DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်မြို့တော် စစ်တွေ မီးလင်းပြီ
DVB
·
December 4, 2014
ရခိုင်ပြည်နယ်မြို့တော် စစ်တွေ မီးလင်းပြီ
Donate to DVB

ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမှာ ဒီဇင်ဘာလ ၂ ရက်နေ့ကစလို့ အစိုးရဈေးနဲ့ အချိန်ပြည့်လျှပ်စစ်မီးရရှိပြီဖြစ်ပြီး ဒီလ ၁၅ ရက်နေ့ ကျရောက်မယ့် နှစ် ၄၀ ပြည့် ရခိုင်ပြည်နယ်နေ့မှာ မဟာဓာတ်အားလိုင်း ဖွင့်ပွဲကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။

ဒီနှစ်လယ်ပိုင်းကစလို့ ပြည်နယ်တွင်းက မြို့တွေကို တိုးချဲ့ပေးဝေနေတယ်လို့ ရခိုင်ပြည်နယ် လျှပ်စစ်နဲ့ စက်မှုဝန်ကြီး ဦးအောင်သန်းတင်က ပြောပါတယ်။

ဦးအောင်သန်းတင်က “မြို့နယ်တွေကတော့လေ ၂၀၁၄ ခု ဇွန်လကစပြီးတော့ တောင်ကုတ်ရယ်၊ သံတွဲရယ် စပေးတယ်ပေါ့။ ပြီးရင် သြဂုတ်လမှာ အမ်းကို ပေးတယ်။ ပြီးရင် ဒီဇင်ဘာ ၁ ရက်ကစပြီးတော့ ပုဏ္ဏားကျွန်းပေးတယ်။ ၂ ရက်နေ့ကျရင် စစ်တွေကို ပေးနေပြီပေါ့။ ဖွင့်ပွဲကျတော့ ဒီဇင်ဘာ ၁၅ ကျတော့ စစ်တွေ ဝေသာလီကွင်းမှာ လုပ်မယ်လေ” လို့ ပြောပါတယ်။

Electric-300x210အရင်တုန်းက ကုမ္ပဏီတွေထံကနေ ဓာတ်အားခ ၁ ယူနစ်ကို ကျပ် ၅၀၀ ၀န်းကျင်လောက်နဲ့ ၁ ရက်ကို သုံးလေးနာရီသာ သုံးခွင့်ရနေရာက အခုတော့ အစိုးရမဟာဓာတ်အား လိုင်းကနေ ပေး တာကြောင့် မြေပြန်နည်းတူ ဈေးနှုန်း ၁ ယူနစ် အိမ်သုံး ၃၅ ကျပ် စက်မှုသုံး ၇၅ ကျပ်နဲ့ အချိန်ပြည့် သုံးစွဲနိုင်တော့မှာဖြစ်ပါတယ်။

ပြည်နယ်အစိုးရက အသေးစားစက်မှုလုပ်ငန်းတွေအနေနဲ့ ပြည်နယ်အစိုးရက စစ်တွေမြို့မှာရှိတဲ့ စက်မှုရပ်ကွက်နဲ့ ပုဏ္ဏားကျွန်းစက်မှုဇုန်ရယ်ကို အကောင်အထည်ဖော်မယ်လို့လည်း ၀န်ကြီးက ရှင်းပြပါတယ်။

လျှပ်စစ်မီးရရှိရေး စီမံကိန်းထဲမှာ ရခိုင်ပြည်နယ်တွင်းက မြို့နယ် (၁၇) မြို့နယ်နဲ့ မြို့နယ်ခွဲ (၃) ခု ပါဝင်ပြီး ကျွန်းပေါ်က မြို့ဖြစ်တဲ့ မြန်အောင်မြို့နယ်ကိုတော့ သီးခြားစီစဉ်ရမယ်လို့ သူက ပြောပါတယ်။
ပြည်နယ်တွင်းရှိ မြို့တွေအားလုံး မီးလင်းရေးကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှာ အပြီးဆောင်ရွက်ပြီး ကျေးရွာဒေသအားလုံး ၂၀၃၀ ခုနှစ်မှာ မီးလင်းရေးကိုရည်မှန်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ် ၁ မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က လျှပ်စစ်မီးကို အစိုးရဈေးနဲ့ အချိန်ပြည့်ရတာဟာ မမျှော်မှန်းထားတာတွေ ဖြစ်လာတာလို့ အံ့သြ၀မ်းသာပြောဆိုပါတယ်။

“ဒါဟာ နှစ်ပေါင်းများစွာ ပြောလာ၊ ဆိုလာ၊ ကိုယ့်ရဲ့ရပိုင်ခွင့်ကို တောင်းဆိုလာခဲ့တဲ့ ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကြောင့် အစိုးရအနေနဲ့ ခုလို လုပ်ပေးလာတယ်လို့ ကျနော်တို့အနေနဲ့သုံးသပ်တယ်။ ဒီလုပ်ဆောင်ပေးတဲ့အတွက် ပြည်သူတယောက်အနေနဲ့ရော၊ လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ရော အများကြီးကြိုဆိုပါတယ်၊ အများကြီးဝမ်းသာပါတယ်။

“ဒါပေမယ့် အဲဒီအပိုင်းပဲ ပြောမယ်ဆိုရင် နောက်ပိုင်းမှာလည်း ပုံမှန် ဆက်တိုက်ရပါစေလို့ပဲ ဆုတောင်းပါတယ်။ ခဏတဖြုတ်ဟိုဟာဖြစ်ပြီးရင် နောက်ပိုင်း အဲဒီအတိုင်းပဲ ပြန်ဖြစ်သွားမှာကိုလည်း စိုးရိမ်မှုတော့ရှိတာပေါ့။”

အချိန်ပြည့် လျှပ်စစ်မီးရရှိလာတာနဲ့အမျှ ပြည်နယ်တွင်း စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ အိမ်တွင်းမှုလုပ်ငန်းနဲ့ အသေးစားစက်မှုလုပ်ငန်းတွေအတွက် တိုးတက်မှု အလားအလာတွေ ဖြစ်လာပေမယ့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က ရေတိုအတွင်း အလုပ်မဖြစ်နိုင်သေးတာကို ထောက်ပြပါတယ်။

“ဒီဘက်မှာတော့ အချိန်ယူရဦးမယ်လို့ ထင်ပါတယ်။ မီးရတာနဲ့ တခါတည်း တောက်လျှောက်တန်းပြီးရင် ဖွံ့ဖြိုးတိုးတက်မှုအပိုင်းကတော့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် ဒီဘက်မှာက ပွင့်ပွင့်လင်းလင်းပြောရရင် နည်းပညာအပိုင်းမှာ ကျနော်တို့က အရိုက်ချိုးခံထားရတာ နှစ်ပေါင်းများစွာရှိနေပြီ။ အဲဒီတော့ မီးရပေမယ့် မီးနဲ့လုပ်နိုင်တဲ့ ကျွမ်းကျင်မှုက အချိန်တခုယူပြီးမှ တဖြည်းဖြည်းဖြစ်မှာ၊ ဒါကြောင့် လုပ်ငန်းလေးတွေက အချိန်ကာလတခုအထိ စောင့်ရမယ်လို့ ထင်မြင်မိပါတယ်။”

ပြည်နယ်အစိုးရက ဦးစီးကျင်းပမယ့် မဟာဓာတ်အားလိုင်ဖွင့်ပွဲမှာတက်ရောက်ဖို့ သမ္မတဦးသိန်းစိန်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေကို ဖိတ်ကြားထားပြီး ကျောင်းသားတွေက စင်မြင့်ဖျော်ဖြေပွဲတွေနဲ့ ကပြဖျော်ဖြေဖို့ စီစဉ်နေပါတယ်။

ဒီလျှပ်စစ်မီးရရှိရေး စီမံကိန်းကို အိန္ဒိယနိုင်ငံအစိုးရထံက ချေးငွေနဲ့ နိုင်ငံတော်ဘတ်ဂျက်ငွေနဲ့ စုပေါင်းထည့်ဝင် အကောင်အထည်ဖော်တာလို့ ဆိုပါတယ်။

အစိုးရထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ ခရိုင် ၅ ခု၊ မြို့နယ်ခွဲ ၃ ခုနှင့် မြို့ပေါ်ရပ်ကွက်ပေါင်း ၁၃၃ ခု၊ ကျေးရွာအုပ်စုပေါင်း ၃၇၇၀ ရွာရှိပြီး အိမ်ထောင်စုပေါင်း ၅၄၀၀၆၅ စု၊ လူဦးရေပေါင်း ၃၃၇၀၄၄၉ ဦး နေထိုင်တယ်လို့ သိရပါတယ်။

လျှပ်စစ်မီးရရှိရေးပြဿ နာဟာ မြန်မာအစိုးရအဆက်ဆက် ဖြေရှင်းရခက်ခဲတဲ့ ပြဿ နာတရပ် အဖြစ် ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တချို့မှာလည်း ရှိနေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013