A d v e r t i s e m e n t With Us

၁၂ ပွင့်ဆိုင်ဆွေးနွေး​ရေးအဆို ရန်ကုန်တိုင်းလွှတ်တော်တွင် အတည်ပြု

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ၆ ပွင့်ဆိုင်အစား ၁၂ ပွင့်ဆိုင်တွေ့ဆုံဖို့ အရေးအကြီး အဆိုကို ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ လျှို့ဝှက်မဲပေး စနစ်နဲ့ ဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၉၉ ကန့်ကွက် ၉ မဲနဲ့ အဆိုကို အတည်ပြုလိုက်ပါတယ်။ YGN Parliment Start 22082014(2 တိုင်းရင်းသား ပင်မမျိုးနွယ်စုကြီး ၇ မျိုး ပါဝင်စေမယ့် ခေါင်းဆောင် ၁၂ ဦး ဆွေးနွေးဖို့ တိုင်းဒေသကြီး အစိုးရက တဆင့် ပြည်ထောင်စုအစိုးရဆီတင်ပြပေးဖို့ ကရင်တိုင်းရင်းသား လွှတ်​တော်ကိုယ်စားလှယ် ဦးစောထွန်းအောင်မြင့်က မ​နေ့က လွှတ်​တော်ကိုအရေးကြီးအဆို တင်သွင်းခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ လွှတ်​တော်ကိုယ်စားလှယ် ၁၄ ဦးက​ဆွေး​နွေးခဲ့တာပါ။ ဒီလိုဆွေးနွေးပြီး ​လွှတ်​တော်အဆုံးအဖြတ်ယူဖို့အတွက် လျှို့ဝှက်မဲ​ပေးစနစ်နဲ့ ​မဲခွဲဆုံးဖြတ်ပြီး ​အခုလို အတည်ပြုခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင် နယ်စပ်​ရေးရာနှင့် လုံခြုံ​ရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက “နိုင်ငံ​တော်ကြီးရဲ့ အသက်​သွေး​ကြောဖြစ်တဲ့ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ ပြင်ဆင်​ရေးအတွက်​ဆွေး​နွေးတဲ့အခါမှာ ဒီ ၆ ပွင့်ဆိုင်​ ဆွေး​နွေးရုံ တိုင်းရင်းသားကိုယ်စားလှယ် တဦးတည်းဖြင့်​ဆွေး​နွေးရုံနဲ့ မလုံ​လောက်ပဲ ကျန်တိုင်းရင်းသားများဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း ထည့်သွင်း​ဆွေး​နွေးမှသာ ပိုမိုပြည့်စုံတဲ့​ဆွေး​နွေးချက်ဖြစ်မယ်လို့ ကျ​နော်အ​နေနဲ့ယူဆပါတယ်” လို့​ပြောပါတယ်။ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်း စုကြည်၊ လွှတ်တော် အ ကြီး အကဲ ၂ ယောက်နဲ့ တိုင်းရင်းသားကိုယ်စား လှယ် တဦးစုစုပေါင်း ၆ ပွင့်ဆိုင် ဆွေးနွေးဖို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ထားတာဖြစ်ပြီး ရန်ကုန်တိုင်း လွှတ်တော်က တိုင်းရင်းသားကိုယ်စားလှယ်နေရာမှာ တိုင်းရင်းသားမျိုးနွယ်စုကြီး ၇ မျိုးကိုထပ် ပေါင်းထည့်ပြီး စုစုပေါင်း ၁၂ ပွင့်ဆိုင်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တာပါ။ ရန်ကုန်တိုင်းလွှတ်တော်မှာ ဒီအဆိုကို တင်သွင်းခဲ့တဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်း အောင်မြင့်ကတော့ “ဒီဟာက ပြည်တော်စုလွတ်တော်ကို ကျနော်တို့က ကန့်ကွက် တာမဟုတ်ဘူးနော်။ ကျနော်တို့က ဖြည့်စွက်အကြံပြုတာဖြစ်ပါတယ်”လို့ ပြောပါတယ်။ နှစ်ယောက်ပေါင်းစဉ်စားချက်ဟာ တယောက်ထက် ပိုမိုကောင်းမွန်တယ်ဆိုတဲ့ စကားပုံရှိသလို သူ့အနေနဲ့အကြုံပြုတာသာဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ သုံးသပ်ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့လည်း ဦးစောထွန်းအောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။ ရန်ကုန်တိုင်းလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ပြည်ထောင်စုလွှတ်တော်ကို ဆက်လက် တင်ပြသွားဖို့ရှိနေတာ ဖြစ်ပါတယ်။ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းကတော့ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး အတွက်​တွေ့ဆုံ​ဆွေး​နွေးမှုကို ၆ ပွင့်ဆိုင်နဲ့ပဲ စတင်သင့်တယ်လို့ ပြောပါတယ်။ “၆ ပွင့်ဆိုင်နဲ့ အရင်စပြီး​တော့ အစည်းအ​ဝေးကို တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်​လောက်ပြီးသွားတာနဲ့ တပြိုင်နက်တည်း ကျမတို့က ၁၂ ပွင့်ဆိုင်လည်းလုပ်လို့ရ တယ်။ ၁၅ ပွင့်ဆိုင်လည်းလုပ်လို့ရတယ်။ နိုင်ငံ​ရေးပါတီအစုံကလည်း ဝင်လို့ရတယ်။ ၆ ပွင့်ဆိုင်က အစပဲရှိ​သေးတယ်။ ၆ ပွင့်ဆိုင်က အဆုံးမဟုတ်ဘူး။ ဒါကြောင့်မို့ ကျမက ၆ ပွင့်ဆိုင်ကိုပဲ ဦးတည်ပြီး တစိုက်မတ်မတ် အ​ကောင်အထည်​ဖော်ဖို့​ပြောတာ။” ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို ဆောလျင်စွာ ပြုလုပ်ရေး နိုဝင်ဘာ ၂၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up