စစ်အတွင်းအကြွင်းအကျန် ဂျပန် စစ်သားရုပ်အလောင်များရှာဖွေရန် မြန်မာခွင့်ပြု
DVB
·
December 2, 2014
[caption id="attachment_72546" align="alignright" width="387"] ချင်းပြည်နယ်အတွင်းရှိ ရွာတရွာတွင် ဂျပန်စစ်သားရုပ်အလောင်းများ တွေ့ရှိစဉ် (ဓာတ်ပုံ - asahi.com)[/caption]
ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံမှာ ကျဆုံးခဲ့တဲ့ ဂျပန်ဘုရင့်တပ်မတော် စစ်သားတွေရဲ့ ရုပ်အလောင်း အကြွင်းအကျန်တွေကို နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်အစိုးရကို ရှာဖွေခွင့် ပြုတော့မယ်လို့ အဆာဟိရှင်ဘွန်း သတင်းစာမှာ ဖော်ပြပါတယ်။
ရှာဖွေရေးလုပ်ငန်းတွေကို ရုပ်အလောင်းတွေ တွေ့ရှိထားတဲ့ စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်စတဲ့ ဒေသ ၃ ခုမှာ ပြုလုပ်မှာ ဖြစ်ပြီး ဂျပန်လူမှုဖူလုံရေးဝန်ကြီးဌာနဟာ ဒီစီမံကိန်းအသေးစိပ်ကို လာမယ့် ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန် မတ်လ မတိုင်မီ စီစဉ်နိုင်ဖို့ မြန်မာအစိုးရနဲ့ စေ့စပ်ညှိနှိုင်းတော့မှာလည်း ဖြစ်ပါတယ်။
ဂျပန်စစ်သား ရုပ်အလောင်းအကြွင်းအကျန်တွေကို ရှာဖွေရေး၊ စိစစ်ရွေးချယ် ခွဲထုတ်ခြင်းနဲ့ ဂျပန်နိုင်ငံဆီ ပြန်ပို့ပေးဖို့ ကိစ္စတွေကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ သူ့ရဲ့ နိုဝင်ဘာလက မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ သမ္မတဦးသိန်းစိန်ကို တောင်းဆိုခဲ့တာလို့ လူမှုဖူလုံရေးဝန်ကြီးက ပြောပါတယ်။
၁၉၄၄ ခုနှစ်တုန်းက ဗြိတိသျှတို့ အုပ်စိုးထားတဲ့ အိန္ဒိယကို ကျူးကျော်ဖို့ ကြိုးပမ်းခဲ့တဲ့ အင်အား ၁ သိန်းလောက်ရှိတဲ့ ဂျပန်စစ်တပ်ဟာ စစ်ရှုံးနိမ့်ပြီး ဆုတ်ခွာ ရုပ်သိမ်းခဲ့ရတာပါ။ စစ်ပွဲအတွင်းမှာ စစ်သား ၃ သောင်းလောက် ကျဆုံးခဲ့ပြီး တိုက်ပွဲမှာ မသေဆုံးခဲ့သူတွေ အတော်များများကလည်း နောက်ပိုင်းမှာ ငတ်ပြတ်မှုနဲ့ ရောဂါတွေကြောင့် သေဆုံးခဲ့ကြပါတယ်။
ချင်းပြည်နယ်ဟာ အင်ဖယ်တိုက်ပွဲ စစ်ဆင်ရေးမှာ ဂျပန်ဘုရင့်တပ်မတော် စစ်ရှုံးခဲ့တဲ့ နေရာတခုလဲ ဖြစ်ပါတယ်။ အင်ဖယ်စစ်ဆင်ရေးမှာ သေဆုံးခဲ့ကြသူတွေ အပါအ၀င် ဂျပန်စစ်သား ၉ သောင်း ၁ ထောင်ရဲ့ ရုပ်အလောင်းအကြွင်းအကျန်တွေကို ပြန်ရှာတွေ့ထားပြီးပါပြီလို့ ဂျပန် လူမှုဖူလုံရေးဝန်ကြီးက ပြောပါတယ်။
ဒါပေမယ့်လည်း ၁၉၈၂ ခုနှစ်ကတည်းက အကြီးစား စုံစမ်းစစ်ဆေးရေး မလုပ်ဆောင် ဖြစ်ခဲ့တာကြောင့် စစ်သား ၄ သောင်း ၆ ထောင်ရဲ့ ရုပ်အလောင်း အကြွင်းအကျန်တွေကတော့ ခုချိန်ထိ စာရင်းပျောက်နေဆဲ ဖြစ်ပါတယ်။