ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ချက်ချင်းတွန်းလှန်ကြရန် ပြင်သစ်သမ္မတ တိုက်တွန်း

ပြင်သစ်သမ္မတ ဖရန့်ဆွာ ဟောလန်ဒီက ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို တွန်းလှန်ဖို့ ချက်ချင်း ဆောင်ရွက်ကြဖို့ အဖွဲ့အစည်းအားလုံးကို တိုက်တွန်းလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံကို ၂ ရက်ကြာ တရားဝင် အလည်အပတ်ခရီးအတွင်း မြို့တော်မနီလာမှာ ကျင်းပတဲ့ ရာသီဥတုပြောင်းလဲမှု ဖိုရမ်ကို တက်ရောက်ရင်း ခုလို ပြောလိုက်တာပါ။ နည်းပညာနဲ့ ဘဏ္ဍာငွေတွေ လိုအပ်လိမ့်မယ်၊ ဒေသခံ အစိုးရ၊ လွှတ်တော်နဲ့ ဘာသာရေး အာဏာပိုင်တွေအားလုံး ပူးပေါင်းရလိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။ ဖိလစ်ပိုင်ဟာ ရာသီဥတုဒဏ်ကို တတိယအဆိုးရွားဆုံး ခံစားနေရတဲ့ နိုင်ငံလို့ ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်နဲ့ လူသားဘေးကင်းရေး တက္ကသိုလ်က ၂၀၁၂ ခုနှစ်မှာ ထုတ်ပြန်တဲ့ ကမ္ဘာ့ဘေးအန္တရာယ် အစီရင်ခံစာထဲမှာ သတ်မှတ်ခံထားရပါတယ်။ ဖိလစ်ပိုင်သမ္မတ နန်းတော်အပြင်မှာတော့ ဆန္ဒပြသူ ၂၄ ယောက်လောက်က ပြင်သစ်နဲ့ ဖိလစ်ပိုင်အစိုးရတွေက ရာသီဥတုပြောင်းလဲမှုဒဏ်ခံ ပြည်သူတွေကို ကာကွယ်မှုတွေ ကူညီမှုတွေ လုပ်ကြဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဖိလစ်ပိုင်ဟာ ပစိဖိတ် တိုင်ဖုန်းမုန်တိုင်းလမ်းကြောင်းတလျှောက်မှာ ရှိနေပြီး ၁ နှစ်ကို တိုင်ဖုန်းမုန်တိုင်း ပျမ်းမျှ အကြိမ် ၂၀လောက် ခံစားရလေ့ ရှိပါတယ်။ နိုင်ငံတွင်း သတိပေးစနစ်တွေနဲ့ နေရာရွှေ့ပြောင်းရေး စနစ်တွေကို တည်ဆောက်တာ အပါအဝင် တိုင်ဖုန်းမုန်တိုင်းနဲ့ ရေလွှမ်းမိုးမှုတွေကို ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ အတွေ့အကြုံ သမိုင်းရှည်ကြီး ရှိနေပေမယ့် ပိုဆိုးလာနေတဲ့ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်နိုင်လောက် အောင်တော့ မလုံလောက်သေးဘူးလို့ ဖိလစ်ပိုင် ရာသီဥတုပြောင်းလဲမှု ကော်မရှင်က ပြောပါတယ်။ ပြင်သစ်မ္မတဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ဖိလစ်ပိုင်အလယ်ပိုင်း ကမ်းရိုးတန်းမြို့ကို သွားရောက် လည်ပတ်မယ်မှာ ဖြစ်ပါတယ်။ အဲဒီမြို့ကို ၂၀၁၃ ခုနှစ်က ဟိုင်ရန်အမည်ရ တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့လို့ လူအယောက် ၆၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up