အဂတိလိုက်စားမှုတိုက်ဖျက်ရာမှာ တရုတ်ကို နမူနာယူပါ – ဦးရောဘတ်ဆန်းအောင်

ကမ္ဘာတ၀န်း အကျင့်ပျက်ခြစားမှုတွေကို စောင့်ကြည့်နေတဲ့ Transpriancy International အဖွဲ့က ၂၀၁၄ ခုနှစ်အတွက် ထုတ်ပြန်တဲ့စာရင်းမှာ မြန်မာနိုင်ငံဟာ အကျင့်ပျက်ခြစားမှု အဆိုးဝါးဆုံးအဆင့်မှာ ဆက်လက်ရပ်တည်နေကြောင်း ဖော်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၇၅ နိုင်ငံအနက် ၁၅၆ နိုင်ငံအဆင့်နဲ့ အဂတိလိုက်စားမှု အညွှန်းကိန်းမြင့်တက်ဆဲလို့ စောင့်ကြည့်အဖွဲ့က   သတ်မှတ်ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှုတွေဟာ ဓလေ့ထုံးတမ်းသဘောဖြစ်လာနေပြီး တိုက်ဖျက်ရေး မအောင်မမြင်ဖြစ်နေတာနဲ့ ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဒီမိုကရေစီ အသွင်ပြောင်းအစိုးရလက်ထက်မှာ ဘာဖြစ်လို့ အရင်နှစ်တွေတုန်းကအတိုင်း လာဘ်ပေးလာဘ်ယူထူပြောတဲ့နိုင်ငံ အညွှန်းကိန်းအတိုင်း ဆက်လက်ရှိနေတာလဲ။ [caption id="attachment_73658" align="alignright" width="338"]raw bart san aung ဦးရောဘတ်ဆန်းအောင်[/caption] “ဘာကြောင့် အဲဒီလို အဆိုးဆုံးအခြေအနေမှာ ရပ်တည်နေရသလဲဆိုတော့ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီးတော့ တိုင်တန်းတဲ့ တိုင်ကြားချက်တွေမှာ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးမှု မရှိတာတွေ၊ တိုင်ကြားတဲ့လူတွေကို လက်တုံ့ပြန်နုတ်ပိတ်ပြီးတော့ တရားစွဲဆိုမှုတွေ ကို ပြုလုပ်နေတဲ့ အတွက် နောက်ထပ် တိုင်မယ့်သူတွေက ကြောက်ရွံ့သွားတော့ ဒီအဂတိလိုက်စားမှုသံသရာကို ဆုံးအောင်မလုပ်နိုင်ဘူးဖြစ်နေတာ။” မြန်မာပြည်မှာ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်မှာပဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ တရပ်ရှိခဲ့တယ်။ ဒီဥပဒေရှိလျက်နဲ့ ဘာကြောင့် အကျင့်ပျက်ခြစားမှု ကြီးထွားနေရတာလဲ။ “၁၉၄၈ ဥပဒေက လက်ပူးလက်ကြပ်မမိသော်လည်းပဲ သူ့ရဲ့ပိုင်ဆိုင်မှုကို ကြည့်ပြီးတော့ အစဉ်အမြဲ လာဘ်စားတယ် မစားဘူးဆိုတာကို သုံးသပ်အရေးယူနိုင်တဲ့ ပြဋ္ဌာန်းချက်ပါတယ်။ အခုထုတ်ပြန်လိုက်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ၂၀၁၃ ဥပဒေမှာက အဲဒီလို အနေအထား သိပ်မတွေ့ရဘူး။ နောက်တချက်က အဂတိလိုက်စားမှုတွေဟာ စစ်တပ်ကျောထောက်နောက်ခံပြုတဲ့ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ခေတ်ကနေ တိုးပွားလာနေတာက မတည်ငြိမ်တဲ့ ကုန်ဈေးနှုန်းတွေကြောင့်ဖြစ်တယ်။ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်မြောက်ရေးပါတီ) ခေတ်တုန်းက ငွေကြေးကို တည်ငြိမ်ခိုင်မာအောင် လုပ်ထားနိုင်တယ်၊ နိုင်ငံခြားအရန်ရွှေရှိတယ်၊ ဒေါ်လာရှိတယ်။ ကုန်ဈေးနှုန်းက အင်မတန်မှ တည်ငြိမ်တယ်။ အခုဟာက ကုန်ဈေးနှုန်းက တနေ့တခြား မြင့်မားလာတဲ့အခါကျတော့ အင်မတန်မှ လစာနည်းတဲ့ ၀န်ထမ်းတွေက ဒုက္ခသုက္ခနဲ့ ဖြတ်သန်းရင်း နောက်ဆုံး မလွှဲမရှောင်သာပဲ စက်ဆုပ်ရွံရှာဖွယ်ရာ အဂတိကို လိုက်စားနေရတာပဲဖြစ်တယ်။ “အဲဒီတော့ အဲဒီသံသရာကြီး ပျောက်ဆုံးဖို့ဆိုလို့ရှိရင် ၀န်ကြီးတွေရဲ့ လစာတွေကို လျှော့ပါ။ ၀န်ကြီး ၃ ယောက်လောက်မှ ကား ၁ စီးနဲ့သွားတာမျိုး ခြိုးခြံချွေတာပေးမယ်ဆိုရင်တော့ တိုင်းပြည်က တိုးတက်လာမယ်။ အခုလည်းကြည့်လေ အောက်ခြေ၀န်ထမ်းတွေကို တိုးမယ့်လစာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုးမယ့်လစာက မိုးနဲ့မြေ ကွာနေတယ်။ အဲဒီတော့ တကယ်ပင်ပင်ပန်းပန်းလုပ်ကိုင်နေရတဲ့ အောက်ခြေ၀န်ထမ်းတွေရဲ့ဘ၀က နင်းပြားကနေ မတက်နိုင်တော့ဘဲနဲ့ အသက်ထွက်ကုန်ကြရတယ်။ “အရေးယူမှုပိုင်းမှာလည်းပဲ ဥပမာ- ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် တရာရုံးမှာ အမှုတခုရှိတယ်။ အဲဒါက နစ်နာသူက နစ်နာလို့ တွဲဘက်ခရိုင်တရားသူကြီးကို နုတ်နဲ့တိုင်တယ်။ တရားသူကြီးက အရေးမယူဘူး။ အရေးမယူတော့ အထက်တွေကို တိုင်တဲ့အခါမှာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အဆင့်က တိုင်းဦးစီးမှူးက ခေါ်စစ်တယ်။ စစ်တဲ့အခါမှာ တွဲဘက်ခရိုင်တရားသူကြီးက တိုင်ပါလျက်သားနဲ့ အရေးမယူပေးပါဘူးလို့ ပြောလျက်သားနဲ့ အဲဒီတွဲဘက်ခရိုင်တရားသူကြီးကို အရေးယူရေးကိစ္စနဲ့ပတ်သက်ပြီး တိုင်းဦးစီးမှူးက ဘာမှမလုပ်ဘူး။ နောက်ဆုံးအဖြေထုတ်တော့ လာဘ်တောင်းခံရပြီးတော့ ပြန်ရတဲ့အခါမှာလည်းပဲ ၅ သိန်းမှာ ၄ သိန်းပဲပြန်ရတယ်၊ ၁ သိန်းလျော့သွားတယ်။ ပြီးတော့ သူ့ကို ပြည်သူ့ဝန်ထမ်းမဟုတ်ဘဲနဲ့ ပြည်သူ့ဝန်ထမ်းတွေကိုသာ အရေးယူရတဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၆၄ နဲ့ တရားစွဲဆိုထားတယ်။ ဒုက္ခသည်မိန်းမက အခု တရားရင်ဆိုင်နေရတယ်။ အဲဒီတော့ စာရေးကနေတဆင့် လာဘ်တောင်းပါတယ်ဆိုတဲ့ တွဲဘက်ခရိုင်တရားသူကြီးကတော့ ပန်းပန်နေသလို အဲဒါကိုသိပါလျက်နဲ့ အရေးမယူခဲ့တဲ့ တိုင်းဦးစီးကလည်းပဲ တိုင်းပြောင်းတာကလွဲရင် ဘာမှဖြစ်မလာဘူး။ အဲဒီတော့ ဘာဖြစ်လည်းဆိုတော့ လာဘ်တောင်းခံရတဲ့လူတွေက မတိုင်ရဲကြတော့ဘူး။ မတိုင်ရဲတော့ ဒီကိစ္စတွေက အစဉ်အလာတခု၊ ဓလေ့ထုံးစံတရပ်လိုဖြစ်နေတယ်။” အကျင့်ပျက်ခြစားမှုနဲ့ဆက်နွယ်တဲ့ တရားမ၀င် သဒ္ဒါကြေး၊ ဘောက်ဆူး လုပ်သက်ဆု၊ ဆုကြေးတွေ၊ ခြောက်လှန့်တောင်းယူမှုတွေရှိတယ်။ အဲဒီအမူအကျင့်တွေက မြန်မာ့လူ့အဖွဲ့အစည်းမှာ ဘယ်လောက်တောင် အမြစ်တွယ်နေပြီလဲ။ “အဲဒါကတော့ ကုရန်ဆေးမရှိတော့တဲ့ ကပ်ရောဂါဆိုးကြီးလိုဖြစ်နေတယ် ဗမာပြည်မှာ။ ဘာဖြစ်လို့လည်းဆို ကျနော်တို့နဲ့နီးစပ်တာကို ပြောရမယ်ဆိုရင် မြို့နယ်တရားသူကြီး အများဆုံးရတာ ဒေါ်လာ ၂၀၀ လောက်ပဲရတယ်။ ရုံးသုံးပစ္စည်းတွေက သူ့အိတ်ထဲက ၀ယ်ထည့်ရတယ်။ စာရေးတွေလည်း ဒီအတိုင်းပဲ၊ ဒုက္ခ ရောက်နေတယ်။ ဒီလို ရုံးသုံးပစ္စည်းတွေကိုလည်း လောက်အောင် မပေးဘူး။ နေအိမ်ကို လုံလောက်အောင်မပေးဘူး။ ကြီးမားတဲ့ မာစတာကြီးတွေကတော့ (သိန်းလေးထောင်) (သိန်းငါးထောင်) တန်တဲ့မြေကွက်တွေကို တကွက်ပြီးတကွက် ရနေတယ်။ အလုပ်ပြုတ်သွားပြီးတော့ ထွက်လာပြန်တော့လည်းပဲ တွေ့တယ်မဟုတ်လား၊ ကြားတယ်မဟုတ်လား ၁ လကို ဒေါ်လာ ၈ သောင်းလောက်နဲ့ ငှားတဲ့ဟာတွေတောင်မှ သူတို့က ပိုင်ဆိုင်နေတယ်။ အောက်ခြေ၀န်ထမ်းတွေက ဘာမှမရှိဘူး။ ရုံးသုံးပစ္စည်းက အစမရှိဘူး။ မရှိတော့ ဒါက လိုအပ်ချက်ကို ဖြည့်ဆည်းရင်းနဲ့ နောက်ဆုံးတော့ အဂတိနယ်ပယ်ထဲမှာ သူလည်း ကျင်လည်ကျက်စားပြီး ပင်စင်နဲ့ထွက်ခွာသွားခဲ့ကြရတာပဲ။” အစိုးရ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်က ၅ ဦးစီပေါင်းစုထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဖွဲ့ပြီးဆောင်ရွက်နေတာ အဲဒီကော်မရှင်ကရော အလုပ်ဖြစ်လား။ ၆ လအတွင်း တိုင်ကြားမှု ၅၀၀ ကျော်မှာ သုံးမှုပဲ တရားစွဲတယ်မဟုတ်လား။ “အဲဒါ မဖြစ်နိုင်တဲ့ ထုတ်ပြန်ချက်ပေါ့။ အမှုပေါင်း ၅၀၀ ကျော်မှာ သုံးမှုလောက်ပဲဖြစ်တယ်ဆိုတော့ အဲဒီသုံးမှုက အောက်ခြေက အသေးအမွှားလေးတွေ။ ဥပဒေမှာ စကားပုံတခုရှိပါတယ်။ ဥပဒေဆိုတဲ့ ပင့်ကူအိမ်မှာ ကျွဲတွေ၊ နွားတွေ၊ ဆင်တွေ မမိဘဲနဲ့ ပိုးမွှားလေးတွေပဲ မိတယ်ဆိုတာလို အဲဒီကော်မရှင်ပင့်ကူအိမ်မှာမိတာ အသေးလေးတွေပဲဖြစ်မယ်။ မမိပါဘူးလို့ ပြောတာကတော့ ဆင်ကြီးတွေ၊ ဂဠုန်ကြီးတွေပဲဖြစ်လို့နေမှာပါ။ အဲဒီလိုလုပ်နေသရွေ့ ဘယ်တော့မှ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု ကပ်ဆိုးကို မတိုက်ဖျက်နိုင်ဘူး။” မုတ္တမပင်လယ်ကွေ့ဘက်မှာ ဆီတင်သင်္ဘောဖမ်းမိတာ တရားမ၀င်တွေ တွေ့တယ်၊ မပေါ်ဘူး။ သထုံမှာ ကျပ်သိန်းလေးထောင်ဖို့ မူးယစ်းဆေးဝါးမိတယ် မပေါ်ဘူး။ ရာဇ၀တ်မှုသေးလေးတွေ ဖမ်းမိတာတွေတော့မြင်ရတယ်။  လူထုအကြားမှာ ဖြစ်ပျက်နေတာနဲ့ ချိန်ထိုးပြပါလား။ “ဟုတ်ကဲ့။ ကျနော်ကိုယ်တိုင် မူးယစ်ဆေးဝါးအမှု ၂ မှု၊ ၃ မှုလောက် ၀င်လိုက်လိုက်တော့မှ တကယ်ကျူးလွန်တဲ့သူတွေက ဖမ်းဆီးတဲ့သူတွေကို သိန်း ၂၀၀၀ အထိ လာဘ်ထိုးပြီးတော့ လွတ်မြောက်သွားကြတယ်။ ဖမ်းမိပြီးတော့ အချုပ်ထဲရောက်တယ်၊ ထောင်ထဲရောက်တယ်၊ ပြန်လွတ်သွားကြတယ်။ အဲဒီမှာ ဘာမှမဆိုင်တဲ့လူက တရားခံဖြစ်ရလို့ တရားခံရဲ့ မိန်းမက တိုင်တယ်။ တိုင်လည်း မူးယစ်ဆေးဝါးဖမ်းဆီးရေးအဖွဲ့က ရဲအုပ်ဝင်းနိုင်က ဘာမှမဖြစ်ဘူး။ အရေးယူမခံရဘူး။ အခု မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ တင်သွင်းထားတဲ့အမှုတွေ တော်တော်များများက တကယ့်တရားခံကြီးတွေမဟုတ်ဘူး။ တကယ့်တရားခံကြီးတွေအားလုံးလိုလိုက လွတ်နေတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင်လည်း ထိန်းချုပ်ရခက်နေတယ်၊ အားနည်းနေတယ်ဆိုတာက ကျပ် သိန်းထောင်နဲ့ချီပြီးတော့ လာဘ်စားမှုတွေကြောင့်ဖြစ်နေတယ်။  အရေးမယူဘူး။ အဲဒါက ရန်ကုန်အရှေ့ပိုင်းခရိုင်မှာ တင်ထားတယ် အမှုက။” အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဥပဒေကြီးရှိနေလျက်သားနဲ့ အခုလို မအောင်မမြင်ဖြစ်တာက ဒီဥပဒေကို ဥပဒေဘက်တော်သားတွေက အကောင်အထည်မဖော်လို့လား။ ဥပဒေအတိုင်းလုပ်ရင် တကယ်လုပ်ရကိုင်ရမှာ ခက်နေလို့လား။ “ဥပဒေအတိုင်း တကယ်မသက်မညှာ မျက်နှာမထောက်ပဲနဲ့ လုပ်ရမယ်ဆိုရင်။ မျက်နှာနာစရာကျေးဇူးရှင်တွေဖြစ်နေတော့ အရေးမယူနိုင်တဲ့သဘောလည်းဖြစ်တယ်။ နောက်တချက်က ကိုယ်က သွားစစ်ရမယ့်သူက ကိုယ့်ထက် (၁၂) ဆလောက် ရာထူးမြင့်တဲ့သူ ဖြစ်နေတယ်။ နောက်တချက်က ဒါကြီးက ကုန်ဈေးနှုန်းမတည်ငြိမ်မှုနဲ့ အခြေခံဝန်ထမ်းငယ်လေးတွေ၊ ၀န်ထမ်းလောကမှာ လုံလောက်တဲ့လစာ မရရှိမှုကလည်း ဆက်လက်ဖြစ်ထွန်းနေတဲ့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဟာ ဘယ်လိုမှ မလုပ်နိုင်ဘူး။ “လုပ်မယ်ဆိုရင် တခြားကိစ္စတွေမှာ တရုတ်ပြည်ကို စံနမူနာ လက်ညှိုးထိုးပြသလို ကျနော်တို့ မြန်မာနိုင်ငံမှာလည်းပဲ ထိပ်တန်းရာထူးကြီးတွေနဲ့ ၀န်ကြီးတွေ၊ ဥပမာ- ဗိုလ်ခင်ညွန့်တို့လို ပုဂ္ဂိုလ်မျိုးတွေကို တရုတ်မှာ အရေးယူသလို သေဒဏ်ပေးလိုက်ပေါ့။ ခုတော့ ထောင်လေး ခနချ၊ ပြီးတော့အပြင်မှာ ပြန်ထား။ အဂတိလိုက်စားမှု ညိစွန်းတာမှန်ရင် သေဒဏ်ပေးပေါ့။ တရုတ်ကို လက်ညှိုးထိုးပြီးတော့ စံနမူနာပြတယ်ဆိုရင် တရုတ်ကလုပ်တဲ့ အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး သေဒဏ်ပေးသလို ပေးဖို့လိုတယ်။ ဗိုလ်ခင်ညွန့်တို့အမှုကို ပြန်စစ်ဆေးပြီး သေဒဏ်ပေးသင့်တယ်။” လက်ရှိကော်မရှင်ကို အသစ်ပြင်ဆင်ဖွဲ့ဆောင်ရွက်မယ်ဆိုရင် ကော်မရှင်မှာ ဘယ်သူတွေ ပါသင့်လဲ။ “လွတ်လပ်တဲ့အဖွဲ့ဝင်တွေဖြစ်သင့်တယ်။ ဘာဖြစ်လို့လဲဆိုရင် အဲဒီလူတွေဟာ ၀န်ထမ်းရာထူး မထမ်းဆောင်ဖူးတဲ့ ပြင်ပက ၀ါရင့်ရှေ့နေတွေ၊ ဒီဥပဒေပိုင်းနဲ့ပတ်သက်လို့ ထဲထဲဝင်ဝင် ဆောင်ရွက်ဖူးတဲ့ ရှေ့နေတွေနဲ့လုပ်ဖို့လိုတယ်။ နောက်တချက်က ကော်မရှင်မှာပါတဲ့ သူတွေရဲ့ပိုင်ဆိုင်မှုတွေကိုလည်း  အရင်ဆုံးပြည်သူတွေသိအောင် ထုတ်ပြပြီးတော့ လုပ်ဖို့လိုတယ်။ ကော်မရှင်မှာပါတဲ့သူတွေက ရာထူးတာဝန်မှာ ရှိနေစဉ်တုန်းက သူတို့ ဘယ်လောက်တောင်မှ ပြည်သူ့ဘဏ္ဍာတွေယူထားသလဲ၊ ပိုင်ဆိုင်မှုတွေ ယူထားသလဲ၊ မြေကွက်တွေယူပြီးတော့ ဘာတွေကို ရောင်းစားပြီးတော့ အရင်းနှီးလုပ်ထားသလဲ။ အဲဒါမျိုးတွေ လုပ်ထား၊ မထား။ ရှိ၊ မရှိ ပြည်သူက သိအောင် အရင်ဆုံး ထုတ်ဖော်ပြသပေးရင် ပိုကောင်းမယ်။” ၂၀၁၃ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်းစဉ်က မဲခွဲရာမှာ ပွတ်ကာသီကာနိုင်ခဲ့တယ်။ လက်ရှိအစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ကြေညာသင့်ဆိုတာ တင်ပြခဲ့တာ ကန့်ကွက်ခံရတယ်။ ဒီတော့ ဒီဥပဒေအရ တိုက်ဖျက်ရေးက လွယ်ပါ့မလား။ “ဘယ်လိုမှ မလွယ်နိုင်ဘူး။ ဘယ်လိုမှ မလွယ်နိုင်ဘူးဆိုတာက လက်ရှိဝန်ကြီးတွေရဲ့ ပိုင်ဆိုင်မှုကို ပြကို ပြရမယ်။ တရုတ်ပြည်မှာတောင်မှ ပြနေပြီဗျာ။ တရုတ်ကို ကျေးဇူးရှိပါတယ်။ ကြောက်ရပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက ဒီကိစ္စကျတော့ ရှောင်လွဲသွားကြတယ်။ တရုတ်ပြည်က သေဒဏ်ပေးတာတွေ ဖြစ်လာတယ်။ မသက်မညှာလုပ်လာတယ်၊ ဒါ ဘောင်ကျကျပဲ။ ကျနော်တို့ဆီမှာ အဲဒါမျိုးမဟုတ်ဘူး။ ဘာမဟုတ်တဲ့ မြို့နယ်တရားသူကြီးလေး ထောင်ချတာကျတော့ (၁၀) နှစ်လောက်ချတယ်။ စားတာကလည်း ဘာမှမရှိပါဘူး။ (လေး - ငါး - ဆယ် သိန်း) ကိစ္စ။ ဒီထက်မက စားနေတဲ့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ အပေါင်းပါ ထောက်လှမ်းရေးတွေ ကျတော့ နှစ်ပေါင်း (၁၀၀) တို့၊ (၉၀) တို့၊ (၈၀) တို့ ချပြီး အခု ဘာဖြစ်သွားလဲ။ ပြန်လွတ်သွားတယ်။ သူတို့ ပိုင်ဆိုင်မှုတွေကတော့ ဆက်လက်တည်မြဲနေတယ်။ အဲဒီတော့ သူတို့အတွက် ဘာမှ မထူးဘူး။ ထောင်ထဲမှာလည်း သူတို့က တလကို (၅) သိန်းလောက် သုံးနိုင်တယ်။ ကျန်တဲ့အကျဉ်းသားက မသုံးနိုင်ဘူးဗျ။” အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်တာ ၅၃၀ ကျော်တဲ့အနက် ၃ မှုကို တရားစွဲမယ်ဆိုတော့ ကျန်တဲ့တိုင်ကြားချက်တွေက ဘာတွေဖြစ်မလဲ အများပြည်သူသိခွင့်မရှိဘူးလား။ “ကျနော်တို့ရဲ့ဒီမိုကရေစီသမ္မတကြီး ဦးသိန်းစိန်က ပွင့်လင်းမြင်သာမှု ရှိအောင်လုပ်ရမယ်လို့ ပြောထားတာပဲ။ အဲဒီတော့ သမ္မတကြီး ပြောထားတဲ့စကားကို အသက်ပါပါလည်း လိုက်နာသောအားဖြင့် ပြည်သူလူထုကို အဲဒီ တိုင်စာပေါင်း ငါးရာကို စာအုပ်ချုပ်ပြီး ချရောင်းလိုက်ပါ။ ပြည်သူက အုပ်ရေ ၁ သန်းလောက် ၀ယ်မှာပါ။ အဲဒါဆို ပြည်သူက သိသွားမယ်။ သို့မဟုတ် သတင်းစာထဲမှာ ထည့်ပေးပါ။ အဲဒီအခါကျတော့ ပြင်ပက လွတ်လပ်တဲ့ ရှေ့နေတွေကလည်း ၀ိုင်းဝန်းပြီးတော့ ထောက်ပြမှာပေါ့။ အဲဒီတော့ ပြန်စစ်ပါ။ ဘယ်ဟာက ဘယ်လိုပါ ပြောမှာပေါ့။ အခုတော့ အဲဒီတိုင်စာတွေက သိုက်စာလို သိမ်းထားမယ်ဆိုရင်တော့ ဘယ်ဖြစ်မတုန်း။ ပွင့်လင်းမြင်သာမှုရှိဖို့ ကျနော်တို့ရဲ့သမ္မတကြီး ဦးသိန်းစိန်က လမ်းညွှန်ထားတယ်လေ။ သမ္မတကြီးကို အမှန်တကယ် ရိုသေးလေးစားလိုက်နယ်တယ်ဆိုရင် သမ္မတကြီးစကားကို မြေ၀ယ်မကျ နားထောင်ပြီးတော့ သတင်းစာထဲမှာ တိုင်စာ (၅၀၀) ကို ထည့်လိုက်ပါ။ သို့မဟုတ် စာအုပ်ထုတ်ရောင်းလိုက်ပါ။ တိုင်းပြည်လည်း ဘဏ္ဍာတိုးမယ်။ ပြည်သူလူထုလည်း လေ့လာနိုင်မယ်။” မေလက ကုလသမဂ္ဂက ကောက်ယူတဲ့ စစ်တမ်းမှာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းအတွက် အကျင့်ပျက်ခြစားမှုဟာ ကြီးမားဆုံးအနှောင့်အယှက်ဖြစ်တယ်၊ ဒုတိယက ကျွမ်းကျင်လုပ်သားရှားပါးမှုနဲ့ နည်းပညာလိုအပ်ချက်ဖြစ်တယ်လို့ဖော်ပြတယ်။ ၇ လတာအတွင်း အစိုးရပိုင်းက ဒီစစ်တမ်းနဲ့ပတ်သက်လို့ ဘယ်လောက်အလေးထားတာ တွေ့ရလဲ။ “ကြားသိချက်အရဆိုရင် ကုလသမဂ္ဂကလုပ်တဲ့ စစ်တမ်းနဲ့ပတ်သက်လို့ ဘာမှလုပ်တာ မရှိပါဘူး။ နေမြဲ၊ စားမြဲ၊ တောင်းမြဲ၊ ရမ်းမြဲပဲ။ လုပ်ရမှာက ကျနော်တို့ ခုနက ပြောသလို သမ္မတကြီးကနေ အောက်ခြေအထိ သူတို့ပိုင်ဆိုင်မှုကို သက်ဆိုင်ရာဌာနအလိုက် သတင်းထုတ်ပြန်ပေးဖို့လိုတယ်။ အဲဒါမှလည်း ဖြစ်မှာ။ မဟုတ်ရင် ကြီးပွားရင်း ကြီးပွားဖြစ်နေတာကိုး စံပြနမူနာတွေဖြစ်နေတယ်။” ဒါဆိုရင် ဥပဒေမှာ အစိုးရအဖွဲ့ဝင်တွေ နိုင်ငံရေးသမားတွေစသဖြင့် ပိုင်ဆိုင်မှုဖော်ပြကြဖို့ ထပ်ဖြည့်ပြီး ပြင်ရမယ့်သဘောဖြစ်နေတာလား “ကျနော်တို့ရဲ့လွှတ်တော်က ခက်နေတာဗျ။ ဒီသက်တမ်းက အရည်အချင်းပိုမိုပြည့်ဝတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပိုမိုပြည့်ဝလာမှပဲ ဖြစ်တော့မယ်။ ဘာဖြစ်လို့လည်းဆိုရင် အခု ကျနော်တို့ဆီမှာ ဖြစ်နေတဲ့ ဥစ္စာက လွှတ်တော်မှာ ဥပဒေထုတ်လိုက်၊ ဘာမှ မကြာဘူး ပြန်ပြင်ရပြန်ပြီ ဒီဥပဒေလည်း ပြန်ပြင်ရဦးမှာပဲ။" အဂတိလိုက်စားမှုလျော့ပါးရေးမှတဆင့် ကင်းစင်ပပျောက်ရေးအတွက် အန်ကယ့်အမြင်။ “အဂတိမလိုက်စားအောင် အောက်ခြေ၀န်ထမ်းတွေကို လစာကိုတိုးပြီးတော့ ကုန်ဈေးနှုန်းကို တည်ငြိမ်အောင် ဖဆပလ ဒီမိုကရေစီအစိုးရလုပ်သလို လုပ်ထားနိုင်မှ ရမယ်။ ဟိုတုန်းက ဖဆပလ ဒီမိုကရေစီအစိုးရလက်ထက်တုန်းက လဲလှယ်ခွင့်ရှိကြောင်းအာမခံတဲ့ (စံလင်း၊ မောင်ကောင်း) (ငွေစက္ကူပေါ်တွင် လဲလှယ်နိုင်ကြောင်း အာမခံချက်လက်မှတ်) ငွေစက္ကူမျိုးကို ထုတ်နိုင်မှဖြစ်မယ်။ အခုထုတ်သုံးနေတဲ့ ပိုက်ဆံတွေက လဲလှယ်ခွင့်ရှိကြောင်း အာမခံတယ်ဆိုတဲ့ စာသားတွေ မပါထားတော့ ကုန်ဈေးနှုန်းကလည်း သူတက်ချင်သလိုထုတ်နေတယ်။ ငွေစက္ကူကလည်း သူထုတ်ချင်သလို ထုတ်နေတယ်။ “ဥပမာဆိုပါစို့။ ၅၀၀ တန်ဆိုလည်း ၂ မျိုး၊ ၂၀၀ တန် ၂ မျိုး၊ ၁၀၀၀၀ တန် နှစ်မျိုး။ ၅၀၀၀ တန် ၂ မျိုးနဲ့ ၂ မျိုး ၂ ဖုံ ဖြစ်နေတော့ နောက်ထပ် ၂ ဘ၀လောက်တော့ ခံရဦးမယ်ဆိုတဲ့ အတိတ်နိမိတ်လိုဖြစ်နေတယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up