လောက်ကိုင်ယာဉ်တန်းပစ်ခတ်ခံရ အကျဉ်းသူ ၄၀ ကျော်ဒဏ်ရာရ

လောက်ကိုင်မြို့ စီအောအကျဉ်းထောင်မှ အကျဉ်းသားတွေ၊ တိုက်ပွဲရှောင် ပြည်သူတွေနဲ့ ၀န်ထမ်းတွေ တင်လာတဲ့ ယာဉ်တန်းတိုက်ခိုက်ခံရပြီး အကျဉ်းသူ ၄၄ ယောက်၊ အကျဉ်းဝန်ထမ်း ၁ ယောက်နဲ့ စစ်သား ၁ ယောက်ဒဏ်ရာရသွားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က လားရှိုးမြို့သို့ ပို့ဆောင်ရန် ထွက်ခွာလာတဲ့ အဆိုပါယာဉ်တန်းဟာ ပါစင်ကျော်ကျေးရွာနဲ့ ချင်းရွှေဟော်အကြား လုံထန်ရွာအနီးမှာ ကိုးကန့်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်မတော်က တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် လေကြောင်းပစ်ကူ ၁ ကြိမ် ဆောင်ရွက်ခဲ့ရတယ်လို့ သတင်းမှာဖော်ပြပါတယ်။ တစ်ရက်ထဲမှာပဲ တပ်မတော်စစ်ကြောင်းတွေနဲ့ ကိုးကန့်အဖွဲ့တို့ လောက်ကိုင် အရှေ့တောင်ဘက် နှစ်နိုင်ငံ နယ်နမိတ် အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲမှာ အစိုးရ စစ်သား ၃ ဦး သေဆုံးပြီး အရာရှိနဲ့ စစ်သား ၇ ဦး ဒဏ်ရာရခဲ့တဲ့အကြောင်းနဲ့ ကိုးကန့် တပ်ဖွဲ့က အလောင်း ၆ လောင်းတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၇ ရက်နဲ့ ၂၁ရက်နေ့တွေကလည်း ချင်းရွှေဟော်အနီးမှာ ကြက်ခြေနီအလံ လွှင့်ထူထားတဲ့ ယာဉ်တန်းတွေတိုက်ခိုက်ခံရပြီး အရပ်သားတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up