DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုနေ့ အပစ်ရပ်လက်မှတ်ထိုးရေး မဖြစ်နိုင်ဟု ဗိုလ်ချုပ်ဂွန်မော်ပြော
DVB
·
January 25, 2015
ပြည်ထောင်စုနေ့ အပစ်ရပ်လက်မှတ်ထိုးရေး မဖြစ်နိုင်ဟု ဗိုလ်ချုပ်ဂွန်မော်ပြော
Donate to DVB

လာမယ့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ အပစ်ရပ်လက်မှတ်ထိုးမယ်ဆိုတဲ့ သတင်းစကား လူထုကြားထဲ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပေမယ့် မဖြစ်နိုင်ကြောင်း ဗိုလ်ချုပ်ဂွန်မော်က ပြောကြားလိုက်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးညှိနှိုင်းရေးအဖွဲ့ ဒုခေါင်းဆောင်၊ ကေအိုင်အေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နဲ့ ဒီဗွီဘီက သီးသန့်တွေ့ဆုံခန်းမှာ ခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

NCCT and UPWC met 15082014 (GawnMaw)“ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးမယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ ကျနော်နားလည်တာကတော့ ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးနိုင်ရင်ကောင်းမယ်ပေါ့။ အခုက လူထုကြားထဲမှာ မီဒီယာတွေမှာ ၁၂ရက်နေ့၊ ၁၂ ရက်နေ့ဆိုတဲ့ အသံတွေက ဘာဖြစ်လို့ ဒီလောက်ကျယ်ကျယ်လောင်လောင်ပေါ်လာရသလဲပေါ့။ အခုကိုပဲ ဇန်န၀ါရီလကုန်လာပြီ။ ဒီကြားထဲမှာ ဘာတခုမှ ဆွေးနွေးတာ မရှိဘဲနဲ့ ၁၂ ရက်နေ့မှာလို့ အတင်းကြီးပြောနေတာကတော့ သဘာဝမကျပါဘူး။ လုထုကို ချီတုံချတုံဖြစ်စေတဲ့ မမှန်ကန်တဲ့ သတင်းတွေ မပေးသင့်ပါဘူး။ ၁၂ ရက်နေ့မှာ မဖြစ်နိုင်ပါဘူး။”

ဒါ့အပြင် အစိုးရနဲ့ တနိုင်ငံလုံး အပစ်ရပ်ရေးဆွေးနွေးပွဲ မကျင်းပနိုင်ရသေးတဲ့ အဓိက အဟန့်အထားဟာ တိုက်ပွဲကြောင့် မဟုတ်ဘဲ ပြီးခဲ့တဲ့နှစ် အန်စီစီတီ နဲ့ ယူပီဒဗလျူစီ ရဲ့ နောက်ဆုံးဆွးနွေးပွဲရလဒ်ကြောင့်ဖြစ်တယ်လို့ ဗိုလ်ချုပ်ဂွန်မော်က ပြောပါတယ်။

“သတင်းတွေနဲ့ တချို့သူတွေရဲ့ ဝေဖန်မှုမှာတော့ တိုက်ပွဲတွေကြောင့် အပစ်ခတ်ရပ်စဲရေး စာချုပ် ညှိနှိုင်းတဲ့ အစည်းဝေးတွေ ပြန်မစနိုင်တာလို့ ပြောနေတာ အသံကြားပါတယ်။ ဒါပေမယ့် တကယ်တော့ စက်တင်ဘာလ အန်စီစီတီ နဲ့ ယူပီဒဗလျူစီ ရဲ့ ၆ ကြိမ်မြောက် အစည်းအဝေး ရလဒ်ကြောင့် အစည်းအဝေးတွေ ယာယီရပ်တန့်သွားတာဖြစ်ပါတယ်။ ဒီလိုရပ်တန့်နေတဲ့ အချိန်မှာပဲ တိုက်ပွဲတွေ ဖြစ်သွားတာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနှစ်ခုတော့ ဆက်စပ်မှုရှိပါတယ်။ ဒီတိုက်ပွဲတွေဟာ ဆွေးနွေးပွဲရဲ့ အချက်တွေကို ခက်ခဲစေတယ်။ အလွယ်တကူဆုံးဖြတ်ချက် ချနိုင်မယ့် အချို့အချက်တွေကိုလည်း နှောင့်နှေးစေပါတယ်။ ကျနော်တို့ရဲ့ သဘောထားကတော့ သြဂုတ်လက ရတဲ့ ရလဒ်ကတော့ ကောင်းတယ်။ ဒါကြောင့် သြဂုတ်လ သဘောထားတွေ အခြေပြုမယ်ဆိုရင် လက်မှတ်ရေးထိုးပွဲဟာ အမြန်ရောက်နိုင်မယ်လို့ မြင်တယ်။ ဒါကြောင့် အဓိက တစ်ဆို့နေတာကတော့ စက်တင်ဘာရလဒ်ပဲ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ၆ ကြိမ်မြောက် တနိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးခဲ့ပြီး နောက်တကြိမ် ဆွေးနွေးပွဲတွေ ပြန်မစနိုင်သေးဘဲ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း တနိုင်ငံလုံးအပစ်ခတ်ရပ်ရေး ဆွေးနွေးပွဲ ပြန်စနိုင်ဖို့ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေနဲ့ အန်စီစီတီအဖွဲ့ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် ၇ ကြိမ်မြောက် တနိုင်ငံလုံး အပစ်ရပ်ရေးဆွေးနွေးပွဲ ကျင်းပမယ့်ရက်ကို မသတ်မှတ်နိုင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့လပိုင်းတွေက ကေအိုင်အေ ဗိုလ်သင်တန်းကျောင်း ပစ်ခတ်ခံရမှုနဲ့ ကေအိုင်အေ စခန်းတချို့ကို တပ်မတော်ဘက်က ဝင်ရောက်စီးနင်းတာ၊ ကေအိုင်အေဘက်ကလည်း ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ မြန်မာရဲတပ်ဖွဲ့ဝင် ၃ ဦးကို ထိန်းသိမ်းခဲ့တာကြောင့်  အေအိုင်အေ နဲ့ အစိုးရတပ်တွေအကြား အခြေအနေတွေ ပြန်လည်တင်းမာခဲ့ပါတယ်။

နှစ်ဖက် တိုက်ပွဲတွေကြောင့် ထောင်နဲ့ ချီတဲ့ ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး အကူအညီတွေ လိုအပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013