မော်ဒိုက်သမ္မတဟောင်းကို ထောင်ဒဏ် ၁၃ နှစ် ချမှတ်

မော်ဒိုက်နိုင်ငံ သမ္မတဟောင်း မိုဟာမက် နာရှစ်ကို အကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ ပုဒ်မတပ်ပြီး မတ် ၁၃ ရက်နေ့က ထောင်ဒဏ် ၁၃ နှစ်ချမှတ်လိုက်ပါတယ်။ မော်ဒိုက်မှာ နိုင်ငံရေး မငြိမ်သက်မှုကာလကို ဖြတ်သန်းနေရာ သုံးနှစ်ရှိပါပြီ။ မိုဟာမက် နာရှစ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကေက်ခံရတဲ့ ပထမဆုံး သမ္မတဖြစ်ပါတယ်။ အငြင်းပွားဖွယ် အခြေအနေတွေအောက်မှာ ရာထူးကနေ ဖယ်ရှားခံရပြီး ရွေးကောက်ပွဲမှာလည်း ကပ်ပြီး ရှုံးခဲ့ပါတယ်။ အခု အမှုကတော့ ၂၀၁၂ ခုနှစ်မှာ သူအာဏာရှိတဲ့အချိန်က တရားသူကြီးတယောက်ကို ဖမ်းဆီးဖို့ အမိန့်ပေးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပါတယ်။ တရားသူကြီး အဗ္ဗဒူလာ ဒီဒီက အစိုးရရှေ့နေတွေ တင်ပြတဲ့ သက်သေတွေဟာ ခိုင်လုံတယ်လို့ ဆိုပြီး တရားသူကြီး သုံးယောက်စလုံးက နာရှစ်မှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်လိုက်တာပါ။ နာရှစ်ဟာ ၂၀၀၈ ခုနှစ်မှာ ရွေေးကာက်ပွဲ အနိုင်ရခဲ့လို့ မော်ဒိုက်မှာ နှစ် ၃၀ ကြာတဲ့ အာဏာရှင် အုပ်ချုပ်ရေး အဆုံးသတ်သွားခဲ့ပါတယ်။ နာရှစ်ကို အကြမ်းဖက်မှုနဲ့ တရားစွဲတာ မကျေနပ်တဲ့အတွက် အရင်လက လူထောင်နဲ့ချီ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပြီး လုံခြုံရေးအဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ အိန္ဒိယနဲ့ အမေရိကန် ပြည်ထောင်စုတို့ကလည်း နာရှစ်ရဲ့ အမှုအတွက် စိုးရိမ်တယ်လို့ ပြောခဲ့ပါတယ်။ ဒီအတောအတွင်း နာရှစ်ကို ထောက်ခံသူ ၁၃ ယောက်ကိုလည်း ရဲက ဖမ်းဆီးထားပါတယ်။ ရုံးထုတ်တဲ့အချိန်မှာလည်း နာရှစ်က သူ့ကို ထောက်ခံသူတွေကို လမ်းပေါ်ထွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က တရားသူကြီးကို ဖမ်းဆီးတဲ့ ကိစ္စဟာ နိုင်ငံရေး အကျပ်အတည်းကို ဦးတည်ခဲ့ပါတယ်။ နာရှစ်လည်း သေနတ်နဲ့ ခြိမ်းခြောက်ခံရသလို ရာထူးကနေလည်း နုတ်ထွက်ပေးခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ရွေးကောက်ပွဲ ပြန်ကျင်းပခဲ့ပြီး  အာဏာရှင် ယမ်မင်ကပဲ ၂၀၁၃ နိုဝင်ဘာမှ သမ္မတ ဖြစ်လာပါတယ်။ အရင်လတုန်းက ရှေ့နေချုပ်က နာရှစ်ရဲ့ အမှုကို ပလပ်လိုက်ပြီးနောက် အဲဒီအမှုနဲ့ပဲ ထပ်ဖမ်းပြီး တရားစွဲဆို ထောင်ဒဏ်ချမှတ်လိုက်တာပါ။ ဒီလို အခြေအနေတွေကြောင့် နာရှစ်ကို ထောက်ခံသူတွေ ထောင်ပေါင်းများစွာဟာ လမ်းပေါ်ထွက်ခဲ့ကြပါတယ်။ မော်ဒိုက်ဟာ ပင်လယ်ထဲက ကျွန်းစုနိုင်ငံလေး ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကြောင့် ကျော်ကြားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up