လိင်အကြမ်းဖက်မှုကို တပ်မတော်သားများ ဆက်လက်ကျူးလွန်ဟု ဆို
DVB
·
November 25, 2014

မြန်မာ့တပ်မတော်သားတွေဟာ လိင်အကြမ်းဖက်တဲ့ အပြုအမူတွေကို ဆက်လက်ကျူးလွန် နေသလို တိုင်းရင်းသားဒေသများ၌ အမျိုးသမီးများနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို နှောင့်ယှက်စော်ကားတာတွေ ရှိနေတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ပြောပါတယ်။
နိုဝင်ဘာ ၂၅ ရက် နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများရပ်တန့်ရေးနေ့မှာ ဒီအဖွဲ့က ထုတ်ပြန်တဲ့ ‘တရားမျှတမှု အတွက် မျှော်လင့်ချက်သာပေးပါ’ အစီရင်ခံစာမှာ ၂၀၁၀ ခုနှစ်ကနေ စပြီး အပစ်ရပ်နဲ့ အပစ်မရပ်တဲ့ ဒေသတွေမှာ အစိုးရရဲ့ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှု၊ မုဒိန်းမှုနဲ့ လိင်အကြမ်းဖက်မှု ပြုရန် ကြိုးပမ်းတဲ့ ဖြစ်ရပ် ၁၁၈ ခုကို ဖော်ပြထားပါတယ်။
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) ပြောရေးဆိုခွင့်ရှိသူ ဂျန်မွန်းနေလီက “သတင်းအချက် အလက်တွေ ကောက်ခံခြင်းအားဖြင့်တွေ့ရှိချက်တွေက မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာကြီး စိုးနေတဲ့ ကိစ္စက ပြဿ နာ အကြီးကြီးဖြစ်နေတာပေါ့နော်၊ အမှုတိုင်ကြားတဲ့အချိန်မှာရော ကျမတို့ အတွေ့အကြုံ တွေကို ကြည့်ခြင်းအားဖြင့် ပြောမယ်ဆိုရင်စစ်တပ်က ကျူးလွန်တဲ့ ကိစ္စတွေဆိုလိုရှိရင် တိုင်ကြားမယ့် နေရာက မရှိသလောက် ဖြစ်နေတယ်။ အရေးယူမှုဆိုတာက ပိုဆိုးတာပေါ့နော်။ တိုင်ကြားတဲ့ နေရာဆိုလိုရှိရင် ဥပမာ ရဲတွေကို သွားတိုင်မယ် စစ်တပ်ခေါင်းဆောင်တွေကို သွားတိုင်မယ် ဒါပေမယ့် အရေးယူတဲ့ဘက်မှာဆိုလိုရှိရင် တရားမျှတမှုဆိုတာ မရှိတဲ့ အခြေအနေမျိုး အခုချိန်ထိ ဖြစ်နေတယ်”လို့ ပြောပါတယ်။
မြန်မာ့ နိုင်ငံရေးနဲ့ လူထုဘ၀တွေမှာ အမျိုးသမီးများရဲ့ အသံ ကင်းမဲ့နေတာဟာ အမျိုးသမီးများ ချိုးဖောက်ခံနေရတဲ့ဖြစ်ရပ်တွေကို အသိအမှတ်ပြုဖို့ ငြင်းပယ်ခံနေရသလို တိုင်းရင်းသားဒေတွေ မှာ ရှိတဲ့ ကြီးမားတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် စစ်တပ်စိုးမိုးမှု၊ ဆင်းရဲမှုနဲ့ လိင်အကြမ်းဖက်မှုတွေကို ဖြစ်ပေါ်စေတယ်လို့ အစီရင်ခံစာက ရေးပါတယ်။
ဒါအပြင် ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ရာမှာ တိကျတဲ့ အချိန်ဇယား ကင်းမဲ့နေတာဟာ လည်း အမျိုးသမီးများ အခြေခံ လူ့အခွင့်အရေးများ ရရှိရေးအတွက် ငြင်းပယ်ခံနေရတာကို ဖော်ပြနေတယ်လို့လည်း ထုတ်ပြန်ချက်က ရေးပါတယ်။
ကျူးလွန်တဲ့အမှုတွေအတွက် လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ရာဇ၀တ်မှု ကျူးလွန်မှုများအပေါ် မြန်မာ စစ်တပ်က တပ်ဖွဲ့ဝင်တွေကို တရားဝင် အပြစ်ပေးအရေးယူတာ မရှိဘူးလို့ အစီရင်ခံစာက ထောက်ပြ ထားပါတယ်။
ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိဖို့နဲ့ တိုင်းရင်းသူအမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ဖို့ တိုင်းရင်းသားဒေသမှာ ထိုးစစ်ဆင်နေတာကို မြန်မာအစိုးရက ချက်ချင်း ရပ်တန့်ပြီး တပ်စွဲထား တဲ့ တပ်ရင်းတပ်ဖွဲ့တွေကို ရုတ်သိမ်းကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ဖက်ဒရယ် ပြည်ထောင်စုကို ရှေးရှုသော နိုင်ငံရေးဆွေးနွေးပွဲများကို စတင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(NSPAW)နဲ့ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု အဆုံးသတ်ရေး ပဋိဥာဉ်ကျေညာစာတမ်းတွေနဲ့ပတ်သက်ပြီး အမျိုးသမီးများဘ၀ မြှင့်တင်ရေးအတွက် ပေးအပ်တဲ့ ကတိက၀တ်များရှိသော်လည်း တိုင်းရင်းသား နယ်မြေမှာ အမျိုးသမီးများ ဘ၀မြှင့်တင်ရေးအတွက် အနည်းငယ်သာ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ရေးပါတယ်။
