အာဂျင်တီးနားသမ္မတကို ဂျူးစင်တာဗုံးခွဲမှု ဖုံးကွယ်သည့်ကိစ္စ စွဲဆိုချက် တရားရုံးပယ်ချ

၁၉၉၄ ခုနှစ်က လူ ၈၅ ဦး သေဆုံးခဲ့ရတဲ့ ဂျူးလူမျိုးများစင်တာ ဗုံးဖောက်ခွဲမှုနဲ့ပတ်သက်ပြီး အာဂျင်တီးနားသမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့က ဖုံးကွယ်ထားတယ်ဆိုတဲ့ စွဲချက်တွေကို ဗဟိုတရားသူကြီးက ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပယ်ချလိုက်ပါတယ်။ အဲ့ဒီဗုံးဖောက်ခွဲမှုမှာ အီရန်နိုင်ငံက နောက်ကွယ်ကပါဝင်မှုကို အီရန်ဆီကနေ ရေနံရလိုမှုကြောင့် သမ္မတက ဖုံးကွယ်ပေးထားတယ်လို့ အစိုးရရှေ့နေ အယ်လ်ဘာတို နစ်မန်းက စွပ်စွဲခဲ့ပေမယ့်  စွဲချက်တွေ ခိုင်လုံမှုမရှိဘူးဆိုပြီး ပယ်ချခဲ့တာပါ။ စာမျက်နှာ ၃၅၀ ပါအစီရင်ခံစာကို အစိုးရရှေ့နေနစ်မန်းက လွှတ်တော်မှာ ဖတ်ပြဖို့ တရက်အလို နေအိမ်မှာ သေဆုံးခဲ့ပြီး သေဆုံးရခြင်းအကြောင်းရင်းကိုလည်း မသိရသေးပါဘူး။ အဲ့ဒီအစီရင်ခံစာကို အသေအချာစိစစ်ခဲ့အပြီးမှာ စွဲချက်တွေကို ပယ်ချခဲ့တာလို့လည်း တရားသူကြီးက ပြောဆိုပါတယ်။ ဒါကြောင့် သမ္မတ Cristina Fernandez နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့အပေါ် စွဲချက်တွေကို ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ နစ်မန်းသေဆုံးခဲ့ပြီး ရက်ပိုင်းအကြာ ဇန်န၀ါရီလ ၁၈ ရက်နေ့က အာဂျင်တီးနားထောက်လှမ်းရေးဌာနကို ဖျက်သိမ်းမယ်လို့ သမ္မတက ကြေညာခဲ့ပြီး အောက်လွှတ်တော်ကလည်း အတည်ပြုထားပါတယ်။ အတိုက်အခံတွေကတော့ ထောက်လှမ်းရေးဌာနကို ဖျက်သိမ်းမှုဟာ သမ္မတအပေါ်စွဲဆိုတဲ့အမှုကို ဖုံးကွယ်ဖို့ ကြိုးစားမှုဖြစ်တယ်လို့ စွပ်စွဲပါတယ်။ သမ္မတကတော့ အစိုးရကို ဆန့်ကျင်တဲ့ ထောက်လှမ်းရေးတွေက နစ်မန်းကို သတင်းအချက်အလက်အတုတွေ ပေးခဲ့ပြီး မလိုတဲ့အချိန်မှာ သတ်ပစ်လိုက်တာ ဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ အာဂျင်တီးနားနိုင်ငံရဲ့ တရားရေးစနစ်ဟာ နိုင်ငံရေးဘက်လိုက်မှု ရှိပြီး အခုလို သမ္မတပေါ် စွဲဆိုတဲ့အမှုကို ပိတ်သိမ်းမှုဟာ အာဂျင်တီးနား ပြည်သူတွေရဲ့ အစိုးရပေါ်ယုံကြည်မှုကို ပိုပြီးထိခိုက်စေမယ်လို့ အာဂျင်တီနားသတင်းတွေက ရေးသားကြပါတယ်။ အာဂျင်တီးနားအစိုးရရှေ့နေ အယ်လ်ဘတ်တို နစ်မန်း (Alberto Nisman) သေဆုံးခဲ့ပြီး ၁ လပြည့်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း အမှုကို လွတ်လပ်တဲ့ကော်မရှင်နဲ့ အပြည့်အ၀ စုံစမ်းပေးဖို့ အာဂျင်တီးနားပြည်သူ သိန်းနဲ့ချီ ဗျူးနိုအေးရီမြို့တော်မှာ ဆန္ဒပြတာင်းဆိုခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up