Home
မေးမြန်းခန်း
အသံပစ်ပြီးတော့ ပျားရည်နဲ့ ၀မ်းချတဲ့ ပုံစံပါပဲ - ကိုရဲရင့်ကျော်
DVB
·
November 27, 2014
သမ္မတ ဦးသိန်းစိန် တက်ရောက်တဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်တွေနဲ့ နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေ တွေ့ဆုံပွဲကို ရန်ကုန်တိုင်းလွှတ်တော်မှာ နိုဝင်ဘာ ၂၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ကျောင်းသားသမဂ္ဂ မရှိမဖြစ်ပေါ်ပေါက်ရေး အသိအမှတ်ပြုကြောင်း သမ္မတက ပြောကြားသွားပါတယ်။ ဒီပြောကြားချက်နဲ့ ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ သတင်းနဲ့ပြန်ကြားရေးက ကိုရဲရင့်ကျော် ဆက်သွယ်မေးမြန်းထား ပါတယ်။ ကျောင်းသားသမဂ္ဂ မရှိမဖြစ်ပေါ်ပေါက်ရေး အသိအမှတ်ပြုကြောင်း သမ္မတက ပြောသွားတာ တွေ့ရတယ်။ အဲဒီအပေါ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ဘယ်လိုသဘောထားမျိုးရှိလဲ။ yeyint kyaw“ကျနော်တို့အနေနဲ့ကတော့ ကျောင်းသား သမဂ္ဂဆိုတာ အရင်ကတည်းက သမိုင်းအဆက်ဆက်မှာလည်း နိုင်ငံတာဝန်တွေကို ရှုထောင့်အသီးသီးကနေပြီးတော့ ထမ်းဆောင်ခဲ့တာ အခုလိုမျိုး ဒီအုပ်ချုပ်ရေး အနေအထားက နေပြီးတော့ ဒီသမဂ္ဂတွေ ရှိသင့်တယ်လို့ ထုတ်ဖော်ပြောဆိုလာတာ ကျနော်တို့ ကြိုဆိုပါတယ်။ တကယ်လည်း ကျနော်တို့ ဖြစ်စေချင်တယ်။ ကျောင်းသားတွေက ပညာရေးကဏ္ဍနဲ့ ပြောကြဆိုကြတဲ့အခါမှာ အမျိုးသား ပညာရေး ဥပဒေမှာဆိုလိုရှိရင် နိုင်ငံရေး ဘာသာရေးနဲ့ မဆက်နွယ်ရဆိုတဲ့ စကားရပ်တွေ ထည့်ထားတာဆိုတဲ့ အဆင့်ထိကို ပါလာတဲ့ အထိ ထည့်ထားတာဆိုတော့ ဥပဒေနဲ့ သူတို့ ပြောစကားကတော့ ဆန့်ကျင်ဘက် ဖြစ်နေတာပေါ့။ ကျနော်တို့အမြင်ကျတော့ တက္ကသိုလ်ကျောင်းသားတွေက ကျောင်းသား သမဂ္ဂထဲမှာ ပါဝင်လှုပ်ရှားနေတဲ့ အရင်တုန်းက ၁၉၃၆ ခေတ်လိုပဲ ပါဝင်လှုပ်ရှားနေခွင့်ရစေချင်တယ်။ ဘာလို့လဲ ဆိုတော့ ဒီကျောင်းသားတွေမှာ နိုင်ငံရေး အသိအမြင်ရှိထားမှသာ သူတို့ အသက် ၁၈ နှစ်ပြည့်တဲ့ မဲပေးတဲ့ အခါမှာ သူတို့နိုင်ငံရဲ့ ခေါင်းဆောင်ကို သူတို့ ရပ်ကွက်ကစ၊ မြို့နယ်ကစ၊ ဒီလွှတ်တော် အဆင့်ဆင်ကအစ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့နေရာမှာ မှန်မှန်ကန်ကန်ရွေးချယ်နိုင်မှာ။ အဲလို မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှလည်း တိုင်းပြည်အတွက် တကယ်လုပ်မယ့် လွှတ်တော် အမတ်တွေ ထွက်လာပြီးတော့ ဒါအုပ်ချုပ်ရေး ယန္တရားရော၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရေး ယန္တရားရော အားလုံးဟာ ကောင်းမွန်မှာ။ ဒီလူငယ်တွေမှာ နိုင်ငံရေး အသိအမြင်တွေ ပိတ်ပင်ထားပြီးတော့ ကျောင်းသား သမဂ္ဂတွေကို နှိပ်ကွပ်ထားမယ်ဆိုလို့ရှိရင် လက်တဆုပ်စာ လူတန်းစားတွေ သူတို့ အချင်းချင်း ပြန်ပြီးတော့ တင်မြောက် ထားတဲ့ အမတ်တွေ လွှတ်တော်တွေနဲ့ပဲ သွားနေမယ်ဆိုရင် ကျနော်တို့ ဒီနိုင်ငံကြီးကလည်း တိုးတက်ဖို့ မမြင်ဘူး။ ကျောင်းသားသမဂ္ဂကို တရားဝင် ရပ်တည်ခွင့်ပေးပြီးတော့ အနာဂတ် မျက်မှောက်နိုင်ငံရေးနဲ့ နီးစပ်နေအောင် ဖန်တီးပေးထားမှသာ နိုင်ငံအနာဂတ် နောက်နောင်တွေ မှာ ပေါ်လာမယ့် လွှတ်တော် အရပ်ရပ်တွေ၊ သမ္မတနဲ့ အစိုးရ အုပ်ချုပ်ရေးပိုင်းတွေ ဆိုတာ ပိုပြီးကောင်းလာတဲ့ အပေါင်းလက္ခဏာတွေ ဆောင်လာမယ်ထင်ပါတယ်။” သမ္မတက ကျောင်းသား သမဂ္ဂ ပေါ်ပေါက်ရေးကို အသိအမှတ်ပြုတဲ့အကြောင်း ပြောသွားတယ်။ အဲဒီအပြောက လက်တွေ့ အကောင်ထည်ဖော်လာဖို့ ဘယ်လောက် အချိန်ယူရမယ်လို့ ထင်လဲ၊ ဘယ်လို အခက်အခဲတွေ ရှိမယ်လို့ထင်လဲ။ “အခက်အခဲကတော့ ရှိတယ်ဗျ။ သူတို့က ဒီနှုတ်အားဖြင့်ကတော့ ဒေါက်တာမောင်မောင် လက်ထက်ကတည်းကိုက ပြန်လည် အုတ်မြစ်ချပေးပါမယ်ဆိုတာမျိုး ပြောခဲ့တာ အခုဆိုလိုရှိရင် ဒါနှစ်ပေါင်းလည်း ၅၀ နားကပ်နေပြီ ဆိုတဲ့အခါကျတော့ ကျနော်တို့က ဒီနေရာမှာ သူတို့ တဖက်က နိုင်ငံရေးအရ စကား အချိုလေးတွေ အများကြီး ပြောတယ်။ လတ်တလော ဘာအခက်အခဲရှိနေလဲဆိုရင် မိခင် ဥပဒေ ဒီအမျိုးသား ပညာရေး ဥပဒေကို နည်းဥပဒေမှာ ကျောင်းသားသမဂ္ဂတွေနဲ့ ပတ်သက်ပြီး ထည့်ပေးမယ်လို့ သူတို့က အသံပဲပေးပေမယ့် ဒီမိခင် ဥပဒေထဲမှာကိုက နိုင်ငံရေးနဲ့ ဘာသာရေး မဆက်နွှယ်နဲ့ဆိုတဲ့ စကားနဲ့ ပြန်ချုပ်ထားတာ ဆိုတော့ ကျနော်တို့ ဒီကျောင်းသား သမဂ္ဂတွေ တရားဝင် ရပ်တည်ဖို့ သူတို့ခွင့်ပြုမယ်ဆိုတာကိုယုံစားဖို့ ဆိုတာ လက်ရှိ အမျိုးသား ပညာရေး ဥပဒေမှာကို ကျနော်တို့ ဒီအချက်ကို ထည့်သွင်းပေးပါလို့ တောင်းဆိုနေတာ ဖြစ်တယ်။ အဲတော့ အမျိုးသား ပညာရေး ဥပဒေမှာကျောင်းသားသမဂ္ဂနဲ့ ပတ်သက်တဲ့ အချက်တွေ ပြင်ဆင်ပါဝင်လာလို့ ရှိရင်တော့ ဒါကျနော်တို့ ရာခိုင်နှုန်း အနည်းငယ် အောင်မြင်ပြီလို့ ပြောရမှာပေါ့နော်။ အဲကျမှသာ ကျနော်တို့က ဖွဲ့ခွင့်တွေ၊ လှုပ်ရှားခွင့်တွေ ဆိုတာကလည်း သူတို့ နည်းဥပဒေနဲ့ ဘယ်လို ချုပ်ကိုင်ဦးမလဲဆိုတာက ရှိသေးတဲ့အတွက် အဲအချိန်မှာတောင်မှာ လမ်းစပေါ်ရုံလောက်ပဲ ရှိမှာဆိုတော့ တော်တော်ကို ခက်ခက်ခဲခဲ သူတို့ဆီကို တောင်းဆိုနေရဦးမှာပါ။” ကျောင်းသား သမဂ္ဂဖွဲ့စည်းခွင့်ကို အမျိုးသား ပညာရေး ဥပဒေမှာ ထည့်သွင်း ပြဋ္ဌာန်းထားခြင်းမရှိဘူး၊ ဒါပေမယ့်လည်း တဖက်မှာ အစိုးရက ထုတ်ပြန်ထားတာက ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ကို နည်းဥပဒေမှာ ပြဋ္ဌာန်းပေးမယ်လို့ ပြောဆိုထားတာတွေတွေ့ရတယ်။ ဒီပြောဆိုချက်တွေကို ဗကသက လက်မခံဘဲ အမျိုးသား ပညာရေး ဥပဒေထဲမှာပဲ ထည့်သွင်းပေးဖို့ တောင်းဆိုနေတာကို တွေ့ရတယ်။ ဒီ ၂ ခုကို ညှိနှိုင်းဖို့ကတော့ ဖြစ်နိုင်ပါ့မလား။ “ကျနော်တို့ကတော့ မိခင်ဥပဒေမှာကို ထည့်သွင်းစေချင်တာပေါ့၊ ဘာလို့လဲဆိုတော့ သူတို့ နည်းဥပဒေကို ကျနော်တို့က အကြွင်းမဲ့လည်း မယုံရဲဘူး။ သူတို့စိတ်ကြိုက်ပြဋ္ဌာန်းပြီးတော့ မဲတွေထည့်ပြီးတော့ အတည်ပြုထားတဲ့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာတောင်မှ ပုဒ်မ ၃၅၄မှာ နိုင်ငံသားတွေရဲ့ လွတ်လပ်ပိုင်ခွင့် ရပိုင်ခွင့်တွေ သူတို့ ကိုယ်တိုင်ဖော်ပြထားပြီးတော့ နည်းဥပဒေနဲ့ပဲ ဒီ ၁၈ တွေ ၁၉ တွေနဲ့ ပြန်ချုပ်ထားတာ။ နိုင်ငံရဲ့အသက် ဥပဒေထဲမှာ ထည့်ထားတာတောင်မှ သူတို့ နည်းဥပဒေတွေက သူတို့ စိတ်ကြိုက်ပဲ ပြန်ယူထားတာ၊ ကျနော်တို့ ပညာရေးမှာလည်း မိခင်ဥပဒေမှာ ဒီဟာကြီး မပါဘူးဆိုလို့ရှိရင် သူတို့ နည်းဥပဒေဟာ ဘယ်လိုနည်းနဲ့မှ ယုံကြည်စရာ မရှိတော့ဘူး။ ခုနကပြောသလို မူရင်းဥပဒေမှာကိုက နိုင်ငံရေးနဲ့ ဘာသာရေး မဆက်နွှယ်ရဆိုတော့ သူတို့အဲဒီအချက်ကျတော့ ဘာလို့ ပြဋ္ဌာန်းချက်ထဲမှာ ပါသလဲ။ ဒီကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ကျတော့ ဘာလို့ နည်းဥပဒေကျမှ သုံးတာလဲ။ အဲတော့ ခေါင်းစီးနဲ့ချုပ်ထားပြီးပြီဗျာ။ ကျနော်တို့ လက်ထဲကို ရိုက်ရိုက်လို့သာ ပါးစပ်က ပြောနေတာ ကျနော်တို့လက်ထဲကို တုတ်ကရောက်မလာတာ အဲဒီပုံစံဖြစ်နေတယ်။ နိုင်ငံရေးနဲ့ ဘာသာရေး မဆက်နွှယ်ရဆိုတဲ့ စကားရပ်ရှိနေတဲ့ အခြေခံကိုက ပါနေတဲ့ အတွက် ကျနော်တို့ နည်းဥပဒေကိုတော့ ယုံကြည်မှာလည်း မဟုတ်ဘူး အဲဒီအချိန်ကျမှ ထည့်ပေးမယ်ဆိုတာကိုလည်း ကျနော်တို့ စောင့်မျှော်နေဖို့ဟာက စိတ်ကူးမရှိဘူး။ သမ္မတရဲ့ ပြောဆိုချက်က ကျောင်းသားတွေ လှုပ်ရှားနေတဲ့ လှုပ်ရှားမှုကို ဘယ်လောက်အထိ သက်ရောက်မှု ရှိမလဲ၊ လှုပ်ရှားမှုတွေ အားနည်းသွားနိုင်လား ဘယ်လိုဆက်လုပ်သွားဖို့ ရှိလဲ။ “ကျနော်တို့ အခုလောလောဆယ် အသံပစ်ပြီးတော့ ပျားရည်နဲ့ ၀မ်းချတဲ့ ပုံစံပါပဲ။ ကျနော်တို့ လှုပ်ရှားမှုတွေကတော့ အမျိုးသားပညာရေးဥပဒေကို လက်ရှိကျောင်းသား ပြည်သူကို အခြေမခံဘဲ ပြဋ္ဌာန်းထားတဲ့အတွက် ကျနော်တို့က နောက်ထပ် အမျိုးသား ပညာရေး ဥပဒေတရပ်က ကျောင်းသား ပြည်သူကို အခြေခံပြီးတော့ ဒီမိုကရေစီ အနှစ်သာရနဲ့ ပြည့်တဲ့ ဥပဒေတရပ်ပေါ်ထွန်း လာဖို့အထိတိုက်ပွဲကတော့ ကျနော်တို့က ရက် ၆၀ လည်း ရာဇသံ ပေးထားတာရှိတယ်။ ရက် ၆၀ တွင်းမှာလည်း အခုဆိုရင် မြင်းခြံ၊ မုံရွာ စည်းရုံးလှုံ့ဆော်မှုတွေ ရှိတယ်။ အဲဒီအတွက် ကျနော်တို့ကတော့ လျော့ကျသွားမှာ မဟုတ်ဘူး။ ဒီလိုမျိုးနှုတ်ကနေပြီးတော့ ပြောနေကျ စကားအချိုတွေနဲ့ ကျနော်တို့ အစီအစဉ်တွေကို တွေဝေပြီး စောင့်ဆိုင်းနေမှာ မဟုတ်ပါဘူး။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024