Home
မြန်မာသတင်း
၆၃ ကြိမ်မြောက် ကယားပြည်နယ်နေ့ စည်စည်ကားကား ကျင်းပ
DVB
·
January 15, 2015
ဇန်န၀ါရီ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ၆၃ ကြိမ်မြောက် ကယားပြည်နယ်နေ့  ခေါ် ကယားဒေး ပွဲတော် ကို မြို့တော် လွိုင်ကော်မှာ စည်ကား သိုက်မြိုက်စွာ ကျင်းပနေပါတယ်။ ဇန်န၀ါရီ ၁၀-၁၆ ရက်နေ့ အထိ ကျင်းပတဲ့ ဒီပွဲမှာ အားကစား၊ ရိုးရာဝတ်စားဆင်ယင်မှု၊ အက စပါး ထောင်း ပြိုင်ပွဲ၊ လက်ဝှေ့နဲ့ ဖြေဖျော်ပွဲတွေကို ထည့်သွင်း ကျင်းပသလို ပြည်နယ် တ၀န်းက ဒေသခံ တွေ လာရောက်ကြတယ်လို့ ပြည်နယ် အခြေစိုက် သတင်းထောက်က ပြောပါတယ်။ ဒါအပြင် ကရင်နီရိုးရာ ခေါင်ရည်ကို ရောင်းချနေတဲ့ ခေါင်တန်းကလည်း ရှည်လျားတယ်လို့ သူက ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာတော့ လွိုင်ကော်မြို့ ကန္ဒရ၀တီဥယျာဉ် ပြည်နယ်နေ့ အခမ်းအနားကို ကျင်းပခဲ့ပြီး ပြည်နယ်အစိုးရ၊ လွှတ်တော်အမတ်တွေလက်နက်ကိုင်အဖွဲ့အစည်းနဲ့ တိုင်းရင်းသား ပါတီတွေ တက်ရောက်ခဲ့သလို ပြည်နယ် ၀န်ကြီးချုပ်ကလည်း အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ ဒီအခမ်းအနားကို နိုင်ငံတော် သမ္မတက သ၀ဏ်လွှာပေးပို့ခဲ့ပြီး ပြည်နယ်မှာ ရှိတဲ့ တိုင်းရင်းသားတွေက ခက်ခဲတဲ့ ခရီးလမ်းကို ကာလကြာ ဖြတ်သန်းလာခဲ့ပြီး သဘောထားမညီမျှတဲ့ အတွက် လက်နက်ကိုင် ပဋိပက္ခများ ပေါ်ပေါက်လာပြီး ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခဲ့ရတယ်လို့ ပြောပါတယ်။ 10352942_695387740579739_4916190638025960249_n“ယနေ့အချိန်တွင် ကယားပြည်နယ် အတွင်း ငြိမ်းချမ်းရေးရောင်ခြည်များ ရရှိခံစားနေရပြီး ဖွံ့ဖြိုး တိုး တက်မှု အခွင့် အလမ်းများလည်းရရှိနေပြီဖြစ်ပါသည်။ ထို့ပြင် အေးချမ်းသာယာပြီး ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံကောင်းများနှင့်လည်း ပြည့်စုံနေပြီဖြစ်ပါ သည်”လို့ ဦးသိန်းစိန် ပြောကြားချက်ကို သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။ လွိုင်ကော်မြို့က မြို့မိမြို့ဖ ဒေါက်တာ ခင်စည်သူကတော့ ငြိမ်းချမ်းရေး တကယ်ရပြီလား ဆိုတာ ကတော့ မရ သေးသလို ၂၀၀၈ ဖွဲ့စည်းပုံမပြင်သရွေ့တော့ ငြိမ်းချမ်းရေး ခိုင်ခိုင် မာမာ မရနိုင် သေးဘူးလို့ ပြေပါတယ်။ “လျှပ်စစ်ကလည်း လွိုင်ကော်မြို့နယ်ထဲမှာရှိတဲ့ လောပိတက ပေးတဲ့ဟာတောင်မှ  လွိုင်ကော်မြို့နယ် အစွန်းအစမှာတောင် အကုန်မရသေးတာ၊ အဲဒါကို ကျမတို့က ရပြီလို ပြောလို့မရသေးဘူး” လို့ ဒေသ ဖွံ့ဖြိုး တိုးတက်မှုနဲ့ ပတ်သက်ပြီး သူက ပြောပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၁၈ဝ၊ ပုဒ်မခွဲ(၁)အရ ကရင်နီပြည်နယ်ကို ကရင် ပြည်နယ်အတွင်း ထည့်သွင်းပြဋ္ဌာန်းခဲ့သလို ၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင် ချက်အက်ဥပဒေ ပုဒ်မ ၈ အရ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ''ကရင်နီပြည်နယ်''ဆိုတဲ့ စကားရပ်အစား ''ကယား ပြည်နယ်''ဆိုတဲ့ စကားရပ်ကို ထည့်သွင်းရမယ်လို့ ပြဌာန်းခဲ့ပါတယ်။ ကရင်နီပြည်နယ်ကနေ ကယားပြည်နယ်လို့ ပြောင်းလဲခေါ်ဆိုတဲ့ ကယားပြည်နယ်နေ့ အခမ်း အနား တွေကို ၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၁၅ နေ့ရက်ကနေ စတင်ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ဒုဥက္ကဋ္ဌ ခူးဦးရယ်ကတော့ ပြည်နယ် အမည်ကို ပြောင်းလဲ ရာမှာ စစ်မှန်တဲ့ ပြည်သူတွေရဲ့ ဆန္ဒကို အခြေခံခဲ့တာ မဟုတ်ဘူးလို့ ပြောပါတယ်။ “ကရင်နီကနေ ကယားလို့ ပြောင်းလဲလိုက်တဲ့နေ့ကိုတော့ ကျနော်တို့ ကေအန်ပီပီမှာ မူသဘောထား တခုအနေနဲ့ ချထားတာကတော့ မူလနာမည်အရင်း ဖြစ်တဲ့ ကရင်နီကလွဲရင်တော့ ဒီလိုပြောင်းလဲ တာဟာ နိုင်ငံရေး ပယောဂများ ပါသလားလို့ အဲသလို သုံးသပ်တယ်၊ အဲဒီလို သုံးသပ်တဲ့ အတွက် ကြောင့် နာမည်နာမပြောင်းလိုက်တဲ့နေ ဖြစ်တဲ့ ဒီကယားဒေးသို့ ကယားပြည်နယ်နေ့ ဇန်န၀ါရီလ ၁၅ ရက်နေ့ အခမ်းအနားလုပ်တာကိုတော့ ကျနော်တို့ အနေနဲ့ တရားဝင် အသိအမှတ်ပြုခြင်း မရှိဘူး” လို့ သူက ပြောပါတယ်။ ကယားပြည်နယ်လို့ ပြောင်းလဲလိုက်တာဟာ ပြည်နယ်အတွင်းက လူမျိုးစု အားလုံးထက် လူနည်းစုကို သာ ကိုယ်စားပြုတယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ရှိခဲ့ပါတယ်။ ကယားအမျိုးသား စာပေနဲ့ ယဉ်ကျေးမှု ကော်မတီရဲ့ အတွင်းရေးမှူး ဦးမိုးဇက်အောင်လေးကတော့ နိုင်ငံရေး မူဝါဒအရ ပြောင်းလဲလိုက်တဲ့အပေါ် သဘောတူညီတဲ့သူတွေ ရှိသလို မတူညီတဲ့သူတွေ ရှိတယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024