Home
မြန်မာသတင်း
ပူးပေါင်းသပိတ်စစ်ကြောင်း ခေတ္တရပ်နား၊ ပင်မစစ်ကြောင်း ဆက်ချီတက်
နော်နိုရင်း
·
February 16, 2015
10991321_848211658550669_1999821721300351429_n
10978686_848211648550670_2846826126014727141_n
10806325_848211651884003_1744537695705988624_n
10676308_848211655217336_51761179614823810_n
10599477_848211661884002_5345568865908983647_n
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ချီတက်နေတဲ့ကျောင်းသားသပိတ်စစ်ကြောင်းတွေဖြစ်တဲ့ မြေလတ်-မုံရွာ၊ မော်လမြိုင်-ထားဝယ် ပူးပေါင်းသပိတ်စစ်ကြောင်းတွေဟာ ရန်ကုန်ကို သွားရောက်မယ့် အစီအစဉ်ကို စွန့်လွှတ်လိုက်ပြီး သပိတ်ကို ခေတ္တရပ်နားခဲ့ကြပါတယ်။ ဒီကနေ့ညနေပိုင်းမှာ ပဲခူးမြို့ကိုရောက်ရှိပြီး ပဲခူမြို့ရွှေမော်ဓောစေတီမှာ သတင်းစာရှင်းပွဲပြုလုပ်ပြီး ကျောင်းသားတွေ လမ်းခွဲမှာဖြစ်တယ်လို့ မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကိုဝေမိုးနိုင်က ပြောပါတယ်။ သပိတ်တိုက်ပွဲရဲ့ ရလဒ်အဖြစ် ဒုတိယတွေ့ဆုံဆွေးနွေးမှုကို အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်တဲ့အပြင် အခုမူကြမ်းကို ရေးဆွဲပြီးစီးလို့ ဒီကနေ့ ရှေ့နေချုပ်ရုံးကို ပို့နိုင်တဲ့အတွက် နောက်ထပ်လွှတ် တော်အဆင့်ဆင့်ဆက်လက်စောင့်ကြည့်သွားမယ်လို့လည်း ကိုဝေမိုးနိုင်က ပြောပါတယ်။ သူက “ပဲခူးမြို့ကို အခုလောလောဆယ်ရောက်ရှိနေတဲ့ မြေလတ်-မုံရွာ၊ မော်လမြိုင်-ထားဝယ်ပူးပေါင်း ထားတဲ့ စစ်ကြောင်းက သတင်းစာရှင်းလင်းပွဲအပြီးမှာပဲ ကျနော်တို့ရဲ့ သပိတ်ချီတက်မှုကို ခေတ္တရပ်နားလိုက်ပါပြီ။ ရန်ကုန်မြို့ကိုမ၀င်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။” ဒီညနေ ၃ နာရီခန့်က ပဲခူးမြို့ ရွှေမော်ဓောဘုရားမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သပိတ်မှောက်ကျောင်းသားတွေက “အခြေခံပညာကျောင်းတွေမှာ ၁၉ ရက်နေ့ စာမေးပွဲစမှာမို့၊ ကျောင်းသားတွေတောင်းဆိုချက် ဖြစ်စဉ် ၃ ခုမှာ ၂ ခု ပြီးမြောက်ပြီမို့ သပိတ်လှန်တာ မဟုတ်ဘဲ ခေတ္တရပ်နားပြီး လွှတ်တော်ဆွေးနွေးဆုံးဖြတ်ချက်ကို ရက် ၃၀ ဆက်စောင့်ကြည့်သွားမယ်။ နောက်ဆုံးအတည်ပြု ပြဌာန်းချက်ဟာ ကျောင်းသားတွေ လိုလားမှုနဲ့ ကိုက်ညီမှုမရှိရင် သပိတ်ပြန်လည် စတင်သွားမယ်”လို့ ထည့်သွင်းရှင်းလင်းခဲ့ပါတယ်။ သပိတ်ကို ရပ်နားမှာဖြစ်တဲ့အတွက် သပိတ်မှာပါဝင်တဲ့ ကျောင်းသူကျောင်းသားတွေဟာ မိမိတို့ သက်ဆိုင်ရာကျောင်းတွေမှာ စာမေးပွဲပြန်ဖြေကြမှာ ဖြစ်ပါတယ်။ မန္တလေးကနေ ချီတက်လာနေတဲ့ ကျောင်းသားသပိတ် ပင်မစစ်ကြောင်းကတော့ ဒီကနေ့မနက် အုတ်ဖိုမြို့ကနေ မင်းလှမြို့ကို ချီတက်ပြီး ညအိပ်ရပ်နားမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပင်မစစ်ကြောင်းဟာ အမျိုးသားပညာရေးဥပဒေကို သမ္မတက လက်မှတ်ရေးထိုးပြီး အတည်ပြုတဲ့ အခါ သပိတ်လှန်မှာဖြစ်တယ်လို့ ပြောပါတယ်။ သူက “ ကျနော်တို့ ပင်မစစ်ကြောင်းအနေနဲ့ကတော့ မူလရည်ရွယ်ချက်အတိုင်း သပိတ်ကို ရန်ကုန်အထိ ဆက်လက်ချီတက်နေပါမယ်။ ချီတက်နေစဉ်ကာလမှာ ကျနော်တို့ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်နဲ့ပတ်သက်ပြီး မူကြမ်းလည်းရေးဆွဲပြီးတဲ့အဆင့် ရောက်လာပြီး လွှတ်တော်ကို တင်သွင်းတဲ့ အဆင့်ကနေမှ သမ္မတလက်မှတ်ရေးထိုးဖို့ အဆင့်တခုပဲကျန်ပါတော့တယ်။ သမ္မတ လက်မှတ်ရေးထိုးပြီး ကျနော်တို့ အာမခံချက်အားလုံး ရရှိပြီဆိုတဲ့ အချိန်မှာ ကျနော်တို့က သပိတ်လှန်ပေးမှာ ဖြစ်ပါတယ်။ “သပိတ်လှန်တဲ့အချိန်မှာ ရန်ကုန်ရောက်ကာနီးလည်း ဖြစ်နိုင်တယ်။ မရောက်မီလည်း ဖြစ်နိုင်တယ်။ အဲဒါကတော့ သမ္မတလက်မှတ်ထိုးတဲ့အပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့ရဲ့ မူလရည်မှန်းချက်က တော့ ရန်ကုန်ကိုရောက်ဖို့ ဖြစ်တယ်။ သပိတ်လှန်ပြီးလို့ရှိရင်တော့ ကျောင်းသားအားလုံးရဲ့ စုံရပ်က မိမိအိမ်ကိုပြန်ဖို့ ရန်ကုန်ကနေတဆင့်ပဲ ပြန်မှာဖြစ်တဲ့အတွက် ရန်ကုန်ကိုတော့ သွားရမှာဖြစ်တယ်။ ဒါပေမယ့် ဒီလိုချီတက်လမ်းလျှောက်တာမျိုး မဟုတ်ဘဲနဲ့ အခြားနည်းလမ်းတမျိုးလည်းဖြစ် ကောင်းဖြစ်သွားပါလိမ့်မယ်။” သပိတ်မှောက်စစ်ကြောင်းတွေကို ရန်ကုန်ကိုမ၀င်ရောက်ဖို့ အစိုးရဘက်က လွန်ခဲ့တဲ့သောကြာနေ့က ထုတ်ပြန်သတိပေးခဲ့ပြီး မ၀င်နိုင်အောင်တားမြစ်မယ်လို့ ကြေညာခဲ့သလို လွန်ခဲ့တဲ့ ၂ ရက်ကစလို့ ရန်ကုန်တိုင်းဒေသကြီးအ၀င် မီးနင်းချောင်းမှာ လုံခြုံရေးရဲတွေကိုချပြီး တားမြစ်ဖို့ ပြင်ဆင်နေပါတယ်။ ဒီနောက် ကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်းတွေနဲ့ပတ်သက်လို့ ရပ်တန့်ဖို့ တိုက်တွန်းနေ သူ တွေရှိသလို ဆက်လက်ချီတက်ဖို့ တွန်းအားပေးနေသူတွေလည်းရှိပါတယ်။ အုပ်ချုပ်ရေးပိုင်းနဲ့ သပိတ် စစ်ကြောင်းအကြား သွေးထွက်သံယိုမဖြစ်စေဘဲ အေးအေးချမ်းချမ်း အဖြေထုတ် ကျော်လွှားဖို့ တရားဝင် ကမ်းလှမ်းဆွေးနွေးမှုတွေ၊ ကြားဝင်မှုတွေတော့ မကြားသိရသေးပါဘူး။ လုံခြုံရေးရဲတပ်ဖွဲ့တွေနဲ့ ကျောင်းသားတွေအကြား ရန်ကုန်တွင်း ၀င်ရေး မ၀င်ရေး ထိပ်တိုက်ရင်ဆိုင်တဲ့အခြေရောက်ရင်တော့ ၀င်ရောက်ကူညီပေးမယ်လို့ ရွှေည၀ါဆရာတော် ဦးပညာသီဟက မိန့်ကြားပါတယ်။ “လိပ်ခဲတည်းလည်း အခြေအနေ ဖြစ်လာရင်တော့ ရပ်တည်ပေးရမှာပဲ။ သွေးထွက်သံယို အဓိကရုဏ်း ပုံစံမဖြစ်အောင်တော့ ကျုပ်တို့အနေနဲ့ လက်တွေ့ဆန်ဆန် ပါဝင်ပြီးတော့ ဖြန်ဖြေ မေတ္တာရပ်ခံပေးရမှာပဲ။ နှစ်ဘက် ပဋိပက္ခအကြား ဖြန်ဖြေပေးတာကိုမှ သဘောထားအမြင်ဆိုးဆိုးနဲ့ နှိမ်နင်းမယ်ဆိုရင်တော့လည်း တိုင်းပြည်ရဲ့ ကံကြမ္မာ မကောင်းဘူးပေါ့ဗျာ။ “အခက်အခဲကို ကျော်လွှားဖို့ဆိုတာကတော့ သူတို့ တကယ်ထိုးဖောက်ပြီးတော့ ဆက်ချီတက်မယ်ဆိုရင်တော့ တာဝန်ရှိတဲ့ ပြည်ထဲရေးဝန်ထမ်းတွေကို ‘ခင်ဗျားတို့ ပစ်လား ခတ်လား ရိုက်လား နှက်လား ထုလား ထောင်းလားနဲ့ စွမ်းအားရှင်တွေကို ပိုက်ဆံပေးပြီးတော့ နှိမ်နင်းခိုင်းတာမျိုးတွေတော့ မလုပ်သင့်တော့ဘူးဗျာလို့၊ ဒီလို အကြမ်းဖက်တဲ့ပုံစံမျိုးနဲ့ ဆက်ကိုင်တွယ်သွားရင်တော့ ကျုပ်တို့တိုင်း ပြည်က ဘယ်တော့မှ ကောင်းမှာမဟုတ်ဘူး’ ဆိုတဲ့အကြောင်းကိုတော့ ပြတ်ပြတ်သားသားဆွေးနွေးပြီးတော့ ပြောရမှာပေါ့ဗျာ” လို့ ပြောပါတယ်။ ထင်ရှားတဲ့ ဆရာတော်ကြီးတွေအနေနဲ့လည်း နှုတ်အားဖြင့်စောင်မကြဖို့ ဆရာတော်က တိုက်တွန်းပါတယ်။ [gallery ids="81963,81964,81965,81966,81967"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024