DVB Logo
Home
မြန်မာသတင်း
ဆရာမ ၂ ဦး ဈာပန အစီအစဉ် အချိန်ရွှေ့ဆိုင်း
DVB
·
January 23, 2015
ဆရာမ ၂ ဦး ဈာပန အစီအစဉ် အချိန်ရွှေ့ဆိုင်း
1 / 3
Donate to DVB

ရှမ်းပြည်မြောက်ပိုင်းမှာ ဒီလ ၁၉ ရက် ည သန်းခေါင်ယံမှာ အသတ်ခံရတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က ဆရာမလေး ၂ ဦးရဲ့ ဈာပနကို မြစ်ကြီးနားမြို့မှာ ဒီမနက် ၉ နာရီမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် အလောင်းသယ်ယာဉ်တန်း မရောက်ရှိသေးတာကြောင့် သတ်မှတ်ချိန်အတွင်း ကျင်းပနိုင်မှာမဟုတ်ဘဲ အချိန် ရွှေ့ဆိုင်းရတော့မှာဖြစ်ပါတယ်။

ကနဦး အစီအစဉ်အရ မနက် ၉ နာရီမှာ မြစ်ကြီးနားနဲ့ ၁၀ မိုင်အကွာ ဂျော်ဘွမ်ရှိ ကချင် နှစ်ခြင်းခရစ်ယာန်သင်္ချိုင်းမှာ သင်္ဂြိုဟ်ဖို့ ဖြစ်ပေမယ့် ရွှေ့ဆိုင်းကြရမှာ ဖြစ်ပါတယ်။

လမ်းတလျှောက် မြို့နယ်နဲ့ ကျေးရွာတွေက ကချင်ပြည်သူတွေ စာနာဝမ်းနည်းစိတ်နဲ့ ကြိုဆိုကြတဲ့အတွက် ၀တ်ပြုဆုတောင်းမှုတွေ လုပ်ဆောင်သလို လမ်းခရီးအခက်အခဲကြောင့်  ယာဉ်တန်းဟာ   မနက် ၁၀ နာရီခန့်ကျမှ ရောက်ရှိဖွယ်ရှိတယ်လို့ ယာဉ်တန်းကို ဦးစီးသူ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးလမာယော်က ပြောပါတယ်။   ဦးလမာယော်ကို မနက် ၈ နာရီမှာ ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မြစ်ကြီးနားမှာ ၉ နာရီ သဂြိုဟ်မယ်လို့ သတ်မှတ်ထားတော့ အခု ဘာအစီအစဉ်တွေ လုပ်ဆောင်နေပါသလဲ။

“အခု ၉ နာရီ သင်္ဂြိုဟ်ဖို့ရာအတွက် အစီအစဉ်လုပ်ထားပါတယ်။ ဒါပေမယ့် အခု အဲဒီ ဈာပန တင်ဆောင်လာတဲ့ ကားတွေ ယာဉ်တန်းဟာ အခု (မြန်မာစံတော်ချိန် မနက် ၈ နာရီ) မိုးကောင်း၊ နမ္မတီးပဲ ရောက်သေးတယ်ခင်ဗျ။”

မနေ့ညက ၈ နာရီ မြစ်ကြီးနားကို ရောက်နိုင်တဲ့ဟာ ဘာဖြစ်လို့ ကြန့်ကြာနေတာလဲ။       

“နောက်ကျရတဲ့အကြောင်းက လမ်း မကောင်းတာ၊ လမ်းလုပ်နေတဲ့နေရာတွေမှာ လယ်တော ထဲ ဆင်းပြီးမှ မောင်းရတယ်။ အဲဒီမှာ ရှေ့က ကုန်ကားကြီးတွေ ပိတ်ကျပ်နေတာတွေ ရှိတယ်။ အများကြီးပဲ အဲသလိုဟာတွေ။ နောက်တချက်ကတော့ ခရီးစဉ်တကြောလုံးမှာ မြို့တိုင်းရွာတိုင်းက ကချင်ပြည်သူတွေတရပ်လုံးက တခဲနက် သူတို့ လမ်းမပေါ် ထွက်လာတယ်။ ဒီအချင်းအရာနဲ့ ပတ်သက်ပြီးမှ သူတို့လည်း ပါဝင်ချင်တယ်။ အဲဒါကြောင့် ခဏလေး ရပ်ပြီးမှ ဆုတောင်းတာတို့ ဘာတို့ အဲဒါ လုပ်နေတာနဲ့ ခရီးကြန့်ကြာတာပါ။”

ဒါဆို ဘယ်လိုစီစဉ်ထားလဲ။ ဈာပန အခမ်းအနားက ၉ နာရီစီစဉ်ထားတော့။

“ဟုတ်ကဲ့။ ၉ နာရီစတင်ဖို့ စီစဉ်ထားပေမယ့် လူငယ်တွေက မနေ့ကနေ ၉ နာရီလောက်ထိ မြို့နဲ့ ၆ မိုင်ဝေးတဲ့ နေရာလောက်ကနေ လူအင်အား ၁ သောင်းလောက်က လူငယ်တွေက ပုံနေပြီ၊ အခုလည်း သူတို့ အဲဒီမှာ ရှိနေတုန်းပဲ။ လာကြိုနေပြီ။”

ဦးလေးက ယာဉ်တန်းနဲ့လိုက်ပါလာတာနော်။

“ဟုတ်တယ်။ ကျနော်က မူဆယ်ကနေ အခုထိ ယာဉ်တန်းကို ဦးဆောင်နေတာပါ။”

အဲဒါဆို မြစ်ကြီးနားမြို့ကို ရောက်ဖို့ဆိုရင် လမ်းတကြော ကြိုဆိုတဲ့လူအင်အားနဲ့ လမ်းပိတ်ဆို့မှုနဲ့ဆို ဘယ်အချိန်လောက် ရောက်နိုင်မလဲ။

“၁၀ နာရီလောက်မှာ ရောက်ဖြစ်မယ်လို့ ကျနော် ခန့်မှန်းတယ်ဗျ။ အခု နမ္မတီးဝင်မယ်။ ပြီးရင် မရန်းကျေးရွာ ၀င်မယ်။ ပြီးရင် အဲဒီ မြစ်ကြီးနားရောက်ကာနီးမှာ ကျေးရွာ ၂ ရွာလောက် ရှိသေးတယ်။ အဲဒါတွေ ခဏခဏ ၁၀ မိနစ်၊ ၁၀ မိနစ်လောက် ရပ်ပါတယ်။”

လမ်းတလျှောက် ကြိုဆိုစောင့်ဆိုင်းနေကြသူတွေရဲ့ သဘောသဘာဝက ဘယ်လိုရှိပါသလဲ။ ဆန္ဒထုတ်ဖော်တာမျိုး ရှိကြလား။ ဘယ်လိုမျိုးမြင်ရလဲ လမ်းတလျှောက်မှာ။

“ဆန္ဒထုတ်ဖော်တယ်လို့တော့မဟုတ်ဘူး။ ဒါပေမယ့် လုံးဝ မကျေနပ်တဲ့အကြောင်းတွေကို မမျှတတဲ့သဘောတွေ၊ သင်္ကေတတွေ တော်တော်များများပါတယ်။”

ဒီဟာနဲ့ပတ်သက်လို့ အုပ်ချုပ်ရေးပိုင်းက ခရီးစဉ်အစပိုင်းမှာမျိုး တားဆီးတာ ရှိကြလား။

“မကြုံရဘူးခင်ဗျ။ လမ်းတလျှောက်လုံး ကူညီတာတောင် ရှိသေးတယ်။ တချို့မြို့တွေဆိုရင် လားရှိုးတို့ ဘာတို့ဆိုရင် ယာဉ်ထိန်းရဲတွေက ရှေ့ကနေ ဂိတ်တွေကို သွားဖွင့်ပေးတာ ရှိတယ်။ အဲဒါက ကျနော်တို့ ကွတ်ခိုင်မြို့အ၀င်မှာကျတော့ အဲလို တားဆီးပိတ်ဆို့တာ၊ အနှောင့်အယှက် ပေးတာ ရှိတယ်။ အဲဒီ ကွတ်ခိုင် အုပ်ချုပ်ရေးအဖွဲ့က မြို့အ၀င် Tour ဂိတ်မှာ တားပြီးမှ ‘ကျနော်တို့နဲ့ စကား ပြောမယ်၊ အဲဒီကိစ္စတွေကို (ဈာပနကိစ္စ) ကွတ်ခိုင်မြို့ပေါ်မှာပဲ အပြီးလုပ်လိုက်ရအောင် မထွက်ခိုင်းဘူး’ အဲသလို အစီအစဉ် ရှိတယ်ဗျ။ အုပ်ချုပ်ရေးကဏ္ဍအစုံက အဲဒီမှာ လာစောင့်နေပြီးမှ လုပ်ကြပါတယ်။ ဒါပေမယ့် ကျနော်တို့လည်း ကျနော်တို့ရဲ့ အခု ဦးဆောင်လာတဲ့လူတွေရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး။ ပြည်သူတရပ်လုံးရဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်၊ မရပ်နိုင်ဘူးလို့ အဲဒါကြောင့် ဆွေးနွေးစရာရှိရင် ကွတ်ခိုင်မြို့ပေါ်က ဘုရားကျောင်းကို လာခဲ့ပါလို့ သူတို့ကို ခေါ်လိုက်တယ်။ သူတို့ လာခဲ့ပါတယ်။ နောက် ကွတ်ခိုင်မြို့ပေါ်က လူအုပ်ကြီးက တမြို့လုံးနီးပါး အုန်းအုန်း ကျွက်ကျွက် ဖြစ်တဲ့အခါကျတော့ အဲသလို ပြန်မွှေနှောက်လိုက်ရင် ပိုအခြေအနေဆိုးသွားနိုင်တဲ့ အခြေအနေ ပေါ်မှာ ရှိနေတယ်။ အဲဒါကြောင့်မို့ သူတို့လည်း ‘ကျနော်တို့က ကူညီမလို့ လာတာပါ’ အဲသလိုအနေနဲ့ ချော်လဲရောထိုင်နဲ့ ပြီးသွားတာပါ။”

တမြန်နေ့တုန်းက ဦးလမာယော်တို့ မူဆယ်ဆေးရုံကနေ ညနေ ၄ နာရီလောက်ထွက်တာ လမ်းတလျှောက် ဖြတ်သန်းခဲ့တဲ့မြို့တွေကို ပြောပြပါ။

“လမ်းတလျှောက် မြို့တွေကိုပဲ ပြောရရင် မူဆယ်၊ နန့်ဖက်ကာ၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ ပြင်ဦးလွင်၊ ရွာတွေက မပြောတော့ဘူး။ ပြီးရင် မန္တလေးပဲ။ မန္တလေးပြီးရင် မြစ်ကြီးနားကို တောက် လျှောက်တက်လာခဲ့တော့တာပဲ။”

လားရှိုးကနေ မန္တလေးကို တက်လာစဉ်က ယာဉ်တန်းမှာ လူတော်တော်များများလိုက်ပါ ပို့ဆောင်တယ်။ မန္တလေးကနေ မြစ်ကြီးနားလမ်းမှာရောခင်ဗျ။

“မန္တလေး မြစ်ကြီးနားလမ်းကို ကျနော်တို့ ၃၈ ယောက်နဲ့ တက်ခဲ့တယ်။ ကချင်ပြည်နယ် ဒေသကို ပြန်ရောက်လာတဲ့အခါမှာ အသင်းတော်က ကားအင်အား၊ လူအင်အား ပြန်ပြန် ဖြည့်တဲ့အတွက် ကျနော်တို့ အခု သွားနေတာ လူယာဉ်တန်း၊ ဆိုင်ကယ်ယာဉ်တန်း အားလုံး ၃၀၀ နီးပါး ရှိတယ်။”

ဘာဖြည့်စွက်ပြောစရာရှိမလဲ။

“ကျနော်တို့ တိုင်းရင်းသား ပြည်သူတရပ်လုံး၊ ကချင်သာမက တိုင်းရင်းသားတွေအားလုံးက ဒီလို တိုင်းရင်းသားမျိုးနွယ်စုတွေ အားလုံးကို ဒီလို စော်ကားပြီးမှ သတ်ဖြတ်တာကို လုံးဝ မကျေနပ်တဲ့ အကြောင်း ဖြည့်စွက်ပြောချင်တယ်။”

ဓာတ်ပုံ - Thomas Nhkang

[gallery ids="78218,78219,78220"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013