ဖားကန့်တွင် မြေစာပုံ ပြိုကျ ၊ ၆ ဦး ပြန်တွေ့
နန်းမြနဒီ
·
March 9, 2015
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မတ် ၆ ရက်နေ့ မွန်းလွဲပိုင်းက မြေစာပုံ ပြိုကျမှု ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။
ဖားကန့်မြို့နဲ့ ၁၂ မိုင်အကွာ မတ်မုန်ကျေးရွာက ပီအယ်လ်အိုကုမ္ပဏီပိုင် မှော်ထဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ခုထိ လူအသေအပျောက် စာရင်း မသိရသေးဘူးလို့ ဖားကန့်မြို့နယ်ရဲစခန်း တာဝန်ကျ ရဲဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အပေါ်ကနေ မြေစာတွေ ထပ်ထပ်ပြီး သွန်တဲ့အခါကျတော့ အောက်က အလေးချိန် မခံနိုင်ဘဲ ပြိုကျတာပေါ့။ မြေစာပုံက ပေ ၂၀၀ ကျော် မြင့်ပါတယ်။ ဌာနဆိုင်ရာနဲ့ ကုမ္ပဏီက ကားကြီးတွေနဲ့ လူအသေအပျောက်တွေ ရှာနေတယ်။ အခုထိ အမျိုးသား ၆ ယောက်ဘဲ ပြန်တွေ့ပါတယ်။ ၆ ယောက်လုံး အသက်ရှင်လျက်ပါ။”
ရှာဖွေရေးလုပ်ငန်း မပြီးဆုံးသေးတဲ့အတွက် သေဆုံး၊ပျောက်ဆုံးသူဦးရေ ဘယ်လောက်ဆိုတာ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
မြေစာပုံ ပြိုကျစဉ် အဲဒီအနီးတ၀ိုက်မှာ ရှိနေတဲ့ လူတွေအားလုံးနီးပါးကတော့ စွန့်ပစ်မြေစာထဲကနေ ရေမဆေးကျောက် လိုက်ကောက်နေတဲ့ သူတွေဖြစ်တယ်လို့ ရဲစခန်းက ပြောပါတယ်။
ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၆ ရက်နေ့ကလည်း မှော်မောင်းကုန်းက မြေစာပုံပြိုကျပြီး လူ ၄ ဦးသေဆုံးခဲ့ပါတယ်။