မြန်မာပြည်အရှေ့ပိုင်း ကလေးငယ်သေဆုံးမှု ဆိုမားလီးယားလိုဖြစ်နေ

အပစ်ခတ်ရပ်စဲရေးကာလအလွန် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာ ကျန်းမာရေးနဲ့ ပတ်သက်လို့ တိုးတက်မှုတချို့ရှိပေမယ့် မွေးကင်းစကလေးသေဆုံးမှုကတော့ ဆိုမားလီးယားနိုင်ငံလို မြင့်မားနေဆဲပဲလို့ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကျန်းမာရေးအဖွဲ့တွေက ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား အပစ်အခတ်ရပ်စဲရေး စတင်တဲ့ပြီးနောက်ပိုင်း နိုင်ငံအရှေ့ပိုင်း ကရင်၊ ကရင်နီ၊ မွန်နဲ့ ရှမ်းပြည်နယ်အတွင်း ၆၄ မြို့နယ်က အိမ်ထောင်စုပေါင်း ၆၆၂၀ မှာ ကျန်းမာရေးအဖွဲ့တွေက ကွင်းဆင်း စစ်တမ်းကောက်ယူပြီး ထုတ်ပြန်လိုက်တာပါ။ The Long Road to Recovery လို့ အမည်ပေးထားတဲ့ ဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသက ငှက်ဖျားဖြစ်ပွားနှုန်းနဲ့ မိခင်တွေ အာဟာရ ချို့တဲ့မှုနှုန်းတွေ လျော့နည်းကျဆင်းသလို မိခင်နို့တိုက်ကျွေးမှုပုံစံတွေ တိုးတက်ကောင်းမွန်လာတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် မွေးကင်းစကလေးနဲ့ ကလေးသေဆုံးမှုနှုန်းဟာ မြန်မာတနိုင်ငံလုံးရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းနဲ့ နှိုင်းယှဉ်ရင် အရှေ့ပိုင်းဒေသတွေမှာ ပိုမြင့်မားနေပြီး ဒါဟာ ဆိုမားလီးယားလို လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှုဒဏ်ခံရတဲ့ နိုင်ငံနဲ့ အလားတူဖြစ်နေတယ်လို့  စစ်တမ်းက ဆိုပါတယ်။ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာ အရွယ်မရောက်ခင်ကလေးသေဆုံးမှုနှုန်း ၁၀၀၀ မှာ ၉၄ ယောက်ကျော်ရှိပြီး အသက် ၅ နှစ်အောက်ကလေးသေဆုံးမှုကတော့ ၁၀၀၀ မှာ ၁၄၂ ယောက်လောက်ရှိတယ်လို့ စစ်တမ်းကဆိုပါတယ်။ အာဖရိက ဦးချိုဒေသက ဆိုမားလီးယားနိုင်ငံမှာတော့   အရွယ်မရောက်ခင် ကလေးသေဆုံးမှုက ၁၀၀၀ မှာ ၉၁ ယောက်နှုန်းရှိပြီး ၅ နှစ် အောက်ကလေးသေဆုံးမှုကတော့  ၁၀၀၀ မှာ ၁၄၇   ဦး ရှိတယ်လို့  ခန့်မှန်းထားတာပါ။ မြန်မာတစ်နိုင်ငံလုံးမှာတော့ အရွယ်မရောက်ခင်ကလေးသေဆုံးမှုနှုန်းဟာ ၁၀၀၀မှာ ၄၁ ယောက်ရှိပြီး  ၅ နှစ်အောက်ကလေးသေဆုံးမှုကတော့  ၅၂ ယောက်၇ှိတယ်လို့ ဆိုပါတယ်။ ဒီအစီရင်ခံစာရေးသားပြုစုရာမှာပါဝင်တဲ့ နယ်စပ်နေ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ ဒေါက်တာစင်သီယာမောင်က အပစ်ရပ်ကာလ နောက်ပိုင်း နယ်စပ်ကျန်းမာရေးအဖွဲ့အစည်းတွေအနေနဲ့ လူထုကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပိုလုပ်နိုင်ပေမယ့် ရောဂါဖြစ်ပွားမှုနှုန်းနဲ့ ကလေးသေဆုံးမှုနှုန်းတွေကတော့ ကျဆင်းမသွားဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။ “အထူးသဖြင့် ၅ နှစ်အောက် ကလေးသေဆုံးမှုနှုန်းက ကျဆင်းမှုမရှိသေးဘူး။ မရှိရတဲ့အကြောင်းကလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတာရယ်၊ ပြည်စုံလုံလောက်တဲ့ ဆေးရုံ၊ ဆေးခန်းတွေ မရှိသေးတာရယ်၊  ဒီလူ့အခွင့်အရေးချိုးဖောက်ခံရမှုထဲမှာ အထူးသဖြင့်က နေရာရွှေ့ပြောင်းခံရတာတွေပေါ့နော်။ မြေတွေ၊ လယ်တွေ၊ ယာတွေဆုံးရှုံး၊ အတင်းအဓမ္မသိမ်းခံရမှုကြောင့် ရွှေ့ပြောင်းရတာတွေ၊ တချို့တော့လည်း တိုက်ပွဲဖြစ်ရင် ရွှေ့ပြောင်းရတဲ့အတွက်ကြောင့် သူတို့ရဲ့ လုံခြုံမှုနဲ့စားဝတ်နေရေးက အဓိက ပြဿ     နာဖြစ်နေတယ်။ အစားသောက်ပြဿ နာဖြစ်တော့ အာဟာရချို့တဲ့မှုတွေ အထူးသဖြင့် ကလေးတွေမှာဖြစ်နေတယ်။” စစ်တမ်းတွေ့ရှိချက်အရ စစ်တမ်းဖြေဆိုသူ ၇၀ ရာခိုင်နှုန်းဟာ ကျန်းမာရေးစောင့်ရှောက်မှုကို တိုင်းရင်းသားနဲ့ လူထုအခြေပြု ကျန်းမာရေးအဖွဲ့အစည်းတွေထံက ရရှိကြပြီး ၈ ရာခိုင်နှုန်းသာ အစိုးရရဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ နေရာတွေကို လက်လှမ်းမီကြတဲ့အကြောင်းနဲ့ အများစုဟာ အနီးဆုံး ကျန်းမာရေးစောင့်ရှောက်မှုနေရာတွေကို ရောက်ရှိဖို့ ၁ နာရီခွဲမျှအချိန်ယူပြီး လမ်းလျှောက်ကြရတယ်လို့ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာမှာ ပဋိပက္ခ ဖြစ်ပွားတဲ့ လူ့အသိုင်းအ၀ိုင်းရဲ့  တစုံလုံးဆိုင်ရာ ကျန်းမာရေးကိစ္စ စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာနိုင်ဖို့အတွက် ငြိမ်းချမ်းရေးနဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ပေါ်မူတည်ပြီး  ဒီလို  တိုးတက်ဖို့ ဆယ်စုနှစ်များစွာကြာနိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။ စစ်တမ်းကို နယ်စပ်အခြေစိုက်ကျန်းမာရေးအဖွဲ့အစည်းတွေပါဝင်တဲ့ ကျန်းမာရေး သတင်းစနစ်အလုပ်အဖွဲ့က ကောက်ယူခဲ့တာဖြစ်ပြီး ဒီအစီရင်ခံစာဟာ အပစ်ရပ်စဲရေးနောက်ပိုင်း နိုင်ငံအရှေ့ပိုင်းမှာ ကျန်းမာရေးသတင်းအချက်တွေ စစ်တမ်းကောက်ယူပြီး ပထမဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာလည်းဖြစ်ပါတယ်။ အစီရင်ခံစာပါဓာတ်ပုံများ [gallery ids="82355,82356,82357,82358,82359,82360,82361,82362,82363,82364,82365,82366,82367,82368,82369,82370"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up