မုန်းတီးမှု၊ အကြမ်းဖက်မှု လှုံ့ဆော်တာကို အစိုးရအရေးယူမှု အားနည်း – ဦးအောင်မျိုးမင်း

ဦးအောင်မျိုးမင်း
“လူသားအားလုံးရဲ့ မွေးရာပါဂုဏ်သိက္ခာနဲ့ တန်းတူညီမျှရှိပြီး ခွဲခြားဖယ်ထုတ်လို့ မရတဲ့ အခွင့်အရေးတွေကို အသိအမှတ်ပြုတာဟာ ဒီကမ္ဘာပေါ်မှာ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုတို့အတွက် အခြေခံအုတ်မြစ် ဖြစ်တယ်”လို့ အစချီထားတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ပေါ်ပေါက်ခဲ့တာ ဒီကနေ့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ၆၆ နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးလုပ်ငန်းတွေ ၀င်ရောက် ဆောင်ရွက်နေတဲ့ ညီမျှခြင်း (မြန်မာ) အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက လက်ရှိ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေဟာ စိုးရိမ်ရဆဲ ဖြစ်ပြီး အထူးသဖြင့် လာမယ့် ရွေးကောက်ပွဲအတွက်ဆိုရင် အရမ်းကို စိုးရိမ်စရာကောင်းတဲ့အရာ ဖြစ်တယ်လို့ သတိပေး ပြောကြားပါတယ်။ ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ညီမျှခြင်း (မြန်မာ) အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ လူ့အခွင့်အရေး ရေချိန်ကို ပကတိအခြေအနေအတိုင်း မြင်အောင် သုံးသပ် ပြပါလား။ [caption id="attachment_68241" align="alignright" width="401"]ဦးအောင်မျိုးမင်း ဦးအောင်မျိုးမင်း[/caption] “ပထမဦးဆုံး ပြောမယ်ဆိုရင်တော့ လူ့အခွင့်အရေးအခြေအနေက အရင် အဆိုးလက္ခဏာ ဆောင်တဲ့နေရာကနေ နည်းနည်းလေး အဆိုးလေး လျော့လာတဲ့သဘောမျိုးပဲရှိပြီးတော့ အပေါင်းလက္ခဏာကို ရောက်ဖို့အတွက် အများကြီး လိုအပ်နေတယ်ဆိုတာ တွေ့ရပါတယ်။ တချို့လူတွေကတော့ အခုလိုမျိုး စီတန်းလှည့်လည်မှုတွေ၊ ဆန္ဒပြမှုတွေ နေ့တိုင်းလုပ်နေတာပဲ၊ ဒါ တိုးတက်မှု မဟုတ်လားလို့ ပြောပေမယ့် ကျနော်တို့ အဓိကလိုချင်တဲ့အချက်က ဆန္ဒပြထုတ်ဖော်ခွင့်တင်မကဘဲနဲ့ ကျနော်တို့ တင်ပြတဲ့ အချက်တွေကို အစိုးရက အရေးတယူ ဆောင်ရွက်ပြီးတော့ ဖြေရှင်းပေးသော လုပ်ငန်းတွေ အဲဒါတွေ လိုချင်ပါတယ်။ အဲဒီအပိုင်းတွေမှာ ခုချိန်ထိ အားနည်းမှုတွေ ဖြစ်နေကြတယ်။ “အဲဒီတော့ ဆန္ဒပြတဲ့သူတွေက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကြောင့် အရေးယူတာရှိပြီးတော့ ဆန္ဒပြရတဲ့အကြောင်းရင်းတွေကို ဖော်ထုတ်ပြီးတော့ အကောင်းဆုံးဖြစ်အောင် ဖြေရှင်းမှုပိုင်းမှာ အားနည်းနေတယ်။ အဲဒီတော့ တဖက်မှာ တရားဥပဒေစိုးမိုးရေးက အားနည်းနေသလို တရားစီရင်ရေးမှာလည်း အားနည်း နေတယ်။ နောက်တခါ ချိုးဖောက်ခံရတဲ့သူတွေရဲ့ အပေါ်မှာ ကုစားမှုအပိုင်းတွေမှာ အားနည်းနေတာ ရှိပါတယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ပိုပြီးတော့ ဆိုးဆိုးဝါးဝါး ဖြစ်နေတာ တွေ့ရတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ပြောနေပေမယ့် တကယ်တမ်း လက်နက်ကိုင်တိုက်ပွဲတွေက မငြိမ်းသေးဘူး။ အကျိုးဆက်ကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ တိုင်းရင်းသားပြည်သူတွေဟာ ပိုများလာတယ်။ ခံရတဲ့သူတွေပေါ်မှာ တရားဥပဒေအရ ကူညီပေးတာမျိုး မရှိဘဲနဲ့ အမှုမှန်တွေကို စုံစမ်းစစ်ဆေးမှု ကြန့်ကြာတာတွေ၊ သွားပြီးတော့ တိုင်တဲ့သူအပေါ် ပြန်ပြီး အရေးယူခံရတာတွေ အဲဒီအစဉ်အလာတွေက မပျောက်ကွယ်သေးပါဘူး။” လွန်ခဲ့တဲ့ ၂ နှစ်ကျော် ၃ နှစ်လောက်က ဖြစ်ခဲ့တဲ့ အမုန်းစကား ပြောဆိုမှု အမုန်းတရား ဖြန့်ဝေမှုအခြေအနေတွေနဲ့ အဲဒီအပေါ်မှာ အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်မှုကို သုံးသပ်ပြပါ။ ဘာတွေလုပ်ဖို့ လိုသေးလဲ။ ပြည်စုံပြီလား။ “ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကော၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကော ဒါကို အတိအလင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ ပြန်ပြီးတော့ ကန့်သတ်ထားတဲ့အချိန်မှာ လူမျိုးတမျိုး၊ ဘာသာတခုပေါ်မှာ အမုန်းတရားတွေ ဒါမှမဟုတ် ထိခိုက်အောင် ပြောဆိုခြင်းကိုတော့ လုပ်ခွင့် မရှိဘူးလို့ အတိအလင်း ဖော်ပြထားပေမယ့် တကယ်တမ်း ဒါမျိုးကိစ္စတွေ လှုံ့ဆော်ပြောဆိုမှုတွေ၊ တယောက်နဲ့ တယောက်၊ ဘာသာတခုနဲ့ တခု လူမျိုး တယောက်နဲ့ တယောက် မုန်းတီးမှု ဖြစ်အောင်၊ အကြမ်းဖက်မှု ဖြစ်အောင် လှုံ့ဆော်တဲ့အပိုင်းကို အစိုးရပိုင်းက အရေးယူမှု အားနည်းနေတာ တွေ့ရပါတယ်။ အဲဒီတော့ ဒီဟာက အစိုးရက လုပ်သင့်လုပ်ထိုက်သော ကာကွယ်မှုအပိုင်းကို မလုပ်ဆောင်တာ ဖြစ်တယ်။ အဲဒီလို မလုပ်ဆောင်ခြင်းကြောင့်မို့လို့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေက ပိုမိုပြီးတော့ ကြီးထွားလာတယ်။ မုန်းတီးမှုတွေ ပိုမိုဖြစ်ပေါ်လာတယ်။ “အဲဒီတော့ အနာက သေးနေတဲ့အချိန်မှာ ကုသပေးတာမျိုး မဟုတ်ဘဲနဲ့ ဒီအနာကို ပိုမို ကြီးထွားအောင် လုပ်ဆောင်နေတဲ့ အချိန်မျိုးများ လုပ်နေလား၊ ဒီထက် ပိုမိုပြီးတော့ ကြီးထွားလာအောင်များ တမင်သက်သက် စောင့်ကြပ်နေလားဆိုတဲ့ အချက်တွေက ကျနော်တို့ သံသယဖြစ်စရာ ရှိနေပါတယ်။ အထူးသဖြင့် လာမယ့်ရွေးကောက်ပွဲအတွက်ဆိုရင် အရမ်းကို စိုးရိမ်စရာကောင်းတဲ့အရာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကနေ ဒီရွေးကောက်ပွဲ စည်းရုံးရေးကာလအတွင်းမှာ လူမျိုးရေး၊ ဘာသာရေးကို တိုက်ခိုက်မှုတွေ ရှိလာလို့ရှိရင်တော့ သူတို့က တားဆီးမှာ မဟုတ်ဘူး၊ တိုင်ကြားမှသာ လုပ်ဆောင်မယ်ဆိုတာ ဒါမျိုးတွေနဲ့ ပတ်သက်ပြီးတော့ တမင်သက်သက်များ အရေးယူ သင့်လျက်သားနဲ့ အရေးမယူဘဲနဲ့ လွှတ်ပေးနေလားဆိုတဲ့အချက်တွေ ကျနော်တို့ တွေ့နေရတယ်။ အဲဒီတော့ ဘာသာတခုပေါ်မှာ ဘယ်သူပဲ ကျူးလွန်ကျူးလွန်၊ ဘယ်သူကပဲ စော်ကား စော်ကား ဒါကိုက အမုန်းတရား ဖြစ်အောင် လုပ်ဆောင်တဲ့အတွက် လုပ်သင့်တာ မဟုတ်ပါဘူး။ လူ့အခွင့်အရေးနဲ့လည်း မကိုက်ညီပါဘူး။ အဲဒီလိုမျိုးဟာတွေကို အရေးယူဖို့ လိုအပ်တယ်။ အဲဒီတော့ ဘာသာတခုပေါ်မှာ တယောက်က စော်ကားရင် စော်ကားတဲ့သူက ဘယ်သူပဲဖြစ်ဖြစ် အရေးယူတဲ့ကိစ္စတွေ၊ ဒါမျိုးဖြစ်လာမယ့် အကြမ်းဖက်မှုတွေ တားဆီးဖို့ အပိုင်းတွေမှာ အရမ်းကို အားနည်းနေတာ လက်ရှိ အစိုးရရဲ့ အခြေအနေပါပဲ။” အစိုးရက အမျိုးသားအဆင့် လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့ပြီးတော့ လွန်ခဲ့နှစ်ပိုင်းတွေ ကတည်းက လှုပ်ရှား ဆောင်ရွက်နေပါတယ်။ အဲဒီအဖွဲ့ပေါ်လာတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဘာအားသာချက်တွေ တွေ့ရလဲ၊ ဘာတွေ ထပ်မံ ဖြည့်ဆည်း လုပ်ဆောင်ဖို့ လိုသေးလဲ။ “တိုင်ကြားစရာ မရှိတဲ့ ပြည်သူလူထုကြားထဲမှာတော့ တိုင်ကြားစရာတခု ဖြစ်လာတယ် ဆိုတာတော့ ကျနော်တို့ အားရစရာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလိုမျိုးအဖွဲ့ ရှိလို့ရှိမှန်းတောင် နိုင်ငံသား တော်တော်များများက မသိတဲ့အခြေအနေမျိုး ဖြစ်နေတယ်။ နောက်တခုက အဲဒီ တိုင်ကြားမှုတွေနဲ့ ပတ်သက်ပြီးတော့ အရေးယူစုံစမ်းမယ့်သူတွေပေါ်မှာ လွတ်လပ်မှု၊ လုပ်ပိုင်ခွင့်ရှိမှုကို သံသယတွေ ရှိလာတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလိုရွေးချယ်တဲ့ သူတွေကို ဘယ်သူရွေးချယ်လဲဆိုတာ သိတောင် မသိဘူး။ အဲဒီ ရွေးချယ်တဲ့သူတွေထဲမှာ လုပ်ကိုင်ခွင့်တွေကို ကျနော်တို့ စောင့်ကြပ်တဲ့အချိန်မှာ အခုလိုမျိုး နိုင်ငံတွင်းမှာရှိတဲ့ သူတိုင်းကနေ ပြောနေတဲ့ ကိုပါကြီး (စစ်တပ်ကဖမ်းဆီးရာက သေနတ်ဒဏ်ရာသင့်သေဆုံးသူ) လို ကိစ္စမျိုးဆိုရင် တတိုင်းပြည်လုံးက စိတ်ဝင်စားနေပြီးတော့ အမှုမှန်ဖော်ထုတ်ရေးအတွက် တိုက်တွန်းနေကြတဲ့အချိန်မှာ သမ္မတရဲ့ညွှန်ကြားချက်ရမှပဲ လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးတဲ့သဘောမျိုး ဖြစ်လာတယ်။ သမ္မတက စေခိုင်းမှ လုပ်တဲ့သဘောမျိုး။ “အမှန်ဆိုလို့ရှိရင် ဖြစ်ပျက်တဲ့အကြောင်းအရာကို အမြဲမပြတ် စောင့်ကြပ်နေဖို့က လူ့အခွင့်အရေး ကော်မရှင်ရဲ့ တာဝန်တွေ ဖြစ်တယ်။ အမှန်ဆိုလို့ရှိရင် ဒီလိုမျိုး ဖြစ်ပျက်နေတဲ့၊ အများစုကနေ လူ့အခွင့်အရေးချိုးဖောက်မှုလို့ ပြောနေတဲ့အချက်တွေကို လူ့အခွင့်အရေးကော်မရှင်ကိုယ်တိုင်က ကမကထ လုပ်ပြီးတော့ စုံစမ်းစစ်ဆေးဖို့အချိန်မှာ ဒါမျိုး နှောင့်နှေးနေတဲ့အရာမျိုး ရှိတယ်။ နောက်တခါ ထွက်ပေါ်လာတဲ့အစီရင်ခံစာ ကြည့်မယ်ဆိုရင် တိတိကျကျနဲ့ စုံစမ်းစစ်ဆေးနိုင်တဲ့ ဟာမျိုး၊ ခိုင်ခိုင်လုံလုံ ခိုင်ခိုင်မာမာနဲ့ တင်ပြတဲ့အချက်မျိုး အားနည်းပြီးတော့ အားမလိုအားမရ ဖြစ်စရာ အချက်အလက်တွေ ဖြစ်နေခြင်းက ပြည်သူလူထုအနေနဲ့ လူ့အခွင့်အရေးကော်မရှင် တည်ရှိလာပေမယ့် အားမကိုးချင်တဲ့ပုံစံမျိုး ဖြစ်လာပါတယ်။ နောက်တခု အခုဆိုလို့ရှိရင် ဒီဇင်ဘာ ၁၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်ပါတယ်။ တကမ္ဘာလုံးက ကျင်းပနေတယ်။ ကျနော်တို့ တိုင်းပြည်မှာလည်း ကျင်းပလို့ရတဲ့ အနေအထားမျိုးမှာ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ သူတို့ ကမကထလုပ်ပြီး လုပ်ဆောင်တဲ့အရာမျိုးက မရှိဘူး။ အဲဒီဟာမျိုးက အမှန်တော့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးလုပ်ဆောင်တဲ့ လူ့အခွင့်အရေး ကော်မရှင်ကနေ ဦးစီးပြီးတော့ တတိုင်းပြည်လုံးမှာ တကယ့်ကို သိုက်သိုက်မြိုက်မြိုက်လုပ်နိုင်ဖို့ အစီအစဉ်တွေ လုပ်သင့်တယ်။ ဒါပေမယ့် အဲဒီ လုပ်တဲ့အပိုင်းမှာလည်း အားနည်းနေတာ ဖြစ်နေပါတယ်ခင်ဗျ။” အရင်တုန်းက မလုပ်ရာက အခု အစိုးရက ဥပဒေအရ အကောင်အထည်ဖော်တော့ နည်းနည်း လုပ်နေတယ်လို့ ပြောလို့ ရတယ်။ ဥပဒေပြုစုရေးနဲ့ ပတ်သက်လို့ရော လွှတ်တော် အခန်းကဏ္ဍကိုရော ဘယ်လိုမြင်လဲ။ အားရစရာ ကောင်းလား။ “လွှတ်တော်ကနေ ဥပဒေတွေကို ပြဋ္ဌာန်းဖို့ ကြိုးစားတဲ့အချိန်မှာ တခါတလေကျရင် လွှတ်တော်ကိုယ်စားလှယ်များကိုယ်တိုင်က လူ့အခွင့်အရေးရဲ့ အရေးကြီးပုံကို သဘောမပေါက်တဲ့ အနေအထားမျိုးတွေ ရှိတယ်။ ဒါကလည်း အပြစ်ပြောလို့တော့ မရဘူးပေါ့ဗျာ။ ကျနော်တို့ ပတ်ဝန်းကျင်မှာ၊ နိုင်ငံတော်တခုလုံးမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ သေသေချာချာ လေ့လာခဲ့တဲ့အရာတွေ ကျနော်တို့ မရှိခဲ့ကြဘူး။ လူ့အခွင့်အရေးဆိုတာ ခုမှ ပြောနိုင်တဲ့အတွက် ဒီဟာတွေ အရေးကြီးတယ်ဆိုတဲ့ကိစ္စကို သိပ်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တိုင်းက နားမလည်တဲ့အခြေအနေမျိုး ဖြစ်နေတယ်။ “ဥပမာ ကလေး သက်ငယ်မုဒိမ်းကိစ္စနဲ့ ပတ်သက်လို့ ဒါကို စုံစမ်းစစ်ဆေးပြီးတော့ အရေးယူတဲ့ အရာမျိုးဖြစ်ဖို့ ပြောပေမယ့် တကယ်တမ်းကျတော့ အဲဒီဟာကို လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံဖို့၊ အတည်ပြုဖို့အတွက် ခက်ခဲနေတယ်။ အမျိုးသားလွှတ်တော် အမျိုးသားဥပဒေကြမ်းထဲမှာလည်း ပညာရေးဥပဒေကြမ်းထဲမှာ ဒီအချက်တွေ အားနည်းနေတာ ရှိပေမယ့် ဒါကို အရေးတယူ လုပ်ဆောင်ဖို့အပိုင်းက အားနည်းနေတယ်။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လူထုအခြေပြုအဖွဲ့တွေနဲ့ ဒီထက်ပိုပြီး လုပ်ဆောင်တာတွေ၊ ဥပဒေကြောင်းတွေကို လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဒီဟာတွေ သူတို့ အလေးထားနိုင်ဖို့အတွက် ပြဌာန်းနိုင်ဖို့အတွက် အများကြီး လိုပါသေးတယ်။” လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ကွန်ရက်တွေကရော မြန်မာပြည်တွင်း အထိုက်အလျောက် ပွင့်လင်းလာတဲ့ကာလမှာ သူတို့တွေရဲ့အခြေအနေတွေကရော ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနေကြပြီလား။ ဘယ်လို အခြေအနေရှိလဲ။ “နိုင်ငံတကာကတော့ အခုလို အင်တိုက်အားတိုက်လုပ်နေတဲ့ Civil Societies (အရပ်ဘက်အဖွဲ့အစည်းတွေ) ရဲ့ လှုပ်ရှားမှုကို သူတို့တတွေက တိုးတက်မှုတခုလို့ မြင်ပါတယ်။ ဟုတ်ပါတယ်။ ကျနော်တို့ အရင်တုန်းက ဘာမှ လုပ်ပိုင်ခွင့်မရှိတဲ့ အခြေအနေမျိုးကနေ လမ်းမှာ ထွက်ပြီး ဆန္ဒပြတာ၊ တကိုယ်တော် ဆန္ဒထုတ်ဖော်တာတွေ လုပ်နိုင်တယ်။ ဒါပေမယ့် ကျနော်တို့ ပြောချင်တာက ဒီဟာက အပေါ်ယံကိစ္စမျိုး ခွင့်ပြုတာဖြစ်ပေမယ့် အောက်ခြေမှာ ဒီလိုမျိုးလူတွေကို အချိန်မရွေး ဖမ်းနိုင်တဲ့ ကျော့ကွင်းတွေ ရှိတယ်ဆိုတာကို သိပ်ပြီးတော့ မမြင်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုလို့ရှိရင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ဖို့အတွက် ခွင့်ပြုချက်ယူစရာ မလိုတော့ဘူးဆိုတဲ့ ဥပဒေပြင်ဆင်မှု ရှိပေမယ့် ခွင့်ပြုဖို့အတွက် ခွင့်မပြုနိုင်လည်း ခွင့်မပြုဘဲ နေပိုင်ခွင့်ရှိတယ်ဆိုတဲ့နေရာက အစားထိုးတော့ အဲဒီတော့ သိပ်ပြီးတော့ မထူးဘူး။ “နောက်တခါ ပုဒ်မ ၁၈ ပြောင်းသွားတဲ့အခါမှာ ပုဒ်မ ၁၉ ဆိုပြီးတော့ သတ်မှတ်ထားတဲ့ အချက်တွေထက် ချိုးဖောက်လို့ရှိရင် အရေးယူနိုင်တယ်ဆိုတဲ့ဟာမျိုးနဲ့ ၁၉ က ထပ်ပြီးတော့ အရေးယူမှုမျိုးတွေ ဖြစ်လာတယ်။ အဲဒီတော့ ဒီလိုမျိုး တိုးတက်လာပေမယ့် တဖက်မှာလည်း ကျော့ကွင်းတွေ ရှိနေတယ်။ နောက်တခါ ဘယ်လောက်ထိအော်အော်၊ တခါတလေ အော်တဲ့သူကသာ ဖမ်းခံထိသွားမယ်။ ဖြစ်ရတဲ့ပြဿ နာကို ဖြေရှင်းမှုပိုင်းမှာ အားနည်းနေတယ်။ အဲဒီတော့ ‘အော်သာအော်၊ အသံကုန်ရင် မောသွားမယ်၊ ငါတို့ကတော့ လိုက်နာမှာမဟုတ်ဘူး’ ဆိုတဲ့အရာမျိုးဖြစ်ရင်လည်း ဒီလိုခွင့်ပြုချက်တွေက အနှစ်သာရ ရှိပါ့မလား။ တောင်းဆိုချက်တွေကို လေးလေးစားစား လုပ်ဆောင်မှုမရှိရင် တောင်းဆိုမှုတွေကကော အဓိပ္ပာယ်ရှိပါ့မလားဆိုတာ နောက်ပိုင်းတခါ ပြန်ပြီးတွေးစရာအဖြစ်အပျက်တော့ ဖြစ်လာပါတယ်။” မြန်မာပြည်တွင်းမှာ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ညီမျှခြင်း (မြန်မာ) လို လူ့အခွင့်အရေး အဖွဲ့အစည်းမျိုးတွေ စနစ်တကျပုံစံမျိုးမဟုတ်ရင်တောင် အမြုတေပုံစံမျိုးရှိနေပြီလား။ “အဲဒါကတော့ ရပ်ရွာအခြေပြုအဖွဲ့အစည်းတွေအနေနဲ့ ဒါပေမယ့် အဖွဲ့အစည်းတခု မဟုတ်ရင်တောင်မှ လူ့အခွင့်အရေးကို စောင့်ကြပ်ကာကွယ်လုပ်ဆောင်တဲ့ အုပ်စုသဘောမျိုး တွေတော့ ရှိလာပါပြီ။ ဒါပေမယ့် အဲဒီနေရာမျိုးကြည့်မယ်ဆိုရင်လည်း ဒေသခံတာဝန်ရှိတဲ့ သူတွေရဲ့ ပူးပေါင်းလုပ်ဆောင်မှုအပေါ်မှာလည်း အများကြီးမူတည်ပါတယ်။ လူထုအခြေပြု အဖွဲ့တွေက ဘယ်လောက်ထိ ကြိုးစားကြိုးစား ဒီအဖွဲ့တွေကို အန္တရာယ်အဖြစ် မြင်နေတဲ့ အောက်ခြေအရပ်ဘက် အုပ်ချုပ်ရေးအဖွဲ့တွေက ရှိနေတုန်းပဲ။ အဲဒီတော့ တချို့ပြည်နယ်နဲ့ တိုင်းတွေမှာဆိုရင် ဒါတွေကို လုံးဝခွင့်မပြုဘဲနဲ့ စောင့်ကြပ်နေတဲ့အရာမျိုးတွေ ရှိနေတုန်းပဲ။ တချို့နေရာမှာတော့ နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေတော့ ရှိလာပါမယ်။ ဒါပေမယ့် နေရာတိုင်းမှာ ရာသီဥတု ကောင်းတယ်လို့ ပြောလို့မရဘဲနဲ့ ရာသီဥတုကောင်းတဲ့ နေရာတွေရှိသလို မိုးထစ်ချုန်းရွာနေတဲ့နေရာတွေလည်း ရှိနေတုန်းပါပဲ။” လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးဆောင်ရွက်နေသူတွေကို လူမှုကွန်ရက် ဖေ့စ်ဘွတ်တွေမှာ နင်ပဲငဆ ဆဲဆိုကြိမ်းမောင်းတိုက်ခိုက်နေတာတွေ နှစ်နဲ့ချီပြီး ဖတ်ရတယ်။ ဒီဟာမျိုးတွေ နည်းပါး လျော့ပါးသွားအောင် ဘယ်လိုဆောင်ရွက်ရင်ကောင်းမလဲ။ အမြဲတမ်းလိုလို တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီးတော့။ “ဒီဟာကတော့ သူတို့ရဲ့ခံယူချက်နဲ့ မူတည်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ တဖက်က ကျနော်တို့ အကောင်းဆုံး လုပ်ပေမယ့် တဖက်က အကောင်းမမြင်တဲ့အရာမျိုး ရှိနိုင်တယ်။ တဖက်ကတော့ ဒီဟာမျိုးကို တမင်သက်သက် ပစ်မှတ်ထားပြီးတော့ လူ့အခွင့်အရေးဆိုတာ မကောင်းဘူး၊ အန်ဂျီအိုဆိုတာ မကောင်းဘူးဆိုပြီးတော့ ၀ါဒဖြန့်ပြီးတော့ တမင်သက်သက် အမြင်မှားအောင် လုပ်နေတဲ့ကိစ္စမျိုးလည်း ရှိပါတယ်။ အဲဒီတော့ ဒီဟာမျိုးတွေကို ကျနော်တို့က သိပ်ပြီးတော့ စိတ်ထဲမှာ မထားဘူးခင်ဗျ။ ကိုယ်လုပ်တာ ကိုယ်မှန်တယ်ဆိုတာ စိတ်ထဲမှာ ယုံကြည်ပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့စည်းကို ကိုယ်လုံဖို့ပါပဲ။ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေက သူများတွေ ပြောထားသလို ကျနော်တို့ အကျိုးအတွက်ပဲ ကြည့်တာ မဟုတ်ဘူး၊ ကျနော်တို့ လာဘ်စားမှုတွေ ရှိတာ မဟုတ်ဘူး၊ လူ့အခွင့်အရေးဆိုတာ လူတိုင်းအားလုံးအတွက် လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေ ဖြစ်တယ်ဆိုတဲ့ စိတ်မျိုးနဲ့ပဲ ပြန်ပြီးတော့ ကျနော်တို့ လုပ်ဆောင်ပါတယ်။ အဲဒီတော့ အဲဒီလိုမျိုး ပြောတဲ့သူတွေကတော့ ကိုယ့်ရဲ့စိတ်ကိုပြန်ပြီးတော့ ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ တကယ်တမ်းသိလို့ပြောတာလား၊ ဒါမှမဟုတ်လို့ရှိရင် သိလျက်သားနဲ့ တမင်သက်သက် အပုပ်ချဖို့အတွက် ရည်ရွယ်ပြီး ပြောဆိုတာလား၊ ဆိုရှယ်မီဒီယာမှာ ရေးစရာမရှိလို့ သူများကို ထိုင်ဆဲနေရမှ ကျေနပ်တဲ့သဘောမျိုးနဲ့ ရေးတာလား၊ အဲဒီတော့ ပြောဆိုတဲ့လူရဲ့ စိတ်ထားပေါ် မှာပဲ မူတည်ပါလိမ့်မယ်ခင်ဗျ။ ကျနော်တို့ကတော့ အကောင်းဆုံး ကြိုးစားပြီးလုပ်သွားမှာ ဖြစ်ပါတယ်။” လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူတဦးအနေနဲ့ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အဖြစ် မြန်မာပြည်ရဲ့အခြေအနေနဲ့ ထင်ဟပ်တဲ့ မှတ်ချက်စကား ပြောပြပါ။ “ဟုတ်ကဲ့။ အရင်တုန်းကတော့ အစိုးရရဲ့ ပေါ်တာဖမ်းတာတွေ၊ အစိုးရက မတရား ဖမ်းဆီးပြီးတော့ နိုင်ငံရေးအကျဉ်းသားလုပ်တာတွေ၊ နှိပ်စက်တာတွေက သိသာထင်ရှားပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ကမ္ဘာကလည်း သိပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ အစိုးရက လုပ်ဆောင်တာ မဟုတ်ဘဲနဲ့ အစိုးရမဟုတ်သော တခြားသူများရဲ့ ပြောဆိုချက်တွေ၊ လုပ်ဆောင်ချက်တွေကလည်း မြန်မာပြည်မှာရှိတဲ့ တချို့သောသူတွေအပေါ်မှာ လုံခြုံမှုတွေ၊ လွတ်လပ်မှုတွေကို ထိခိုက်နိုင်တဲ့အနေအထားမျိုး ဖြစ်ပါတယ်။ အဲဒီတော့ လူ့အခွင့်အရေးဆိုတာ အစိုးရတရပ်က ကျူးလွန်မှ လူ့အခွင့်အရေးချိုးဖောက်တာ မဟုတ်ပါဘူး။ လူကို လူကနေ သူ့ရဲ့အခွင့်အရေးတွေကို ထိခိုက်အောင်လုပ်ဆောင်တဲ့ အကြမ်းဖက်ခြင်းကလည်း လူ့အခွင့်အရေး ထိခိုက်သော လုပ်ဆောင်မှုတွေ ဖြစ်ပါတယ်။ အဲဒီတော့ အစိုးရကနေ လုပ်ဆောင်မှုကို ကျနော်တို့ လက်မခံနိုင်သလို လူအုပ်စုတစုကနေ တခြားအုပ်စုအပေါ်မှာ ထိခိုက်အောင်၊ အကြမ်းဖက်အောင် လုပ်ဆောင်နေတဲ့ ပုံစံကိုလည်း ကျနော်တို့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ အဲဒီတော့ လူတိုင်းလူတိုင်းက အာဏာရှင်စနစ်ကို မကြိုက်လို့ရှိရင် အာဏာရှင် မဖြစ်အောင် လုပ်ဖို့ လိုအပ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တဲ့အစိုးရကို မကြိုက်ရင် ကိုယ်ကိုယ်တိုင်ကလည်း လူ့အခွင့်အရေးကို လေးစားဖို့ လိုအပ်ပါတယ်။ အစိုးရရဲ့ လုပ်ဆောင်မှုကို ဥပဒေနဲ့ တားဆီးသလို လူတဦးတယောက်ချင်းရဲ့ လုပ်ဆောင်မှုကိုတော့ ကိုယ်ကျင့်တရားနဲ့၊ ကိုယ်ချင်းစာတရားနဲ့ အခြေခံပြီးတော့ ဆင်ခြင်ကြပါ၊ စဉ်းစားကြပါ၊ ပြုမူကြပါလို့ တိုက်တွန်းလိုပါတယ်ခင်ဗျ။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up