DVB Logo
Home
မြန်မာသတင်း
ကျပ်သိန်းပေါင်း ၃ သောင်းခွဲကျော်တန် မူးယစ်ဆေးဝါးများ တအာင်းတပ်မတော်ဖမ်းဆီး
DVB
·
March 16, 2015
ကျပ်သိန်းပေါင်း ၃ သောင်းခွဲကျော်တန် မူးယစ်ဆေးဝါးများ တအာင်းတပ်မတော်ဖမ်းဆီး
1 / 6
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မန်တုံမြို့နယ်ထဲမှာ ကာလတန်ဖိုး ကျပ်သိန်းပေါင်း သုံးသောင်းငါးထောင်ကျော်တန်ဘိုးရှိတဲ့ ဘိန်းဖြူနဲ့ စိတ်ကြွမူးယစ်ဆေးဝါးတွေ  ဖမ်းဆီးရမိတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(တီအန်အယ်လ်အေ)က ထုတ်ပြန်ပါတယ်။

မတ်လ ၁၅ ရက်နေ့ မနက်က တအာင်းတပ်မတော် စစ်ဦးစီးအဖွဲ့နဲ့ တအာင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့တို့ ပူးပေါင်းပြီး မိုင်းဝီး-မန်တုံသွားလမ်းပေါ်က ယာဉ်အသွားအလာတွေ စစ်ဆေးနေရာမှာ ကျောက်တင်ကားတစ်စီးပေါ်ကနေ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တာလို့ တီအန်အယ်လ်အေ ပြန်ကြားရေးမှူး မိုင်အိုက်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“ခိုမုန်းရွာနားမှာ ကျနော်တို့တပ်ဖွဲ့ အင်အား ၂၀ လောက်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာ၊ မနေ့မနက် ၁၀ နာရီလောက်က ကျောက်ကား တစ်စီးပေါ်ကနေ ဆာလာအိတ်ထဲထည့်ထားတဲ့ ဘိန်းဖြူနဲ့ ရာဘဆေးပြားတွေ မိခဲ့တာပါခင်ဗျ။ ကျနော်တို့ ဖမ်းဆီးရမိတဲ့ထဲက ဒီတခေါက် ပမာဏအများဆုံးဖြစ်ပါတယ်။ ကျနော်တို့က ကားကိုစစ်ဆေးနေတုန်း တစ်ယောက်က ဘယ်ထွက်သွားမှန်းမသိဘူး။ ကျနော်တို့လည်း ကားထဲမှာ ဘာရှိမှန်းမသိတော့ အဲဒီလူနောက် မလိုက်မိဘူး။ မူးယစ်ဆေးဝါးတွေ့တဲ့အခါမှ ကားမောင်းသမားက ထွက်ပြေးသွားတဲ့လူက ပိုင်ရှင်လို့ပြောတာ။ အဲဒီလူက နမ့်ခမ်းမြို့ ပေါက်နေရပ်မှာနေတဲ့ တရုတ်လူမျိုးလို့ ပြောတယ်။ ကားမောင်းသမားကတော့ စစ်ကိုင်းဘက်ကတဲ့၊ အသက် ၃၀ ရွယ် သူ့ကို ကျနော်တို့တပ်မှာ ထိန်းသိမ်းထားပါတယ်။”

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေထဲမှာ  ဘိန်းဖြူ  ၁၆ ဒသမ ၅ ကီလိုမီတာ နဲ့ စိတ်ကြွဆေး အလုံးရေ ၂ သန်း ၃ သိန်း ၂ သောင်းပါဝင်ပြီး  လာမယ့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနေ့မှာ အခမ်းအနားနဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးမယ်လို့ တအာင်း လက်နက်ကိုင်အဖွဲ့က ပြောပါတယ်။

[gallery ids="85902,85903,85904,85905,85907"]

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013