အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း ပြန်ရုပ်သိမ်း

ဦးရဲထွဋ်
ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်တင်ထားတဲ့ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းဟာ ပြည်စုံလုံလောက်မှု မရှိသေးတဲ့အတွက် ပြန်လည်ရုပ်သိမ်းခွင့်ပြုဖို့ လွှတ်တော်ကိုတင်ပြခဲ့ပြီး လွှတ်တော်ကလည်း ရုပ်သိမ်းဖို့ အတည်ပြုပေးလိုက်ပါတယ်။ လွှတ်တော်တင်ထားတာ ၁ နှစ်လောက်ကြာမြင့်ခဲ့ပြီးဖြစ်တဲ့ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းကို ဒီနေ့ကျင်းပတဲ့ လွှတ်တော်ထဲ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြန်လည်ရုပ်သိမ်းဖို့ လာရောက်တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဥပဒေကြမ်းတခုကို လွှတ်တော်တင်ထားပြီး လွှတ်တော်မှာလည်း ဆွေးနွေးပြီးဖြစ်တဲ့ ဥပဒေကြမ်းတခုကို ပြန်လည်ရုပ်သိမ်းသွာတာဟာ လွှတ်တော်သက်တမ်းတလျှောက် ဒါ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ လှည်းကူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကတော့ ဒီဥပဒေကြမ်းအပေါ် ဝေဖန်ချက်မျိုးစုံရှိနေလို့ ပြန်လည်ရုပ်သိမ်းသွားတာလို့ သုံးသပ်ပြောပါတယ်။ “ဥပဒေကြမ်းက ပြည့်စုံလုံလောက်မှုမရှိတဲ့အပြင် အများပြည်သူလေ့လာနိုင်ဖို့ သတင်းစာတွေထဲ ဖော်ပြလိုက်တဲ့အချိန်မှာ သတင်းမီဒီယာအဖွဲ့အစည်းတွေ၊ တခြားစိတ်ဝင်စားတဲ့သူတွေက ဥပဒေမှာ လိုအပ်ချက်တွေ အများကြီးရှိနေတယ်၊ ဒီဥပဒေဟာ နိုင်ငံပိုင်မီဒီယာတွေကနေ တခြားပုဂ္ဂလိကသတင်းစာတွေကို ခွဲခြားထားတဲ့ဥပဒေမျိုးဖြစ်နေတယ်၊ ဒါတွေအပေါ်မှာ ပြန်လည်သုံးသပ်ရမယ့် အခြေအနေရှိတယ်လို့ ထင်ပါတယ်။” ပြည်သူ့လွှတ်တော် ပြန်ကြားဆက်ဆံကော်မတီဝင် သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကတော့ အများပြည်သူဥပဒေကြမ်းကို ပြန်ပြီးရုပ်သိမ်းသွားတဲ့အတွက်ကြောင့် လာမယ့်ရွေး ကောက်ပွဲကာလမှာ လက်ရှိအစိုးရချုပ်ကိုင်ထားသည့် မီဒီယာများက လက်ရှိကျင့်သုံးနေသော ပေါ်လစီမူဝါဒ များအတိုင်း (ဥပဒေသစ်မထွက်မလာမချင်း) ကျင့်သုံးဆောင်ရွက်ခွင့်ရသွားမည်ဖြစ်သည်လို့ သူ့ဖေ့စ်ဘွတ်မှာ မှတ်ချက်ပြုရေးထားပါတယ်။ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ် မတ်လကထဲက လွှတ်တော်တင်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up