ရုရှားအတိုက်အခံခေါင်းဆောင်ကို ပစ်သတ်မှုဖြင့် သံသယရှိသူ ၂ ဦးကို စွဲချက်တင်

ရုရှားအတိုက်အခံခေါင်းဆောင် ဘောရစ်နမ်ဆော့(Boris Nemtsov)ကို ပစ်သတ်မှုနဲ့ သံသယရှိသူ ၂ ဦးကို မတ် ၈ ရက်နေ့က မော်စကိုတရားရုံးတရုံးမှာ စွဲချက်တင်လိုက်ပါတယ်။ သူတို့ ၂ ဦးစလုံးဟာ ချေချင်ညာ ဒေသခံတွေ ဖြစ်တယ်လို့ ရုရှားမီဒီယာတွေမှာ ဖော်ပြပြီး သတ်ဖြတ်မှုနဲ့ နောက်ထပ်သံသယရှိသူ ၃ ဦးကိုပါ တရက်ထဲ ရုံးထုတ်ခဲ့ပါတယ်။ ဘောရစ်နမ်ဆော့နဲ့ ရည်းစားဖြစ်သူတို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ညက လမ်းလျှောက်လာစဉ် ကရင်မလင်နန်းတော်အနီးမှာပဲ အနောက်ကနေ သေနတ် ၄ ချက်ပစ်ခံရပြီး သေဆုံးခဲ့ရတာပါ။ အသက် ၅၅ နှစ်အရွယ် အတိုက်အခံခေါင်းဆောင် နမ်ဆော့ သတ်ဖြတ်ခံရမှုဟာ ရုရှားတနိုင်ငံလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့တာပါ။ ရုံးတင်ခံရတဲ့သူ ၂ ဦးစလုံးကတော့ သတ်ဖြတ်မှုကို စီရင်သူရော၊ ကိုယ်တိုင်သတ်ဖြတ်သူရော ဖြစ်တယ်လို့ ၀န်ခံထားပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ နမ်ဆော့ ကို ပစ်သတ်ခဲ့တယ်ဆိုတာတော့ အတိအကျ မသိရပေမယ့် သူတို့ ၂ ဦးထဲက ၁ ဦးကတော့ ချေချင်ညာမှာ ရှိတဲ့ ရုရှားလုံခြုံရေးအဖွဲ့ဝင်တဦး ဖြစ်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ရုရှားသမ္မတပူတင်လည်း ဒီသတ်ဖြတ်မှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး ရုရှားနိုင်ငံမှာ အခုလို နိုင်ငံရေးအကြောင်းခံနဲ့ သတ်ဖြတ်မှုတွေ မလုပ်ကြတော့ဖို့ တောင်းဆိုထားပါတယ်။ ရုရှားအတိုက်အခံတွေကတော့ အစိုးရကိုယ်တိုင် ဒီသတ်ဖြတ်မှုကို စီစဉ်ခဲ့တာဖြစ်ပြီး ကမောက်ကမ ဖြစ်နေတဲ့ ရုရှားစီးပွားရေးဖက်ကို ဦးမလှည့်အောင် ရုရှားအတိုက်အခံတွေကို ခြိမ်းခြောက်တာဖြစ်တယ်လို့ စွပ်စွဲကြပါတယ်။ လွှတ်တော်အမတ်တဦးကလည်း အခုလို သတ်ဖြတ်သူတွေ ဖမ်းဆီးရမိတာထက် နောက်ကွယ်က ညွန်ကြားတဲ့သူ ဖမ်းဆီးရမိဖို့က ပိုအရေးကြီးတယ်လို့ ပြောဆိုပါတယ်။ နောက်ကွယ်က စီစဉ်ညွန်ကြားသူကို မဖမ်းဆီးနိုင်သရွေ့ ရုရှားနိုင်ငံမှာ အတိုက်အခံတွေကို လက်သည်မပေါ်ပဲ သတ်ဖြတ်မှုတွေဟာ အမြဲဆက်ဖြစ်နေမှာ ဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။ မတ် ၁ ရက်နေ့က နမ်ဆော့ပစ်သတ်ခံရမှုကို ဆန့်ကျင်ရှုတ်ချတဲ့ လူထုချီတက်ပွဲတခု မော်စကိုမြို့တော်မှာ ကျင်းပခဲ့ပြီး လူ ၅ သောင်းလောက် တက်ရောက်ခဲ့ကြပါတယ်။ [gallery ids="84843,84844,84845"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up