ကျောင်းသားဝတ္တရား

ရေးသားသူ - မောင်အောင်ဆန်း အင်္ဂလိပ်စာရေးစရာကြီး ရှိတ်စပီးယားက ကမ္ဘာအလုံးစုံသည် ဇာတ်ခုံမျှသာတည်းဟု မိန့်မြွက်ဖူး၏။ ထိုကမ္ဘာ့ဇာတ်ခုံတွင် လူအမျိုးမျိုး၊ အရွယ်အမျိုးမျိုး၊ အတန်းအစားအမျိုးမျိုးတို့သည် ကိုယ့်အခန်းကို ကိုယ်ကိုင်၍ ဇာတ်နိုင်အောင်ခင်းသွားရလေသည်။ သို့ဖြစ်ရာ လူတိုင်းလူတိုင်းမှာ သိကြားတတ်သော အချိန်အရွယ်မှစ၍ သေသည်ထိအောင် မိမိ၏ အလုပ်ဝတ္တရားအဖြစ်ရှိ၏။ ထိုဝတ္တရားကို ကြေပြွန်မှသာလျှင် လောက၌ လူဖြစ်ကျိုးနပ်ပေမည်။ ကမ္ဘာ၏ နောင်ခေတ်အမွေခံဖြစ်ကြသော ကျွန်တော်တို့ ကျောင်းသားတို့မှာလည်း အထူးသဖြင့် ၁၆နှစ်၊ ၁၇နှစ်မှ အထက်သို့ရှိသော ကျောင်းသားများမှာလည်း အဆိုပါ ၀တ္တရားဥပဒေမှ မကင်းလွတ်ကြချေ။ ယင်းသို့ဖြစ်လျှင် ကျောင်းသားဝတ္တရားသည် အဘယ်နည်း။ အမြင်ကျယ်ကျယ် ကြည့်လေ့ရှိသောသူတို့သည် ကျောင်းသားဆိုသည်မှာ တန်းစာကျက်၍ စာမေးပွဲအောင်ရုံမျှဟူသော အများအယူအဆ၏ တိမ်ခြင်းအဖြစ်ကို သိရှိကြလေပြီ။ ထိုအယူအဆကား ခေတ်အောက်ကျသည့် အယူမျှသာ ဖြစ်ပေမည်။ ပညာရေးကို ကျွမ်းကျင်သော ကမ္ဘာ့ပညာရှိတို့သည် လောကရေး၊ ဓမ္မရေး ပြဿနာအရပ်ရပ်တို့ကို စီစစ်ဝေဖန်ဖြေရှင်းတတ်သော ပညာရပ်မှ စာအုပ်ပေစာကို အံ၍ရသောအမှတ်သညာ၊ နှစ်ရပ်ကို ခွဲခြား၍ ထားလေသည်။ စာမေးပွဲကို အောင်မြင်သူသည် လောကစစ်ပွဲတွင်လည်း အောင်မြင်နိုင်သည့် အရည်အချင်းရှိသည်ဟု မုချဆတ်ဆတ် မဆိုနိုင်ချေ။ ဤသို့လျှင် စာမေးပွဲ၏ အကြောင်းသနစ်ကို ဖော်ထုတ်လာကြ၏။ An examination of examinations စာမေးပွဲများ၏ အကျိုးအပြစ် စစ်ဆေးချက်ဆိုသော စာအုပ်တွင် ဤအချက်ကို ရှင်းလင်းပြသထားပေ၏။ စာမေးပွဲတစ်ခု၏ အဖြေစာရွက်များကို စာစစ်သူအမျိုးမျိုးအား စစ်ဆေးစေရာ အဖြေတစ်ခုတည်းကိုပင် အမှတ်ပေးပုံခြင်းမတူသည်ကို တွေ့ရပေသည်။ တဖန် စာစစ်သူတစ်ဦးတည်း ၎င်းတစ်နှစ်ခန့်က ဖျက်ခဲ့သောအဖြေကို နောက်ထပ်စစ်ဆေးသည့်အခါ ပထမအမှတ်ပေးပုံနှင့် နောက်တစ်ခါ အမှတ်ပေးပုံခြင်းမှာ ကွာခြားသည်ကို တွေ့ရလေသည်။ ကမ္ဘာကျော်ပြဇာတ်ရေးဆရာ ဘားနတ်ရှောကလည်း တရံသောအခါက အတန်းထဲတွင် ထိပ်ကျသောကျောင်းသားသည် လောကတွင် အောက်ဆုံးထစ်ရောက်တတ်သည်ဟု မိန့်ဆိုဖူး၏။ ဤတွင် ကမ္ဘာကျော်စာရေးဆရာကြီး၏ အရေးအသားကို ၎င်းရေးသားသဖြင့် ယုံကြရမည်ဟု မဆိုလို၊ သို့ရာတွင် ၎င်းကား အကြောင်းမဲ့ မရေးသားရာ၊ ယင်းသို့ဖြစ်ရကား ကျွန်ုပ်တို့သည် ကမ္ဘာ့ရာဇ၀င်တွင် သာဓကအထောက်အထားများကို ကြည့်မည်ဆိုလျှင် ကမ္ဘာ့ထိပ်တန်းကျရောက်သော ပုဂ္ဂိုလ်တို့သည် စာမေးပွဲများတွင် ထိပ်တန်းကျသူချည်း မဟုတ်ပေ။ ဥပမာ အနည်းငယ်ထုတ်ပြရသော် ယခုခေတ် ကမ္ဘာ့ထိပ်တန်းသမားများတွင် ဟစ်တလာနှင့် မူဆိုလိုနီတို့သည် ကျောင်းမျှပင် ကောင်းစွာမနေခဲ့ရပေ။ မဟတ္တမဂန္ဒီသည်လည်း ကောလိပ်ကျောင်းတွင် ရောက်ဖူးရုံမျှရှိ၍ ကျောင်းသားအဖြစ်နေစဉ်အခါက ထူးထူးချွန်ချွန်မရှိချေ။ ပန်ဒစ်ဂျဝါဟလာနေရူးသည်လည်း အင်္ဂလန်ပြည်ရှိ နာမည်ကျော်ကျောင်းနှင့် တက္ကသိုလ်တို့မှ အောင်မြင်ခဲ့လင့်ကစား ကျောင်းသားအဖြစ်ဖြင့် များစွာ မထူးချွန်လှ။ ဘီအေဂုဏ်ထူးတန်းတွင် ဒုတိယတန်းမျှသာ ရလေသည်။ သို့ရာတွင် ထိုအခါက ၎င်းအထက်ပထမရခဲ့သော သူတစ်ဦးမှာ ရန်ကုန်တွင် ပါမောက္ခတစ်ဦးအဖြစ်ဖြင့် ၎င်းကဲ့သို့ ကျော်ကြားခြင်းမရှိပေ။ အင်္ဂလိပ်စာရေးဆရာကြီးများဖြစ်ကြသော ဂိုးလ်စမစ်၊ ဆာဝါလတာစကော့ စသော ပုဂ္ဂိုလ်တို့မှာလည်း ကျောင်းနေစဉ်က ထူုးချွန်ခြင်းမရှိ၊ ဆာဝါလတာစကော့မှာမူ လူ့ငနွားဟုပင် ဆရာ၏အခေါ် ခံရလေသည်။ ဤကား ဥဒါဟရုဏ်ကို အကျဉ်းမျှ သရုပ်ပေါ်အောင် ပြလိုက်ခြင်းပေတည်း။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းကိုစစ်လျှင် လူသားတစ်ဦးတစ်ယောက်၏တန်ဖိုးကို မည်မျှရှိသည်ဟုချိန်ဆရန် တထစ်ချသတ်မှတ်ထားသော နည်းမရှိသောကြောင့် ဖြစ်ပေသည်။ စင်စစ်သော်ကား ကျောင်းတွင်တစ်ခါမျှမနေဖူး၍ စာတစ်လုံးမျှမသင်ဖူးသူပင် ပညာရှိဖြစ်နိုင်၏။ ဤကား ဖြစ်နိုင်သည့်အကြောင်းကို အလွန်ဆိုခြင်း ဖြစ်ပေသည်။ ယခု ကမ္ဘာပေါ်မှာရှိသည့် စာအုပ်အားလုံးသည် အရင်းစစ်လျှင် လောက၏အကြောင်းကို အမျိုးမျိုး မှတ်ချက်များသာ ဖြစ်ပေသည်။ ထိုမှတ်သားချက်များကို ရေးသူများ၏အာဘော် ၎င်းတို့၏ ရေးရာဒေသ၊ ရေးသည့်အချိန်ကာလ စသည်တို့ကိုကြည့်၍ ဝေဖန်ပြီးလျှင်၊ လောက အလုပ်ဝတ္တရားတွင် သုံးစွဲတတ်မှသာ စာတတ်အမှန်ဖြစ်ပေသည်။ အကယ်၍ စာမတတ်သူသည် လောကအမှတ်အသားကောင်းမွန်၍ နေရာချတတ်ပါလျှင် စာတတ်နေရန်မလိုချေ။ ထို့ကြောင့်ပင် မူဆိုလိုနီက ၎င်း၏အတ္ထုပ္ပတ္တိတွင် ကျွန်ုပ်ဖတ်ခဲ့သော အကြီးဆုံးသောစာအုပ်ကား ကျွန်ုပ်နေခဲ့၊ နေဆဲသော လောကကြီးပင်တည်းဟု ရေးထား၏။ ထိုကဲ့သို့ စာအုပ်စာပေမှ ကျော်လွန်သောပညာကို အဘယ်သို့ ရအံ့နည်း။ ထိုပညာစစ်ကိုရရန် လွတ်လပ်စွာ တွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသော စိတ်ဓာတ်ကိုမွေးရန် လို၏။ ဤအချက်ကို ပညာရေးကျွမ်းကျင်သူ ပုဂ္ဂိုလ်များက Academic Freedom ပညာသင်ကြားရေး လွတ်လပ်ခွင့်ဟု ခေါ်ဝေါ်ကြ၏။ ဤအချက်ကား ကမ္ဘာ့ရာဇ၀င်ကို တစ်မျိုးတစ်မည်ပြောင်းလွဲစေသည့် ရီနေဆန့်နှင့် ရီဖော်မေးရှင်းခေါ် ခေတ်သစ်ဝါဒ၊ လောကဓာတ်ပညာပြန့်ပွားရာ အကြောင်းအရပ်တည်း။ ဤအချက်ကား ကျွန်ုပ်တို့၏ ဂေါတမဘုရားသခင် ဟောကြားသော ကာလာမသုတ္တန် သဘောအရပင်တည်း။ ထိုလွတ်လပ်စွာတွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသော စိတ်ရှိရမည်ဆိုသည်တွင် ကျွန်ုပ်တို့သည် မိမိထင်ရာ တွေးတောပြောဆို လုပ်ကိုင်ခြင်း မဟုတ်ပေ။ လောကရှိလူအပေါင်းတို့သည် ရေတွင်းထဲရှိ ဖားသူငယ်ကဲ့သို့ နေ၍မဖြစ်ပေ။ တစ်ဦးနှင့်တစ်ဦး ကူးလူးဆက်ဆံရလေသည်။ ယခုခေတ်အခါတွင် ဤသို့ကူးလူးဆက်ဆံခြင်းမှာ ပိုမို၍ နယ်ကျယ်လာလေသည်။ ယခု အတိုင်းတိုင်းအပြည်ပြည် ကြုံတွေ့နေရသော ရှားပါးရေးခေတ်သည် ထိုဥပဒေကို လွန်ဆန်၍ ကိုယ့်ဘက်ကိုယ့်သဘောကိုမြင်သော၊ ၀ါဒကြောင့်ဖြစ်သော ကမ္ဘာစစ်ကြီး၏ ပဲ့တင်သံဖြစ်လေသည်။ ထိုသို့ဖြစ်ရာ လူတိုင်းလူတိုင်း တစ်ဦးနှင့်တစ်ဦး အပေါင်းအသင်းသမဂ္ဂရှိမှသာ အမျိုးမျိုးသော အယူအဆအမှတ်အသားတို့ကို တွေ့မြင်သိရှိရ၍ ပိုမိုအမြင်ကျယ်လာနိုင်လေသည်။ သို့အမြင်ကျယ်မှ တစ်ဦးကိုတစ်ဦး အနာခံတတ်ခြင်း၊ စောင်မကူညီတတ်ခြင်း၊ အပြောအဆိုအနေအထိုင် ပြုပြင်လာခြင်း စသည်ဖြင့် လောက လူလုပ်တတ်သည့် အရည်အချင်းများ ရရှိနိုင်လေသည်။ ထို့ကြောင့် ထိုသို့ကူးလူးဆက်ဆံအမြင်သန်အောင် ကျောင်းများ၊ တက္ကသိုလ်များတွင် ကျောင်းအိပ်ကျောင်းစားထားခြင်း၊ အသင်းအပင်းများထောင်ခြင်း စသည်တို့ ပြုကြရလေသည်။ သို့ရာတွင် အပေါင်းအသင်း သမဂ္ဂအတွက် ပြုလုပ်ရာတွင် လွတ်လပ်စွာ မပြောရမဆိုရ မလုပ်ရမဆွေးနွေးရလျှင် မျက်စိပိတ်ထားသည်နှင့် တူပြန်သည်။ သို့ဖြစ်ရာ နှစ်ဘက်၊ နှစ်ချက်စုံမှ ပညာရေးအစစ်မည်လေသည်။ တဖန် ယနေ့ဖြစ်နေသော ကျောင်းသားများသည် နက်ဖြန် ပြည်ကြီးသားများ ဖြစ်ကြ၏ဟု ဆိုရိုးစကားရှိ၏။ သို့ဖြစ်ရာ ပြည်ကြီးသားတို့၏ အင်္ဂါလက္ခဏာနှင့်ညီအောင် အုပ်ချုပ်နည်း၊ မိမိအခွင့်အရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေ၀ပ်နည်း၊ ကိုယ်လက်ကျန်းမာရေးစသည်ဖြင့် နည်းမျိုးစုံအောင် အသင်းအပင်းများ၊ ရဲတပ်များ၊ ကစားနည်းများကို ထွင်ကြရ၏။ ထိုမျှမက ယခုအခါ တစ်နိုင်ငံနှင့် တစ်နိုင်ငံမှာ ခွဲစပ်၍ မဖြစ်နိုင်။ တရုတ်ပြည်၊ စပိန်ပြည်၊ ပါလက်စတိုင်းပြည်တွင် အဖြစ်အပျက်များသည် ဤတိုင်းပြည်ကို၎င်း၊ ကမ္ဘာ့ယဉ်ကျေးခြင်းကို၎င်း၊ လူသတ္တ၀ါတို့အား၎င်း မည်သို့မည်ပုံ ထိခိုက်မည်ဟု သိနိုင်အောင် ကမ္ဘာ့အခြေကိုလည်း မိမိရရသိနိုင်ရန်လို၏။ ဤသည်တို့ကား အကြမ်းမျှ ကျောင်းသားတို့လုပ်ရမည့် ၀တ္တရားများဖြစ်ကြ၏။ ထို့ကြောင့် ကမ္ဘာရှိ ကျောင်းသားအပေါင်းတို့သည် လှုပ်လှုပ်ရွရွဖြစ်၍ စစ်မက်တားဆီးရေး၊ အလုပ်လက်မဲ့ ပပျောက်ရေး အကြောင်းစနစ်ကို ရှာဖွေနေကြ၏။ အခြေအထူးမလှသော စပိန်ပြည်နှင့် တရုတ်ပြည်တို့တွင် ကျောင်းသားတို့မှာ ကိုယ်ထိလက်ရောက် တိုက်ခိုက်နေကြရ၏။ ထို့ကြောင့် အချိန်အခါအလျောက်လည်း ကျောင်းသား၏၀တ္တရားလည်း ကွဲလာ၏။ ဤပြဆိုပြီးခဲ့သော ကျောင်းသားဝတ္တရားအားလုံးကို သိမြင်သည်နှင့်အညီ နောင်ခေတ်ဗမာပြည်ကို ဖန်တီးမည့်ကျောင်းသားများသည် ယခုလူများကဲ့သို့ မညီမညွှတ် မလုပ်တတ်၊ မကိုင်တတ်၊ မဖြစ်ရအောင် ကျွန်ုပ်တို့သည် ယခုအခါ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်းကြီးကို အထင်အရှား တည်ထောင်ထား၏။ ထိုအသင်းကို ၀င်ရောက်အားပေးရန်မှာ ကျောင်းသားတိုင်း တိုင်းပြည်ချစ်စိတ်ရှိသူတိုင်းတို့၏ တာဝန်ဝတ္တရားပင်တည်း။ မောင်အောင်ဆန်း မန္တလေးသူရိယ (အမျိုးသားနေ့ အထူးစာစောင်) ၁၂၉၉ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ စာ ၁၇-၁၈

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up