DVB Logo
Home
မြန်မာသတင်း
ကေအိုင်အေ ဖမ်းထားသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ယနေ့ ပြန်လွှဲအပ်မည်
DVB
·
January 19, 2015
ကေအိုင်အေ ဖမ်းထားသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ယနေ့ ပြန်လွှဲအပ်မည်
1 / 4
Donate to DVB

လွန်ခဲတဲ့သီတင်းပတ်က ဖမ်းဆီးထားတဲ့ အစိုးရရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဒီကနေ့ ညနေမှာ ကြားဝင်ဆောင်ရွက်သူတွေလက်ကနေ တဆင့် ပြန်လွှဲအပ်မယ်လို့ ကေအိုင်အေ တပ်မဟာ ၂ တပ်ရင်း ၆ တပ်ရင်းမှူးက ပြောပါတယ်။

တပ်ရင်းမှူး ဗိုလ်မှူးတန်ဆိုင်းက အဲဒီ ရဲတပ်ဖွဲ့ဝင်တွေဟာ နယ်မြေထဲ လက်နက်ကိုင် ၀င်ရာက်လာတဲ့အတွက် ထိတွေ့ပစ်ခတ်မှုတွေမရှိအောင် ဖမ်းဆီးထိန်းသိမ်းထားခဲ့ရတာဖြစ်ပြီး ဒီကနေ့ ညနေပိုင်းမှာတော့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေရဲ့ လက်ထဲကို ပြန်လွှဲအပ်မယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“အစိုးရ ရဲတပ်ဖွဲ့နဲ့ ကျနော်တို့ ထိပ်တိုက်တွေ့ဆုံမိတယ်လေ။ သူတို့က လက်နက်ကိုင်ဆောင်တော့ ကျနော်တို့က ခေတ္တထိန်းသိမ်းထားရတဲ့သဘောပေါ့။ ကျနော်တို့က ဒီလိုမလုပ်ရင် သူတို့က ကျနော်တို့ကို ဖမ်းမှာဘဲ။ ဒါက လက်နက်ကိုင်တွေရဲ့ သဘောပါ။ တခြားဘာပြဿ နာမှ မရှိပါဘူး။ ဒီကနေ့ ညနေပိုင်းလောက် ပြန်လွှတ်ပေးမလို့ အခုပြင်ဆင်နေပါတယ်။ ပီစီဂျီ (ငြိမ်းချမ်းရေး အကျိုးတော်ဆောင်) အဖွဲ့က ဦးဂွန်ဂျာတို့ လက်ထဲကို အပ်မှာပါ ၊ သူတို့လဲ ဖားကန့် ကို ရောက်နေပြီ၊ ဘယ်နေရာမှာ လွဲမလဲ ဆိုတာတော့ ပြောလို့မဖြစ်သေးဘူးဗျ။”

ဇန်န၀ါရီလ ၁၄ ရက်နေ့က မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းမှာ စစ်ဆေးကြည့်ရှုတဲ့ ကချင်ပြည်နယ် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ကမန်းဒူးနော်ကို အဖော်လုံခြုံရေးလိုက်ပါလာတဲ့ အဆိုပါ ရဲတပ်ဖွဲ့ ၃ ဦးကို ကေအိုင်အေက ဖမ်းဆီးပြီး ၀န်ကြီးကိုတော့ မေးမြန်းပြီး ပြန်လွှတ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်အပြီးမှာ နှစ်ဘက် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး လူထောင်ချီပြီး ထွက်ပြေးခဲ့ကြရတာပါ။ ကေအိုင်အို ဗဟိုက ရဲသုံးဦးကို ပြန်လွှတ်ပေးဖို့ အမိန့်လာပေမယ့် တိုက်ပွဲတွေကြောင့် မပို့နိုင်ရာက ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေက ကြားက သွားရောက်ခေါ်ဆောင်ပေးကြတာ ဖြစ်ပါတယ်။

တပ်မဟာ ၂ တပ်ရင်း ၆ တပ်ရင်းမှူးကတော့ ဒီရဲ ၃ ဦးကို ဇန်န၀ါရီ ၁၅ ရက်နေ့ မနက် ၇ နာရီမှာ ပြန်လွှတ်ပေးမယ်လို့ ကေအိုင်အေက ပြောထားပေမယ့် အစိုးရတပ်က ၆ နာရီလောက်က စပြီး လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်တဲ့အတွက် တိုက်ပွဲတွေကြောင့် ခုမှ ပြန်လွှတ်ရကြောင်း သူက ဆက်ပြောပါတယ်။

လက်ရှိအခြေအနေမှာ အစိုးရတပ်က အရင် ကေအိုင်အေ ထိန်းချုပ်နယ်မြေ အောင်ဘာလေ ကျေးရွာထဲကို ရောက်ရှိနေကြောင်း၊ ဒါကြောင့် ရွာသားတွေ ဘေးကင်းဖို့အတွက် မနေ့ညနေကဘဲ ဥရုချောင်းတဘက်ကမ်း ကံဆီးရွာကို အားလုံးပြောင်းရွှေ့ခိုင်းလိုက်တယ်လို့ ဗိုလ်မှူးတန်ဆိုင်းက ပြောပါတယ်။

“အစိုးရတပ်က လက်နက်ကြီးတွေ အများကြီး ပစ်တာ ရွာထဲမှာလည်း ကျပါတယ်။ ဘုန်းကြီးကျောင်း နားမှာလည်း ကျကွဲပါတယ်။ ရွာသားတွေက အိမ်မှာမနေရဲဘဲ ဘုန်းကြီးကျောင်းထဲ ၀င်ပြေးတဲ့အခါ အစိုးရတပ်က ရွာသားတွေကို အကာအကွယ်လုပ်ပြီး ကျနော်တို့ကို တိုက်တယ်။ မနေ့တနေ့က အပြင်းအထန် ပစ်ခတ်ကြတယ်။ ကျနော်တို့ ဆက်ရှိနေရင် ပြည်သူတွေ ထိခိုက်မှာ စိုးလို့ ကျနော်တို့လည်း ဆုတ်ခွာပေးလိုက်တယ်။ ဆုတ်ခွာပြီးတော့ သူတို့နဲ့ ပြန်တိုက်တဲ့ခါ ရွာသားတွေပါ ထိမှာ စိုးလို့ ခပ်မြန်မြန် ပြောင်းခိုင်း လိုက်ပါတယ်။ အဲဒီရွာက စစ်မြေပြင်လို ဖြစ်သွားပြီလေဗျာ။ အစိုးရတပ်ကလည်း သူတို့ကို ရွှေ့ခိုင်းတယ်။”

မနေ့က ရွှေ့ပြောင်းသွားတဲ့ ရွာသားပေါင်း ၂၀၀၀ နီးပါးရှိပြီး ဒီကနေ့မှာတော့ အခြေအနေ ငြိမ်သက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါပေမယ့် အစိုးရတပ်ဘက်က အင်အားတိုးမြှင့်နေတာလည်းရှိပြီး လက်ရှိ ၇၀၀ ကျော်လောက် နယ်မြေထဲ ၀င်ရောက်နေတဲ့အတွက် အချိန်မရွေး ပစ်ခတ်မှု ပြန်ဖြစ်နိုင်လို့ အားလုံး အသင့်အနေအထားပြင်ထားတယ်လို့ ဆိုပါတယ်။

ကေအိုင်အေဟာ ကျောက်တူးကုမ္ပဏီရဲ့ ဘက်ဟိုးကားကို စေခိုင်းပြီး ခွန်ဆိုင်ဇွပ်ရွာအ၀င် တံတား ၁ စင်း နဲ့ နမ့်ဆိုင်ရွာက ကွန်ကရစ်တံတား ၂ စင်းကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၇ ရက်နေ့က ဖျက်ဆီးလိုက်တယ်လို့ အစိုးရသတင်းစာက ဖော်ပြခဲ့ပါတယ်။

တံတားဖျက်ဆီးမှုနဲ့ ပတ်သက်ပြီး အောင်မြင့်ကြိုင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသန်းကြိုင်က “ဘတ်ဟိုးကြီးတွေနဲ့ ကုပ်ခိုင်းတယ်။ တံတားတွေလည်း ဖျက်ခိုင်းတယ်။ မလုပ်ရင် ရန်ရှာမှာလို့ အလုပ်သမားတွေက ပြောတယ်။ သူတို့က သေနတ်နဲ့ချိန်ပြီး လုပ်ခိုင်းမှတော့ ကျနော်တို့ ကလေးတွေ (အလုပ်သမားတွေ)ကလည်း ဖျက်ရတာပေါ့။ အခုလည်း ကုမ္ပဏီလုပ်ငန်းတွေကို ကေအိုင်အေ က ရပ်ထားခိုင်းတယ်”လို့ ပြောပါတယ်။

ဗိုလ်မှူးဒတန်ဆိုင်းကတော့ လမ်း၊ တံတားဖျက်မှုဟာ အစိုးရတပ်က အဲဒီလမ်းကြောင်းကနေ သူတို့ကို ချေမှုန်းဖို့ စစ်အင်အားတိုးမြှင့်လာမှာကို တားဆီးကာကွယ်တဲ့အနေနဲ့ ဖျက်ဆီးတာ ဖြစ်ကြောင်း ပြောပါတယ်။

လောလောဆယ် ကံဆီးရွာမှာ တန်းဂေါင်၊ အောင်ဘာလေနဲ့ ကံဆီးခေါရွာသားပေါင်း ၂၀၀၀ ကျော် ရောက်ရှိနေပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၃ ကျောင်းမှာ ခိုလှုံနေကြောင်း၊ အရေးပေါ် စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ ကချင်ဒုက္ခသည် ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

[gallery ids="77657,77658,77659,77660"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013