ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်တွင်း ယာဉ်တိုက်မှု မြန်မာ ၁ ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံအလယ်ပိုင်း ပထုန်ဌာနီခရိုင် ဆမ်ခုတ်မြို့နယ်ထဲမှာ မတ် ၁၁ ရက် မနက် ၅ နာရီက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး မြန်မာအလုပ်သမား ၁ ဦး သေဆုံးကာ ၁၁ ယောက် ဒဏ်ရာရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ် ။ မဲ့ကလောင် - မဟာချိုင်းနဲ့ ဆမုတ်ဆုန်ခန်းမြို့ကို ပြေးဆွဲနေတဲ့ ခရီးသည်တင် မှန်လုံ ကားဟာ ဘန့်ဘိုးထောင်းရပ်ကွက် ဆမ်ခုတ်တံတားအနီးမှာ သံချောင်းတွေ တင်လာတဲ့ ကုန်တင်ကားကြီးနဲ့ တိုက်မိခဲ့တာလို့  ဆမ်ခုတ်ရဲစခန်း ဒုရဲမှူး ချိုင်းယန်းဒေါင်လိုင်က သတင်းထောက်တွေကို ပြောပါတယ်။ နယ်မြေထဲ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းပေးပို့ချက်အရ ကယ်ဆယ်ရေးယာဉ် တွေနဲ့ အတူ သွားရောက်စစ်ဆေးရာမှာ ရစရာမရှိအောင် ပျက်စီးနေတဲ့ အဖြူရောင်မှန်လုံကားနဲ့ ယာဉ်မောင်းသူဘေးထိုင်ခုံမှာ သေဆုံးနေတဲ့ အမည်မသိ မြန်မာအလုပ်သမား ၁ ဦးကို တွေ့ရှိရတယ်လို့ ဒုရဲမှူးက ဆက်ပြောပါတယ် ။ ဒါအပြင် အသက် ၅၁ နှစ်အရွယ် ယာဉ်မောင်း ထိုင်းလူမျိုးမျက်နှာမှာ ဒဏ်ရာရခဲ့သလို ကားထဲမှာ စီးနင်းလိုက်ပါလာတဲ့ အခြား   မြန်မာအလုပ်သမား ၁၁ ယောက် (ကျား -၉ ဦး၊ မ - ၂ ဦး)တို့လည်း ဒဏ်ရာရှိတဲ့အတွက် အားလုံးဘဲ ပထုန်ဌာနီဆေးရုံကို ပို့ဆောင်ထားတယ်လို့ ရဲအရာရှိက ပြောပါတယ် ။ သံချောင်းတွေ တင်လာတဲ့ ဆယ်ဘီးကုန်တင်ကားမောင်းသူ ပြောပြချက်အရ သူ့ကားဟာ ဂက်စ်ကုန်ခါနီးလို့ ဘယ်ဘက်လမ်းဘေးကို ရပ်ဖို့ အရှိန်လျော့နေတုန်း အမြန်မောင်းလာတဲ့ မှန်လုံကားက အနောက်ကနေ ၀င်တိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒုရဲမှူးကတော့ ကားထဲမှာရှိတဲ့ မြန်မာအလုပ်သမားမှတ်ပုံတင်ကဒ်တွေ ယူဆောင်ကာ ကုန်တင်ကားမောင်းသူကိုပါ ထပ်မံ စစ်ဆေးဖို့  ဆမ်ခုတ်ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ဘန်ကောက်ဘစ်စနစ်သတင်းမှာ ဖော်ပြသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up