DVB Logo
Home
မြန်မာသတင်း
ဒီကေဘီအေနှင့် အစိုးရတပ် ကော့ကရိတ်အနီးတိုက်ပွဲဖြစ်
DVB
·
March 11, 2015
ဒီကေဘီအေနှင့် အစိုးရတပ် ကော့ကရိတ်အနီးတိုက်ပွဲဖြစ်
Donate to DVB

ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးနားမှာ အစိုးရတပ်တွေနဲ့ ဒီကေဘီအေ ကလိုထူးဘော တပ်ဖွဲ့က ဗိုလ်မှူးကြီး စောဆန်းအောင်ရဲ့ တပ်တွေအကြား ဒီကနေ့မွန်းလွဲပိုင်းက တိုက်ပွဲတွေ ဖြစ်ပွားပါတယ်။

ဗိုလ်မှူးကြီးစောဆန်းအောင်က ‘ကော့ကရိတ်တောင်ဘက်ခြမ်း တမိုင်ကုန်းနဲ့ ဖန်းငါးကုန်းကြား မှာပေါ့။ ကျနော်တို့ကို လက်ရှိ ထိုးစစ်ဆင်ပြီးတော့ ၀ိုင်းဖို့တက်လာတယ်။ ခုနက ၂ နာရီ ၀န်းကျင်လောက်မှာ တိုက်ပွဲဖြစ်တယ်။ ခုထိဖြစ်နေတယ်။ သူတို့အင်အားကတော့ များတယ် ကျနော့်ဆီလာတဲ့ အင်အားက ၆၀ လောက်ရှိတယ်။ တပ်ကတော့ ၅၄၇ ရောက်လာတယ်ပြောတယ် အမှန်က ဒီမှာလှုပ်ရှားတာ ၂၃၁တပ်။ ခု ၅၄၇ ရောက်လာတယ်’ ’လို့ ဒီဗွီဘီကို ပြောပါတယ်။

နှစ်ဘက်ထိခိုက်ဒဏ်ရာရမှုတွေနဲ့ပတ်သက်လို့မသိရသေးပေမယ့် ဒီကေဘီအေဘက်ကတော့ ထိခိုက်ဒဏ်ရာရမှုမရှိပါဘူးလို့ ပြောပါတယ်။

တိုက်ပွဲကြောင့် ဒေသခံရွာသားတွေ ဘေးလွတ်ရာကို တမ်းရှောင်နေကြရတယ်လို့ တိုက်ပွဲဖြစ်ရာနေရာ အနီးမှာရောက်ရှိနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

“ကျနော်တို့ ရောက်သွားတဲ့အချိန်မှာ ပစ်ခတ်သံတွေစပြီးကြားပါတယ်ခင်ဗျ။ လက်နက်ကြီးသံတွေ ၁၅ ချက်လောက်ကြားတယ်။ ရွာသားတွေကတော့ အကုန်ပြေးကြတာပေါ့၊ ပုန်းတဲ့လူ လည်းပုန်းတယ် အိမ်တွေမှာလည်း လူမရှိကြတော့ဘူး လုံခြုံတဲ့နေရာရောက်နေတာပေါ့။ လယ်ကွက်လေးပဲ ခြားတယ်။ ကျနော်မြင်နေရတာကတော့ ရွာဘေးက တောအုပ်ထဲမှာတော့ မီးခိုးတွေငွေ့ပြီး ကျန်ခဲ့တယ်”လို့ ပြောပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး မွန်းလွဲပိုင်းမှာ သေနတ်သံတွေကြားရတယ်လို့ ကော့ကရိတ်မြို့ခံတဦးက ပြောပေမယ့် ကော့ကရိတ် ရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းကြည့်ရမှာတော့ တိုက်ပွဲနဲ့ ပတ်သက်ပြီး မသိဘူးလို့ ဖြေကြားပါတယ်။

ဗိုလ်မှူးကြီး စောဆန်းအောင်က လက်ပံတန်းမှာပိတ်ဆို့တားဆီးခံရတဲ့ ဒီမိုကရေစီပညာရေး ပင်မ သပိတ်စစ်ကြောင်းက ကျောင်းသားတွေဘက်က ရပ်တည်ထောက်ခံတဲ့ ကြေညာချက်ထွက်ပေါ် လာပြီးနောက် ခုလို အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

လက်ရှိ တိုက်ပွဲဖြစ်ပွားရခြင်းအကြောင်းရင်းနဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီးစောဆန်းအောင်က “ဒီလက်ပံတန်းမှာ ကျောင်းသားတွေကို နှိမ်နင်းတဲ့အချိန်မှာ ကျနော်လည်းဒီမှာ မြို့ထဲကိုဝင်ပြီး မထိုးဖောက်နိုင်အောင်လည်းပါမယ်။ တဖက်ကလည်း ကျနော်တို့ အချင်းချင်း ပြန်ပြီးလက်ခံတဲ့ အပေါ်မှာ အစာမကျေဘဲ လိုက်တိုက်တာလဲပါမယ်လို့ ကျနော်သုံးသပ်တယ်။ ပြန်လည်တာဝန်ခန့် အပ်တဲ့နောက်ပိုင်းမှာ ထိုးစစ်တွေက ကျနော့်ကို ဦးတည်ပြီးတော့ လှုပ်ရှားလာတာ သီတင်းတပတ် ၀န်းကျင်လောက်ရှိပြီ”လို့ ပြောပါတယ်။

ဗိုလ်မှူးကြီး စောဆန်းအောင်ကို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(ဒီကေဘီအေ)က အမိန့်နာခံခြင်း မရှိဟုဆိုကာ ပြီးခဲ့တဲ့နှစ်က ထုတ်ပယ်ခဲ့တာဖြစ်ပြီး မတ်လ ၇ ရက်နေ့ကမှ အဖွဲ့ဝင်အဖြစ် ပြန်လည်ခန့်အပ်ထားတာပါ။

ကရင်ပြည်နယ် မြ၀တီမြို့အနားမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကလည်း ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) လက်အောက်ခံတပ်နဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ တခုတို့ အကြား ပစ်ခတ်မှုဖြစ်ပွားပြီး ကေအန်ယူဘက်က တဦးသေ၊ တဦးဒဏ်ရာရကာ နယ်ခြားစောင့်တပ်က တဦးဒဏ်ရာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013