Home
မြန်မာသတင်း
ကမ်းနားလမ်းတလျှောက် ရထားပြေးဆွဲပြီ
DVB
·
December 7, 2014
ရန်ကုန်မြို့တွင်း ယာဉ်ကြောကြပ်တည်းတာကို ဖြေရှင်းဖိုနဲ့ အများပြည်သူ သွားလာရလွယ်ကူဖို့ အတွက် မြန်မာ့မီးရထားက RBE အမျိုးအစားလူစီးမီးရထား (၂) စင်းနဲ့ ကမ်းနားလမ်း တလျှောက် ဒီကနေ့ စတင်ပြေးဆွဲနေပါတယ်။ ထိုင်စီးနဲ့မတ်တပ်ရပ်ခရီးသည် ၁၂၀ ခန့် လိုက်ပါစီးနှင်းနိုင်ပြီး နေ့စဉ် မနက် ၇ နာရီကနေ ညနေ ၄ နာရီအထိ ပြေးဆွဲမှာ ဖြစ်သလို လက်မှတ်ခ တဦးကို (၁၀၀) ကျပ် ကျမှာဖြစ်ပါတယ်။ ပန်းဆိုးတန်းမှ ပုဇွန်တောင်ထိ အစုန်အဆန် RBE –A၊ ပန်းဆိုးတန်းဂိတ်မှ ထော်လီကွေ့ မှတ်တိုင်အထိ အစုန်အဆန် RBE-B  အဖြတ်သတ်မှတ်ပြီး ၁ ရက်ကို ၇ ကြိမ်စီ ပြေးဆွဲမှာဖြစ်ပါတယ်။ မြန်မာ့မီးရထား အောက်မြန်မာပြည်အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းကတော့ ခရီးသွားလုပ်သားပြည်သူတွေ အချိန်တိုအတွင်း လိုရာခရီးကို သွားလာနိုင်ဖို့အတွက် ပြေးဆွဲရတာ ဖြစ်တယ်လို့ ပြောပါတယ်။ စက်ခေါင်းမောင်းနှင်တဲ့ ကိုမျိုးဦးက “ကားရဲ့ အန္တရာယ်ကို နည်းနည်း ဂရုစိုက်ရတာပေါ့၊ အဓိကက အဲဒါပါပဲ။ ရထားတစင်းထဲသွားတယ်ဆို ပြဿနာမရှိဘူး၊ ကားရော၊ သံလမ်းရော ရောထားတဲ့အတွက် ကားကို ဂရုစိုက်ရတာပေါ့။ ရထားဥပဒေ ရှိပြီးသား ဖြစ်တဲ့အတွက် လမ်းကူးဆိုရင် သတိပြုမောင်း ဥသြဆွဲပါ” လို့ ပြောပါတယ်။ ပန်းဆိုးတန်း-ထော်လီကွေ့ အစုန်အဆန်ခရီးဟာ မိနစ် ၄၀ ခန့်ကြာပြီး  ပန်းဆိုးတန်း-ပုဇွန်တောင် အစုန်အဆန်ကတော့ ၁ နာရီခန့် ကြာမြင့်ပါတယ်။ ကမ်းနားလမ်းတစ်လျှောက်မှာ ဘူတာ စုစုပေါင်း (၁၁)ခု ရှိပြီး ခရီးအကွာအဝေးစုစုပေါင်း ၅.၃ မိုင် ရှိပါတယ်။ ခရီးသည် ကိုဌေးလွင်က “ရထားခရီးစဉ်စီစဉ်ပေးလို့ ကျနော်တို့ ဆင်းရဲသားတွေအတွက် အဆင်ပြေတယ်၊ ဒီဟာက ၁၀၀ ပဲ ရှိတယ်လေ” လို့ ပြောပါတယ်။ မြန်မာမီးရထားဟာ ၁၈၈၀ ပြည့်နှစ်ကစပြီး ရန်ကုန်မြစ်တလျှောက်ရှိ ဆိပ်ကမ်းကကုန်စည် တွေ သယ်ဆောင်နိုင်ဖို့ ဓနိတောကနေ အလုံအထိ ကုန်ရထားတွေပြေးဆွဲခဲ့ပြီး ခုချိန်မှာတော့ ကုန်ရထား ပြေးဆွဲတဲ့အပြင် လူစီး မြို့ပတ် ရထားခရီးစဉ်ကိုပါ စတင်ပြေးဆွဲနေတာဖြစ်ပါတယ်။ [gallery ids="73136,73137,73138"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024