လူထုအကျိုးပြုအဖွဲ့များ အန်စီစီတီနှင့် တွေ့ဆုံအကြံပြု
အေးနိုင်
·
November 24, 2014

တိုင်းရင်းသားလက်နက်ကိုင်များရဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)နဲ့ နယ်စပ်အခြေစိုက် လူထုအကျိုးပြုအဖွဲ့အစည်း ၂၅ ဖွဲ့က ကိုယ်စားလှယ်တွေ နှစ်ရက်ကြာတွေ့ဆုံကြပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖလှယ်ကြပါတယ်။
[caption id="attachment_71890" align="alignright" width="341"]
ဓာတ်ပုံ - WLB[/caption]
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုဝင်ဘာ ၂၂ ရက်နေ့နဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ထိ ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အမျိုးသမီးများနဲ့ လူထုအကျိုးပြုအဖွဲ့အစည်းများ ပါဝင်နိုင်မှု၊ လူ့အခွင့်အရေးနဲ့ အပစ်အခတ်ရပ်စဲရေးကို လွတ်လပ်စွာ လေ့လာစောင့်ကြည့်နိုင်ရေး၊ စစ်မှန်တဲ့ နိုင်ငံရေး အပြောင်းအလဲမရှိမချင်း သယံဇာတတူးဖော်ရေးနဲ့ အကြီးစားစီမံကိန်းတွေ ရပ်ထားဖို့၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ရပ်တန့်ရေးနဲ့ တရားမ၀င် စီးပွားရေးလုပ်ငန်းမှာ ပတ်သက်သူတွေကို အရေးယူရေး အစိုးရနဲ့ ဆွေးနွေးဖို့၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာနှင့်ပတ်သက်တဲ့ လုပ်ငန်းစဉ်များ၊ ဒုက္ခသည်များနဲ့ ပြည်တွင်းရွှေ့ပြောင်း နေထိုင်သူတွေကို နိုင်ငံတကာ စံချိန်စံနှုန်းအတိုင်း ပြန်လည် အခြေချနေထိုင်ရေးတွေကို လူထု အကျိုးပြုအဖွဲ့အစည်းတွေက အကြံပြုခဲ့ကြပါတယ်။
အန်စီစီတီဘက်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်စဉ်တွေမှာ လုပ်ပိုင်ခွင့်အကန့်အသတ်နဲ့ စိမ်ခေါ်မှုတွေ ရှိနေတာ၊ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနဲ့ တပ်မတော်အကြား သဘောထားကွဲလွဲနေတာ၊ တပ်မတော်ရဲ့ သဘောထားတင်းမာမှုကြောင့် တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မူကြမ်း ဆွေးနွေးတဲ့ ခြောက်ကြိမ်မြောက် မှာ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေတဲ့အခက်အခဲတွေကို ပြန်လည် ဖလှယ်ဝေငှခဲ့တယ်လို့ လူထုအကျိုးပြုအဖွဲ့အစည်းတွေက ထုတ်ပြန်ပါတယ်။
ဒီလူထုအကျိုးပြုအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တာဝန်ရှိသူ လူ့ခွင့်အရေးကွန်ရက်-မြန်မာနိုင်ငံက ဦးဟန်ကြီးက ဒီတွေ့ဆုံပွဲဟာ ရလဒ်ကြီးကြီးမားမား မမျှော်မှန်းနိုင်ပေမယ့် အကျိုးရှိစေတယ်လို့ ပြောပါတယ်။
ဦးဟန်ကြီးက “အကျိုးရှိတာက အန်စီစီတီအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ၊ ဆွေးနွေးပွဲတွေမှာ သူတို့ဘက်က တွေ့ဆုံရတဲ့အခက်အခဲ၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုမှာ ထစ်နေတဲ့ အနေအထား၊ သမိုင်းကြောင်း အဲဒါတွေကို ပွင့်ပွင့်လင်းလင်း ကျနော်တို့ကို ချပြတယ်။ အဲဒီလိုပဲ လူထုအခြေပြုအဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ဒီအဖွဲ့အစည်းတွေရဲ့အသံတွေ ပိုမိုပါဝင်လာနိုင်အောင်။ နောက်တခုကလည်း အစ်ရှူးတွေအလိုက် ပညာရေး၊ ကျန်းမာရေး၊ ဒုက်ခသည်၊ သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီး၊ လူ့အခွင့်အရေး၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရှာဖွေတဲ့လုပ်ငန်းတွေကို ဘယ်လိုမျိုး ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပါဝင်သွားအောင် ဆောင်ရွက်သွားမလဲဆိုတဲ့ အကြံဥာဏ် ကျနော်တို့ ပေးနိုင်တယ်”လို့ ပြောပါတယ်။
ဒီဆွေးနွေးပွဲပြုလုပ်တဲ့အတွက် အပြန်အလှန် နားလည်မှုတွေ ရှိလာနိုင်သလို ငြိမ်းချမ်းရေးဖြစ်စဉ် ထဲမှာ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့အသံတွေ ထင်ဟတ်လာနိုင်တယ်လို့ ယူဆကြောင်း သူက ဖြည့်စွက်ပြောဆိုပါတယ်။
ဒီတွေ့ဆုံပွဲကို ပညာရေး၊ ကျန်းမာရေး၊ သတင်းဌာန၊ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးရေးနဲ့ လူ့အခွင့်အရေးဆောင်ရွက်နေသူ ၄၀ ကျော် တက်ရောက်ဆွေးနွေးကြပါတယ်။
