DVB Logo
Home
မြန်မာသတင်း
ကချင် ကျောင်းဆရာမ ၂ ဦး အသတ်ခံရ
DVB
·
January 20, 2015
ကချင် ကျောင်းဆရာမ ၂ ဦး အသတ်ခံရ
Donate to DVB

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် ရှဘုတ် ကောင်းခါးကျေးရွာမှာ မနေ့ညက အသက် ၂၀ အရွယ် ကချင် ကျောင်းဆရာမ နှစ်ဦး အခန်းတခု အတွင်း ဒဏ်ရာ ဗလပွနဲ့ သေဆုံးခဲ့ပါတယ်။

ကချင်နှစ်ခြင်းအသင်းချုပ်က အခမဲ့ စာသင်ကြားပေးနေတဲ့ ကျောင်းဆရာမ ဆရာမ မရန်လုလာနဲ့ တန်ဘောင် ခေါန်နန်ဆင်တို့ဖြစ်ကြပါတယ်။

အလောင်းတွေကို မူဆယ်ဆေးရုံကို သယ်ယူလာပြီး စစ်ဆေးနေတယ်လို့ ဆေးရုံမှာ လိုက်ပါလာတဲ့ မူဆယ်ခရိုင် ခရစ်ယာန်နှစ်ခြင်းအသင်းတော်က လူငယ်တာဝန်ခံ ကိုဇွာရာ (Mr. Zau Ra) က ပြောပါတယ်။

“ဖြစ်တဲ့ဟာ မနေ့ညက ဖြစ်တာ။ ည သန်းခေါင်ဖြစ်တာ။ ဒီမနက်ကျမှ ရွာသူရွာသားတွေက ပြန်ပြီးတော့ သွားကြည့်တဲ့အချိန်မှာ အဲလိုဖြစ်နေတာ။ ဖြစ်ပြီးတော့ သက်ဆိုင်ရာ ပန်ဆိုင်း(ကြူကုတ်) မြို့နယ်က စခန်းမှူးကိုအကြောင်းကြားပြီး သူတို့ ဆေးစစ်ချက်တွေ လာလုပ်ထားတာ။ အခုလည်း မူဆယ်ဆေးရုံမှာ ခွဲစိတ်မှုလုပ်နေတယ်။ ပန်ဆိုင်း(ကြူကုတ်)က စခန်းမှူး ကိုယ်တိုင် ဆေးစစ်ချက်ယူပြီး အခု ဒီမှာ ရောက်နေတယ်လို့ လို့ ညနေ လေးနာရီခွဲမှာ ပြောပါတယ်။”လို့ သူက ပြောပါတယ်။

[caption id="attachment_77861" align="alignright" width="300"]ဓာတ်ပုံ (Kbc-facebook) ဓာတ်ပုံ (Kbc-facebook)[/caption]

သေဆုံးသူတွေရဲ့ မျက်နှာနဲ့ လက်တွေမှာ ပြတ်ရှဒဏ်ရာတွေ အများအပြား တွေ့ရှိတယ်လို့ သူက ပြောဆိုပြီး ဘယ်သူက ဘာကြောင့်သတ်ဖြတ်တယ်ဆိုတာကို မဖော်ထုတ်နိုင်သေးပါဘူး။

ကောင်းခါးကျေးရွာဟာ နမ့်တောင်းရွာကြီးကနေ အထက်ဘက် ၂ မိုင်အကွာမှာ တည်ရှိပြီး ဒီဆရာမနှစ်ယောက်ဟာ ကလေးတွေကို စာသင်ပေးနေတာဖြစ်ပါတယ်။

အဲဒီရွာက ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းက သူတို့နှစ်ဦးအတွက် ဆောက်ပေးထား တဲ့နေအိမ် အိပ်ခန်းမှာ သေဆုံးနေကြတာဖြစ်တယ်လို့  ကိုဇွာရာက ပြောပါတယ်။

ကိုဇွာရာ က “ညကတည်းက (သေဆုံးတာ)မသိဘူး။ မနက်ကျမှ ရွာက ကျောင်းသားတွေက ဆရာမတို့ကို သွားခေါ်တယ်ဆိုပြီး သွားတဲ့အချိန်မှာ အဲလိုဖြစ်နေတာ။ သူတို့က ချပ်ကျောင်းဝင်းထဲက သူတို့အိမ်မှာ အိပ်တာ။ ဘေးနားမှာ အိမ်နီးနားချင်းတွေရှိတယ်။ ညက ၁၀ နာရီခွဲလောက်မှာ အသံကြားတယ်။ ၁၂ နာရီလောက်မှာ လာကြည့်တယ်။ တံခါးတွေ တွန်းတော့လည်း တံခါးတွေက ခတ်ထားတယ်။ ခေါ်ရင်လည်း မထူးဘူး ဆိုပြီးတော့ ဟာ အိပ်ပျော်နေပြီဆိုပြီး ပြန်သွားလိုက်တာ မနက်ကျမှ သွားကြည့်လိုက်တော့ အဲလိုဖြစ်နေတာ” လို့ ပြောပါတယ်။

ရွာသားတချို့ကို မေးမြန်းကြည့်တဲ့အခါ အစိုးရစစ်တပ် အမှတ် ၅၀၃ က အခင်းဖြစ်တဲ့ မနေ့ညက ရွာမှာ စခန်းချရပ်နား ညအိပ်ခဲ့ကြောင်းနဲ့ ဒီနေ့လည်း ရွာမှာ ရှိနေတယ်လို့ ပြော ပါတယ်။

ဖေ့စ်ဘွတ်ခ်လူမှုစာမျက်နှာမှာ အဆိုပါအမျိုးသမီး ၂ ဦး အ၀တ်အစားပိုသီပတ်သီနဲ့ ပက်လက်လဲကျ သေဆုံးနေပုံတွေ တင်ထားသလို အစိုးရတပ်မှ ရမခ စကခ ၁၆ လက်အောက်ခံ ခမရ ၅၀၃ မှ ဒုတပ်ရင်းမှူး ဦးဆောင် အဖွဲ့က အုပ်စုလိုက် အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တယ်လို့ တပ်ရင်းမှူး အမည်နဲ့ပါ ဖော်ပြထား တာတွေ့ရပါတယ်။

အခင်းဖြစ်ပွားချိန်ဟာ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေဖြစ်နေချိန်ဖြစ်တာကြောင့် ပဋ္ဋိပက္ခ ပိုမိုမကြီးထွားရအောင်နဲ့ အမြင်ရှင်းအောင် တိုင်းရင်းသူနှစ်ဦး သေဆုံးမှု ဖြစ်ရပ်မှန်ကို  အစိုးရ ဘက်က  သတင်းထုတ်ပြန်ဖို့ လိုအပ်နေပြီး ဒီနေ့ညနေအထိတော့ တစုံတရာ ထုတ်ပြန်မှုမရှိသေးပါဘူး။

ဒီဗွီဘီက မူဆယ်ရဲစခန်းကို ဒီကနေ့ညနေ ခြောက်နာရီတိတိမှာ ဆက်သွယ်မေး မြန်းတဲ့အခါ တာဝန်မှူး ဒုရဲအုပ် နေလင်းကိုက စခန်းကို ဒီအမှုမရောက်လာသေးကြောင်းနဲ့ မသိသေးကြောင်း ဖြေဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013