ဖူးခက်တွင် မြန်မာအလုပ်သမားဟု ယူဆရသူ ၁ ဦး ဓာတ်လိုက် သေဆုံး
DVB
·
March 6, 2015
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှာ မြန်မာအလုပ်သမားလို့ ယူဆရတဲ့ လူရွယ်တဦး ဓာတ်လိုက်သေဆုံးသွားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မတ်လ ၅ ရက်နေ့ မနက်က သတင်းပေးပို့ချက်ရရချင်း နယ်မြေခံရဲစခန်းတာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ရာမှာ ချလောင်ရပ်ကွက် နယ်မြေ ၁၀ တရုတ်ဘုံကျောင်းနားမှာ သေဆုံးသူကို တွေ့ခဲ့တယ်လို့ ချလောင်ရဲစခန်း တာဝန်ကျ ရဲမေက သတင်းထောက်တွေကို ပြောပါတယ်။
သေဆုံးသူမှာ အသက် ၂၀ နဲ့ ၃၀ ကြား လူရွယ်တဦးဖြစ်ပြီး လည်ပင်းမှာ ဘိန်းစာရွက် သုံးလေးဆယ်လောက် ထည့်ထားတဲ့ အ၀တ်ချိတ်ဆွဲထားကြောင်း၊ သူ့ရဲ့ ညာဘက်ရင်ဘတ် နဲ့ ညာဘက်လက်မောင်းမှာ ဓာတ်လိုက်ခံရတဲ့ ဒဏ်ရာတွေ့ရှိတယ်လို့ ဆိုပါတယ်။
သေဆုံးသူရဲ့ ခန္ဓာကိုယ်မှာ ဘတ်ငွေ ၂၀ ကလွဲလို့ တခြား ဘာမှတ်ပုံတင်အထောက်အထားမှ မရှိကြောင်း၊ ပတ်ဝန်းကျင်က လူတွေ ပြောပြချက်အရ အဲဒီနေရာနဲ့ မနီးမဝေးမှာ မြန်မာအလုပ်သမားတို့ စုဝေးနေထိုင်တဲ့ တန်းလျားတခုရှိပြီး သေသူဟာ ဘာလက်မှတ်မှ မရှိတဲ့အတွက် အမှုပတ်မှာစိုးလို့ သူဘယ်သူလဲဆိုတာကို လာပြောပြသူမရှိဘူးလို့ ဆိုပါတယ်။
ဆက်လက်စစ်ဆေးချက်အရ သူဟာ ခြံတခြံမှာ ဘိန်းစာရွက်ဝင်ခူးရင်း ခြံရှင်က သူခိုးဖမ်း လျှပ်စစ်ဓာတ်လွှတ်လိုက်တဲ့အတွက် ဓာတ်လိုက်သေဆုံးသွားတာဖြစ်နိုင်ကြောင်း၊ ဒါပေမယ့် အဲဒီအနီးတ၀ိုက်မှာ ဘိန်းစာပင်စိုက်ပျိုးတဲ့ခြံ မရှိတဲ့အတွက် တခြားတနေရာကနေ အလောင်းဖျောက် ဖျက်ဖို့ ဒီလမ်းကြားထဲ လာပစ်ထားတာလည်း ဖြစ်နိုင်ကြောင်း ပြောပါတယ်။
ဒါကြောင့် ဘိန်းစာပင်ပိုင်ရှင်ကို လိုအပ်သလို အရေးယူနိုင်ဖို့ အဲဒီခြံကို စီစီကင်မရာကနေ ရှာဖွေစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က သတင်းထောက်တွေကို ပြောသွားပါတယ်။