ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့ ဖမ်းဆီးထားသည့်ကလေးများ အသိစိတ်ချို့ယွင်း

ကင်မရွန်းနိုင်ငံမှာ ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့တွေရဲ့ လက်ထဲကနေ ကယ်တင်ခဲ့တဲ့ ကလေး ၈၀ ဟာ အသိစိတ်ချို့ယွင်းသွားပြီး သူတို့ရဲ့ နာမည်နဲ့ ဘယ်ကလာတယ်ဆိုတာကို မမှတ်မိတော့ဘူးလို့ ဆိုပါတယ်။ နိုဝင်ဘာလက ကလေးတွေကို စခန်းတခုမှ တွေ့ရှိခဲ့တာဖြစ်ပြီး အသက် ၅ နှစ်ကနေ ၈ နှစ်ရှိတဲ့ကလေးတွေက အင်္ဂလိပ်ပြင်သစ်နဲ့ ဒေသခံ ဘာသာစကားတွေကိုလည်း မပြောတတ်ဘူးလို့ အကူအညီပေးရေးအဖွဲ့တွေကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေမှာ ရေးပါတယ်။ ဖမ်းဆီးထားတဲ့သူတွေထဲမှာ အချိန်အတော်ကြာနေရတဲ့ ကလေးတွေကို ဘာသာရေး အတွေးအခေါ်တွေ ရိုက်သွင်းထားပြီး သူတို့ဘယ်သူတွေဆိုတာကို ကလေးတွေက သတိမရတော့ဘူးလို့ ဆိုပါတယ်။ နိုက်ဂျီးရီးယား အခြေစိုက် ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို ကင်မရွန်းနိုင်ငံ အထိ တိုးချဲ့လာတာ ဖြစ်ပါတယ်။ နိုက်ဂျီးရီးယား အရှေ့မြောက်ပိုင်းမှာ အစ္စလာမ္မစ်ကို အခြေခံတဲ့ အုပ်ချုပ်ရေး စနစ်ကို တည်ထောင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒီဒေသမှာ ရွာတွေမြို့ အတော်များများကို ထိန်းချုပ်ထားသလို မကြာသေးခင်က အစ္စလာမ္မစ် (အိုင်အက်စ်)အဖွဲ့ကို သစ္စာခံဖို့ ပြောဆိုထားပါတယ်။

More News
Up