DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကမ္ဘာ့ဘဏ် ဒေါ်လာသန်း ၁၀၀ ကူညီမည်
DVB
·
December 10, 2014
ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကမ္ဘာ့ဘဏ် ဒေါ်လာသန်း ၁၀၀ ကူညီမည်
Donate to DVB

မြန်မာနိုင်ငံရဲ့ ရေအရင်းအမြစ်တွေအပါအ၀င် ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်ကနေပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေ ထုတ်ပေးဖို့ ဒီဇင်ဘာ ၉ ရက်နေ့က အတည်ပြုလိုက်ပါတယ်။

irrawaddy-riverကမ္ဘာ့ဘဏ်ရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအသင်းရန်ပုံငွေကနေ ဒီငွေကို ထုတ်ချေးပေးမှာ ဖြစ်ပြီး ရေအရင်းအမြစ်၊ မြစ်ကြောင်း သွားလာရေးနဲ့ မြစ်ကြောင်းတလျှောက် နေထိုင်သူတွေ အကျိုးရှိဖို့အတွက် ကူညီတာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်မြန်မာရုံးခွဲရဲ့ ဆက်သွယ်ရေး တာဝန်ခံ ဦးကျော်စိုးလင်းက ဒီဗွီဘီကို ပြောပါတယ်။

“ဒီစီမံကိန်းမှာပါတဲ့ အစိတ်အပိုင်းတွေကတော့ ရေကြောင်းသွားလာမှု ပိုပြီး ကောင်းမွန်အောင် ဆောင်ရွက်ဖို့ ရှိတယ်။ အဲဒါက ဒီမြစ်ကြောင်းမှာ မြစ်ရေနုန်းပို့ချမှုတွေ များတဲ့အတွက် အခက်အခဲဖြစ်တော့ ဘယ်လို ဖြေရှင်းမလဲပေါ့။ နောက်ရေကြောင်း မောင်းနှင်သွားတဲ့အခါမှာ လမ်းညွှန်အမှတ်အသားတွေကို တပ်ဆင်ဖို့။ စနစ်တကျ လေ့လာပြီး မြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းတွေလုပ်ဖို့။ နောက်တခုကတော့ မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒဌာနတွေ မိုးလေ၀သ ခန့်မှန်းတဲ့အခါမှာ သတိပေးတဲ့စနစ်တွေ လုပ်တဲ့အခါမှာ ပိုမိုပြီးတော့ ခေတ်မီ တိကျအောင်လို့ စက်ပစ္စည်းကိရိယာတွေ ပံ့ပိုးမယ်။ အဲဒီမှာရှိတဲ့ ၀န်ထမ်းတွေ အရည်အသွေး မြှင့်တင်အောင် သင်တန်းတွေပေးမယ်။ နောက်တခုကကျတော့ မြစ်ကြောင်းတလျှောက်မှာရှိတဲ့ လယ်ယာစိုက်ပျိုးရေးအတွက် ရေရရှိရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”
ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ဒီစီမံကိန်းဟာ လယ်ယာစိုက်ပျိုးရေးလို ရေရရှိရေးအပေါ်မှီခိုအသက်မွေးဝမ်းကြောင်းနေရတဲ့ သန်းနဲ့ချီတဲ့ အခြေခံလူတန်းစားတွေ အကျိုးရှိစေဖို့ ဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် မိုးခေါင်ရေရှားမှု၊ ရေလွှမ်းမိုးမှုနဲ့ မုန်တိုင်းအန္တရာယ်တွေ ကျရောက်လေ့ရှိတဲ့ ဒေသမှာ နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ဘ၀နဲ့သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်သလို ဧရာဝတီမြစ် ရေရှည်တည်တံ့ရေး ထိန်းသိမ်းဆောင်ရွက်မှု လုပ်ငန်းတွေမှာလည်း ကူညီဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အဗဒူလာရေဆက်က “ဒီစီမံကိန်းက လယ်ယာထွက်ကုန်တွေနဲ့ ၀င်ငွေတွေကို တိုးတက်ထုတ်လုပ်နိုင်အောင် ကူညီဆောင်ရွက်နိုင်မှာ ဖြစ်လို့ မြစ်ကြောင်းတလျှောက် နေထိုင်တဲ့ ပြည်သူတွေရဲ့ လူမှုစီးပွား ဘ၀တွေကို သိသိသာသာတိုးတက်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ကြေညာချက်မှာ ပြောပါတယ်။

ဒီချေးငွေပေးဖို့ ကမ္ဘာ့ဘဏ်ရဲ့ အမှုဆောင် ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေ ၀ါရှင်တန်ဒီစီမြို့မှာ ဒီဇင်ဘာ ၉ ရက်နေ့က ပြုလုပ်တဲ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး နောက်တဆင့်အနေနဲ့ကတော့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ လက်မှတ်ရေးထိုးဖို့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013