Home
မြန်မာသတင်း
ပဲခူးတွင် စပိန်နိုင်ငံသားတဦး အကြမ်းဖက်တိုက်ခိုက်ခံရ
နော်နိုရင်း
·
February 25, 2015
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အ၀င်နားမှာ အမည်မသိလူတစုက ဓားနဲ့ အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့အတွက် စပိန်နိုင်ငံသား မစ္စတာ ကားလ်လို့စ်(Callos) ဒဏ်ရာရသွားတယ်လို့ မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူကပြောပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက် ည ၁၁ နာရီလောက်က ရန်ကုန်ဘက်ကနေလာတဲ့ အဆိုပါ စပိန်နိုင်ငံသားဟာ စက်ဘီးစီးလာစဉ် အမည်မသိလူတစုက ဓားနဲ့ ခုတ်မှု ဖြစ်ခဲ့တာလို့ ပဲခူးမြို့နယ် နယ်အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်က ဒီဗွီဘီကို ပြောပါတယ်။ “သူက စက်ဘီးနဲ့လာတယ်လို့ပြောတယ်။ ၀င်လာတာက ည ၁၁ နာရီလောက်မှာမြို့ပြင်မှာဖြစ်တာ။ သူက ညတယောက်တည်း လာတယ်ဆိုတော့ လမ်းမှာ ကောင်လေးတွေနဲ့ တိုက်မိတဲ့သဘောလို့ အဲလိုသုံးသပ်တာပေါ့နော်။ ဒါပေမယ့် သေချာတော့ မသိရသေးဘူး။ ဖြစ်စဉ်အသေးစိတ်ကတော့ သူပြောတဲ့ ဟာကိုစကားပြန် ပြန်ပေးရလောက်ပဲ သိရတာ။” တိုက်ခိုက်ခံရမှုကြောင့် စပိန်အမျိုးသားဟာ ဦးခေါင်း၊ မျက်နှာနဲ့ ခြေတွေလက်တွေမှာ ဒဏ်ရာ ၁၃ ချက်ရရှိခဲ့ပြီး ပဲခူးမြို့နယ်ပြည်သူဆေးရုံမှာ ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရတယ်လို့ ပဲခူး အမှတ် ၃ ရဲစခန်း မှတ်တမ်းအရ သိရပါတယ်။ လက်ရှိမှာတော့ အဆိုပါ စပိန်ုနိုင်ငံသားဟာ ရန်ကုန်ကနေဆင့် သူ့နိုင်ငံကို ပြန်မယ်လို့ ပြောဆို ကြောင်း အမှတ် ၃ ရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမှုဖွင့်ထားတဲ့အကြောင်းနဲ့ တိုက်ခိုက်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိဖို့ လိုက်လံစုံစမ်းနေဆဲပဲလို့ အမှတ် ၃ ရဲစခန်းက ပြောပါတယ်။ လူမှုကွန်ရက်စာမျက်နှာမှာတော့ အဲဒီ စပိန်နိုင်ငံသားဆီကနေ အမည်မသိလူတစုက အမေရိကန်ဒေါ်လာ ၉၀၀နဲ့ စပိန်ငွေ ၄၀၀ ကျော်နဲ့ စက်ဘီးအ၀တ်အစားကျောပိုးအိတ်ကို လုယူသွားတယ်လို့ ဖော်ပြပေမယ့် အမှတ် ၃ ရဲစခန်းကို မေးမြန်းရာမှာတော့ အမှုစစ်အရာရှိ မရှိလို့ အသေးစိတ်ဖြေကြားခြင်း မရှိပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024