ကိုယ်ဟန်အမှုအရာဖြင့် ကိုယ်ပွားပုံရိပ်ကို ထိန်းချုပ် ဂိမ်းကစားနိုင်တော့မည်

ကိုယ့်ရဲ့ ကိုယ်ပွားပုံရိပ်ကို ကိုယ်ဟန် အမူအရာ သုံးပြီး အချိန်နဲ့ တပြေးညီ ထိန်းချုပ်ရတာကို ဂိမ်းကစားသူတွေက နှစ်ခြိုက်ကြမှာပါ။ ဒီလို ထိန်းချုပ်နိုင်တဲ့စနစ်ကို ရဖို့က သိပ်ကို ခက်ခဲပါတယ်။ ဒါပေမယ့် ဇူးရစ်မြို့ ETH တက္ကသိုလ်က ကွန်စတန်တီနိုးစ်မစ်လ်တီယားဒစ်ကတော့ Project Anywhere ကိရိယာကို ဖန်တီးလိုက်ပါပြီ။ ဒီကိရိယာဟာ သိပ်ကိုထူးခြားတယ်လို့ သူက ဆိုပါတယ်။ "ဒစ်ဂျစ်တယ်လောကသစ်ထဲကို ကိုယ်ကိုယ်တိုင်ရောက်သွားတဲ့အဖြစ်မျိုးပါ။ အမြင်အာရုံ ထပ်ပိုး ထောက်ကူထားတဲ့ ပတ်ဝန်းကျင်ထဲမှာ ကိုယ်ကိုယ်တိုင်ကပဲ ဒီဂျစ်တယ်ကိုယ်ပွားအဖြစ်နဲ့ တုန့်ပြန် လှုပ်ရှားနေမယ့်အဖြစ်က သိပ်ကိုထူးခြားသလို သိပ်လည်း ဆန်းကျယ်ပါတယ်။" လို့ သူက ပြောပါတယ်။ ဒီကိရိယာရဲ့ အဓိကပစ္စည်းကတော့ အပေါ့စား လှုပ်ရှားမှုအာရုံခံလက်အိတ်တွေပဲ ဖြစ်ပါတယ်။ ဂျားဗားပရိုဂရမ်နဲ့ ချိတ်ဆက်ထားတဲ့ ရွေ့လျားမှုအာရုံခံကိရိယာဟာ web cloud ဆီက အချက်အလက်တွေကို ဖမ်းယူပြီး သုံးစွဲသူရဲ့ တည်နေရာအတိအကျကို ခြေရာခံနိုင်ပါတယ်။ သုံးစွဲသူက သူရဲ့ အိုင်ဖုန်းကို 3D ပရင်တာနဲ့ ထုတ်ထားတဲ့ ၅ ဒေါ်လာတန်ခေါင်းစွပ်မှာ တပ်ဆင်ပြီးတာနဲ့ ဂိမ်းထဲမှာ လုံးဝ နစ်မျောသွားမှာပါလို့ မစ်လ်တီယားဒစ်ကဆိုပါတယ်။ Project Anywhere ကိရိယာကို ဈေးကွက်ဖြန့်နိုင်တဲ့ထိ အဆင့်မြှင့်ပြီးပြီဆိုရင်တော့ ကမ္ဘာ့အနှံ့က ဂိမ်းသမားများစွာအဖို့ တုပထားတဲ့ကမ္ဘာသစ်ကြီးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ မစ်လ်တီယားဒစ်ရဲ့ အကြံပေး ပါမောက္ခ လက်ဂါဟိုဗီစတက်ကတော့ ဒီကိရိယာဟာ ဗိသုကာ ပညာရှင်တွေအတွက်လည်း သုံးနိုင်တယ်လို့ ဆိုပါတယ်။ "ဗိသုကာပညာရပ်ကို မောင်းနှင်ပေးနိုင်တဲ့အင်အားက ကွန်ပျူတာတွေနဲ့ အွန်းလိုင်း ဆက်သွယ်ရေးပါ။ အဲတော့ ကမ္ဘာ့ပတ်ဝန်းကျင်မှာရှိတဲ့ ဒီအချင်းအရာတွေကို ချိတ်ဆက်စီစဉ်ပြီး ဗိသုကာဝန်းကျင်သစ် ဖြစ်အောင် ဖန်တီးမယ်ဆိုရင်တော့ ဒီကိရိယာလေးက အင်မတန် အရေးပါပါတယ်။" လို့သူက ပြောပါတယ်။ သူ့ကျောင်းသားတွေ လက်တွေ့သုံးကြည့်တဲ့အတွေ့အကြုံအရတော့ ဒီ Project Anywhere ကိရိယာမှာ တောက်ပတဲ့အနာဂတ်တွေရှိနေတယ်လို့ ဟိုဗီစတက်က ဆိုပါတယ်။ [gallery ids="83668,83669,83670,83671"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up