ဆွေးနွေးနေကြတဲ့ အချိန်တွေမှာ ဒီဥပဒေကြမ်းဟာ အင်မတန်ပြည့်စုံကောင်းမွန်တဲ့ ဥပဒေလို့  ပြန်ကြားရေးက အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုထားပြီးကာမှ အခုလို ပြန်ရုပ်သိမ်းသွားတဲ့အပေါ် အမြင်သဘောထားတွေကို မေးမြန်းထားပါတယ်။

ဦးဖြိုးမင်းသိန်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လှည်းကူးလွှတ်တော်အမတ်)

phyo-min-thein-300x232“ကျနော့်အနေနဲ့ ဒီဥပဒေဟာ ရုပ်သိမ်းသင့်တယ်လို့ ထင်တယ်။ အများပြည်သူဝန်ဆောင်မှု ဆိုပြီးတော့ နိုင်ငံတော်နဲ့ပတ်သက်တဲ့ သူတွေက အခွင့်ထူးတခု ယူထားတဲ့သဘောမျိုး မလုပ်သင့်ဘူး။ မီဒီယာလောကမှာ အားလုံးဟာ တပြေးညီပဲ ရပ်တည်ဖို့သင့်တယ်။ ဒါကြောင့် ဒီဥပဒေကို ရုပ်သိမ်းတာ ကောင်းမွန်ပါတယ်။ မြန်မာ့မီဒီယာလောကရဲ့ ဖြွှုံ့ဖိုးတိုးတက်မှုဟာ စနစ်တကျ မရှိဘူးလို့ ကျနော်ထင်တယ်။ ၀န်ကြီးဌာနက ကိုယ်ထင်သလို လျှောက်လုပ်နေတဲ့ သဘောမျိုးဖြစ်နေတယ်လို့ ယူဆတယ်။ ဒီ့အပြင် အာဏာရပါတီနဲ့ အာဏာရအ၀န်းအ၀ိုင်းကလည်း သတင်းမီဒီယာကို ရှုမြင်မှုက သတင်းမီဒီယာတွေဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို အထောက်အကူမပြုဘူး၊ နောက်ကနေ သွေးထိုးလှုံ့ဆော်နေတယ်ဆိုတဲ့ အယူအဆဘက်ကနေ ရပ်တည်နေတာ တွေ့ရတယ်။ သတင်းမီဒီယာဆိုတာ ပြည်သူလူထု နိုင်ငံရေးမှာ ပါဝင်နိုင်ဖို့၊ ပြည်သူလူထုကနေ အာဏာကြီးသုံးရပ်ကို ထိန်းညှိနိုင်ဖို့အတွက် မီဒီယာရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်ဆိုတဲ့ ယူဆချက်မျိုး သိပ်မရှိဘူး။ ဒီအတွေးအခေါ်နှစ်ခုက အတော်ပဋိပက္ခ ဖြစ်နေတယ်။ ဒါကြောင့် မီဒီယာလွတ်လပ်ခွင့်ဟာ တဖြည်းဖြည်း နောက်ဆုတ်လာတယ်လို့ မြင်ပါတယ်။”

ဦးသိန်းသန်းဦး (တရားလွှတ်တော်ရှေ့နေ - မန္တလေး)

375350_249073138490537_1911026078_n“ပထမဆုံးပြောရမယ့်အချက် ကတော့ ဒီဥပဒေကြမ်းရဲ့ ရည်ရွယ်ချက်က မမှန်ဘူးဗျ။ ပြည်သူ့ဝန်ဆောင်မှု ဥပဒေကြမ်းဆိုတာ တကယ်တမ်းကျတော့ နိုင်ငံပိုင် သတင်းစာတွေလို့ ခေါ်နေကြ တဲ့ မြန်မာ့အလင်းတို့၊ ကြေးမုံတို့ ဒါတွေဟာ အစိုးရအာဘော်တွေကို ၀ါဒဖြန့်တာပဲဗျ။ ကျနော်တို့ ယူဆတာက ဒါမျိုးတွေကို ပါတီစာနယ်ဇင်းကပဲ လုပ်သင့်တယ်။ အဲ့ဒါမျိုးတွေကို လူတွေအများကြီးသုံး ပိုက်ဆံတွေအများကြီးသုံးပြီး ၀ါဒဖြန့်ယန္တရား သက်သက်ဖြစ်တဲ့ အများပြည်သူ ၀န်ဆောင်မှု ဥပဒေဆိုတာကို ကျနော်တို့က မယုံကြည်ပါဘူး၊ သဘောလည်း မတူဘူး၊ ပြည့်စုံတယ် မပြည့်စုံဘူးတော့ မသိဘူး။ အသေးစိတ်ချည်နှောင်ချင်လို့လည်း ဖြစ်နိုင်တာပဲလေ။ အဲ့ဒီတော့ တခါတည်း အသေကြိုးတုပ် အပြတ်အသတ်ချည်နှောင်ချင်တာ ဖြစ်ချင်ဖြစ်မှာပေါ့။ ကျနော်အနေနဲ့ကတော့ ဒီ ပြည်သူ့ဝန်ဆောင်မှု ဥပဒေဆိုတာကို လက်မခံဘူး။”

ဦးဇော်သက်ထွေး (စာနယ်ဇင်းကောင်စီ - ယာယီ အဖွဲ့ဝင်)

zaw thet htwe“စာနယ်ဇင်းကောင်စီဟာ ဒီမိုကရေစီကိုသွားတဲ့ နိုင်ငံတ ခုမှာ နိုင်ငံပိုင်မီဒီယာကို အားကောင်းအောင် မလုပ်သင့်ဘူး။ ပုဂ္ဂလိက မီဒီယာတွေ အားကောင်းအောင်ပဲ လုပ်သင့်တယ်လို့ အစဉ်တစိုက် ပြောခဲ့ပါတယ်။ အဲ့ဒါကို လျစ်လျူရှုပြီးတော့ လက်ရှိအစိုးရဟာ သက်တမ်း ၄ နှစ်အတွင်းမှာ နိုင်ငံပိုင်သတင်းစာတွေကို ဖောင်တိုးတယ်။ ကြော်ငြာခတွေ လျှော့ပြီးကောက်တယ်၊ ပုဂ္ဂလိကသတင်းတွေ ကြော်ငြာဈေးနှုန်းထက် လျှော့ပြီးယူတယ်၊ သတင်းစာတစောင်ခြင်းရဲ့ ဈေးနှုန်းတွေကိုပါ လျှော့ယူတဲ့အခါကျတော့ ပုဂ္ဂလိကသတင်းစာတွေက နိုင်ငံပိုင်ကို မယှဉ်နိုင်ဘူး၊ အဲ့ဒါတချက်။ နောက်တခုက အများပြည်သူဝန်ဆောင်မှု သတင်းစာလုပ်ရင် နိုင်ငံပိုင်သတင်းစာတွေကို တရားဝင် စီးပွားရေးလုပ်ဆောင်ခွင့်ရတဲ့ မီဒီင်္ယာတွေ ဖြစ်သွားမယ်။ အဲ့ဒါဆိုရင်လည်း သိပ်မလျော်ကန်ဘူးပေါ့။ ဒီလို ဝေဖန်မှုတွေကို ကျနော်တို့က စိတ်ရှည်ရှည်နဲ့ လွှတ်တော်မှာ သွားရောက်ပြောဆိုတဲ့အခါမှာ လွှတ်တော်က ပိုမိုပြီးတော့ နားလည်သွားတယ်လို့ ထင်ပါတယ်။ နောက်တခုက ပြီးခဲ့တဲ့ လက်ပံတန်းကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံပိုင်သတင်းစာတွေရဲ့ ဖော်ပြချက်တွေဟာ စာနယ်ဇင်းကျင့်ဝတ်အရ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ အစိုးရပိုင်းရဲ့အမြင်နဲ့ သဘောထားတွေပဲ လွှမ်းခြုံနေပြီးတော့ တကယ်ခံစားနေရတဲ့ ကျောင်းသားနဲ့ ပြည်သူလူထုတွေရဲ့အမြင်ကို ဖော်ပြရာမှာ ချို့ယွင်းခဲ့တယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုမျိုးတွေနဲ့သာ နိုင်ငံပိုင်မီဒီယာကို အများပြည်သူမီဒီယာကို သွားမယ်ဆိုရင် အခက်အခဲတွေ စိန်ခေါ်မှုတွေရှိမယ်။ ကျင့်ဝတ်စံထုံးနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေရှိတယ်လို့ ကျနော် ဝေဖန်ခဲ့ပါတယ်။ အခုတော့ လွှတ်တော်က ဒီ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး တက်တက်ကြွကြွ မရှိခဲ့လို့ ဒါဟာ ပြည့်စုံလုံလောက်မှု မရှိဘူးဆိုပြီးတော့ ရုပ်သိမ်းသွားတာ ဖြစ်နိုင်ပါတယ်။”

ဦးမြင့်ကျော် (မြန်မာဂျာနယ်လစ်ကွန်ရက်)

myint kyaw“အများပြည်သူဝန်ဆောင်မှု မီဒီယာဆိုတဲ့ဟာကို နိုင်ငံပိုင် သတင်းစာ ကြေးမုံ၊ မြန်မာ့အ လင်းကို ခေါ်သည်။ မြန်မာ့ရုပ်မြင် သံကြားကို ခေါ်သည်လို့ အဓိပ္ပာယ်ဖွင့်ထားတာ။ အဲ့ဒါက တကယ့်အနှစ်သာရကို သတ်မှတ်တာမဟုတ်ဘဲ အမည်နာမကို သတ်မှတ်တာ။ မြန်မာ့အလင်း နဲ့ ကြေးမုံကိုပဲ လုပ်ချင်လို့ သတ်မှတ်ချင်တဲ့ သဘောမျိုး ဖြစ်နေတယ်။ ကမ္ဘာပေါ်မှာ အများပြည်သူဝန်ဆောင်မှု သတင်းစာဆိုတာ ရှာရှာဖွေဖွေ ရှာကြည့်ရင် တခုနှစ်ခုလောက်ပဲ ရှိတယ်။ ဒီမိုကရက်တစ်နိုင်ငံတွေမှာ မရှိဘူး။ အာဏာရှင်နဲ့ ဆိုရှယ်လစ်နိုင်ငံတွေမှာတော့ အစိုးရသတင်းစာဆိုတာ ရှိတယ်။ ဒါကြောင့် သတင်းစာကို အဲ့ဒီလိုလုပ်မှာကို စာနယ်ဇင်းကောင်စီအပါအ၀င် မီဒီယာအများစုက ဆန့်ကျင်ဝေဖန်ခဲ့ကြတယ်။ အများပြည်သူဝန်ဆောင်မှု မီဒီယာမှာ သတင်းစာကို ထည့်သွင်းတာ လွှတ်တော်ကလည်း သဘောမတူဘူး။ လက်ရှိမှာ ပြန်ကြားရေးဝန်ကြီးဌာနက ဒီဟာကို ဒီတိုင်းသွားလို့ မရရင် သူတို့ လက်ရှိရပ်တည်ချက်မှာပဲ ဆက်နေမယ်ဆိုတဲ့သဘောမျိုး ဆုံးဖြတ်လိုက်တာ ဖြစ်နိုင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013