အတိုက်အခံခေါင်းဆောင် အသတ်ခံရမှု သံသယရှိသူ ၂ ဦးကို ရုရှား စစ်ဆေး

အသတ်ခံရသည့် ရုရှားအတိုက်အခံခေါင်းဆောင် (ဓာတ်ပုံ - http://www.dw.de)
ရုရှားအတိုက်အခံခေါင်းဆောင် ဘောရစ် နမ်းဆောဗ်ကို သတ်ဖြတ်တယ်လို့ သံသယရှိသူ ၂ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရုရှား ဗဟိုထောက်လှမ်းရေးဌာနက မတ်လ ၇ ရက်နေ့ ရုရှား ရုပ်မြင်သံကြား လိုင်းတွေကတဆင့် ကြေညာပါတယ်။ ဖမ်းမိထားတဲ့ ၂ ဦးလုံးဟာ ကော့ကေးဆပ် ဒေသသားတွေဖြစ်တယ်လို့ ဗဟိုထောက်လှမ်းရေး ညွှန်ကြားရေးမှူး အလက်ဇန္ဒား ဘော့တနီကော့ (Alexander Bortnikov) က ပြောဆိုပေမယ့် အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ လုံခြုံရေးကင်မရာတွေမှာ ပါဝင်တဲ့ပုံတွေဟာ သူတို့ ၂ ဦး ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိရှိရတယ်လို့လည်းက ပြောဆိုပါတယ်။ အသက် ၅၅ နှစ်အရွယ် အတိုက်အခံ ခေါင်းဆောင် နမ်းဆော့ဗ် ဟာ ယူကရိန်းပြည်တွင်းစစ်မှာ ရုရှားနိုင်ငံ နောက်ခံကပါဝင်မှုကို ဆန့်ကျင်ဆန္ဒပြပွဲတခုလုပ်ဖို့ စီစဉ်နေချိန် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပစ်သတ်ခံရတာဖြစ်ပြီး ရုရှားစစ်တပ်က ပါဝင်ပတ်သက်မှုကို ဖွင့်ချဖို့ အစီရင်ခံစာ ပြင်ဆင်နေချိန်လည်းဖြစ်ပါတယ်။ ရုရှားသမ္မတပူတင်က သတ်ဖြတ်မှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး အခုလိုရှက်စရာကောင်းတဲ့ နိုင်ငံရေးအခြေခံတဲ့သတ်ဖြတ်မှုတွေ မလုပ်ကြတော့ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ရုရှားအတိုက်အခံတွေကတော့ သတ်ဖြတ်ဖို့ ရုရှားအစိုးရပဲ စေခိုင်းခဲ့တာဖြစ်ပြီး ရုရှားစီးပွားရေးကမောက်ကမဖြစ်မှုကို အကြောင်းပြုပြီး အတိုက်အခံတွေကို ခြိမ်းခြောက်ဖို့ ကြိုးစားမှုဖြစ်တယ်လို့ စွပ်စွဲပြောဆိုပါတယ်။ ဒီသတ်ဖြတ်သူတွေက အရေးမကြီးပဲ အဲဒီသတ်ဖြတ်သူတွေကို ဘယ်သူက အမိန့်ပေးလဲဆိုတာက ပိုအရေးကြီးတယ်လို့ ပြောဆိုပါတယ်။ ဒါကြောင့် အဲ့ဒီသတ်ဖြတ်သူတွေကို ဖမ်းဆီးမိရုံနဲ့ မလုံလောက်ပဲ သတ်ဖြတ်ဖို့ သူတို့ကို ညွှန်ကြားတဲ့သူတွေကို စုံစမ်းဖော်ထုတ်ဖို့ လိုအပ်တယ်လို့ ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up