DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်သံသယ လူငယ် ၂ ဦး သန်ဘက်ခါ အာမခံလျောက်မည်
DVB
·
November 24, 2014
လိပ်ကျွန်းလူသတ်သံသယ လူငယ် ၂ ဦး သန်ဘက်ခါ အာမခံလျောက်မည်
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှု သံသယနဲ့ ဖမ်းဆီးချုပ်နှောင်ခံနေရသူ မြန်မာနိုင်ငံသား လူငယ် ၂ ဦး လွတ်မြောက်ရေးအတွက် လာမယ့်နိုဝင်ဘာ ၂၆ ရက်နေ့မှာ အာမခံလျောက်မယ်လို့ မြန်မာသံရုံး အထူးအဖွဲ့က ပြောပါတယ်။

ကော့စမွီအကျဉ်းထောင်မှာ ချုပ်နှောင်ခံနေရတဲ့  ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ အတွက် မြန်မာသံရုံးအထူးအဖွဲ့က ဦးဆောင်ပြီး ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေတရားရုံးမှာ အာမခံလျောက်မယ်လို့ မြန်မာသံရုံး အထူးအဖွဲ့ဝင် ဦးကျော်သောင်းက ပြောပါတယ်။

Koa Toa“(အာမခံ) ရနိုင်တဲ့ အလားအလာတော့ရှိတယ်။ ဒါပေမယ့် သူတို့ဖက်က ဘယ်လောက်အချိန်ဆွဲ မလဲ။ ကျနော်တို့က သူတို့ တရားရုံးမှာ၂၀ ရက်နေ့က ပြောလိုက်တဲ့အတိုင်း အာမခံချက်လျောက်ထားမယ်ဆိုရမယ်။ ပိုက်ဆံ သို့မဟုတ်  (တဦးလျင် အနည်းဆုံးဘတ် ၅ သိန်း၊ ၂ ဦးအတွက် အနည်းဆုံး ဘတ်ငွေ ၁ သန်း) နဲ့ ညီမျှတဲ့ ပိုင်ဆိုင်မှုတခုကို ပေးဆိုတော့ ငွေရေးကြေးရေးကို သံအမတ်ကြီးက သူစီစဉ်ထားပေးမယ်လို့ ပြောတယ်။ ဆိုတော့ ကျနော်တို့ သန်ဘက်ခါ သွားတဲ့အခါမှာ ငွေရော၊ ရှေ့နေများကောင်စီရော၊ လူ့အခွင့်ရေးကော်မရှင်က အကြံပေး ခရိုင်ဆတ်ကြီးရော၊ လွှတ်တော်က အကြံပေး ၂ ယောက်ရော၊ ကျနော်တို့ အထူးကိုယ်စားလှယ်ရော အားလုံး သွားပြီးတော့မှ ကလေးတွေနဲ့ လက်မှတ်ထိုးမယ်။ သူတို့ဆီက တာဝန်ရှိသူတွေ လက်မှတ်ထိုးပြီးတော့မှ ကျနော်တို့က စာရွက်စာတမ်း ငွေကြေးတွေနဲ့ ကော့စမွေတရားရုံးကနေ ကလေးတွေအတွက် အာမခံ လျောက်မယ်” လို့ ပြောပါတယ်။ နိုင်ငံခြားသားဖြစ်ခြင်းနဲ့ အမှုအရေအတွက်များတာကြောင့် အာမခံကြေးများရင် များသလို အာမခံ ရရှိရေး အခွင့်အလမ်းပိုများတယ်လို့ သူက ရှင်းပြပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံကို ရောက်ရှိလာပြီး ရက်ပိုင်းအတွင်း အာမခံလျောက်ဖို့ စီစဉ်ကြတာဖြစ်ပြီး   ဦးခင်အောင်မြင့်ဟာ ထိုင်းတောင်ပိုင်း လူသတ်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ မြန်မာဘက်က အဆင့်အမြင့်ဆုံး တာဝန်ရှိသူအဖြစ် လာရောက်ခဲ့တာဖြစ်ပါတယ်။

ထိုင်းအစိုးရလွှတ်တော်ဥက္ကဋ္ဌ ဖိတ်ကြားချက်အရ လာရောက်တဲ့ အမျိုးသားလွှတ်တော်ဥကဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့ အဖွဲ့ဟာ  မြန်မာသံရုံးအထူးအဖွဲ့နဲ့ မနေ့က တွေ့ဆုံခဲ့ပြီး  လွှတ်တော်ပိုင်းက အတတ်နိုင်ဆုံးကူညီပေးသွားမယ်လို့ ကတိပြုခဲ့ကြောင်း  ဦးကျော်သောင်းက ပြောပါတယ်။ ခရီးစဉ်မှာ လိုက်ပါလာတဲ့ ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးကျော်အေးမောင်က တွေ့ဆုံပွဲမှာ ဒေါ်လာ ၁ သောင်းခွဲ (ကျပ်ငွေအားဖြင့် သိန်း ၁၄၀ ခန့်)ကို အထူးအဖွဲ့ကို ပေးအပ်ရာမှာ အထူးအဖွဲ့ဝင် ဦးထူးချစ်က လက်ခံရယူခဲ့တယ်လို့ ဆိုပါတယ်။ ဦးခင်အောင်မြင့်ဦးဆောင်တဲ့ အဖွဲ့မှာ အဖွဲ့ဝင် တစ်ဒါဇင်ခန့် လိုက်ပါလာပြီး ဥပဒေပညာရှင်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အထူးအဖွဲ့ဝင်တွေက  လူငယ်နှစ်ဦး စတင်ဖမ်းဆီးခံရစဉ် အောက်တိုဘာလဆန်းပိုင်းကစလို့ ကြုံတွေ့ရတဲ့ ငွေကြေးအခက်အခဲ၊ ထွက်ဆိုချက်ရယူရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ တင်ပြခဲ့သလို  လက်ရှိကာလအထိ ကုန်ကျငွေ အကြမ်းကိုတင်ပြခဲ့သလို  မြန်မာနယ်စပ်နဲ့ ပြည်တွင်းမှာ သတင်းရယူတဲ့အခါ အစိုးရပိုင်းက လိုအပ်တာတွေကို ကူညီပေးဖို့ တင်ပြခဲ့ကြ ပါတယ်။

ဒီကနေ့မနက်ပိုင်းက ထိုင်းလူ့အခွင့်အရေးကော်မရှင်က တာဝန်ရှိသူတွေ၊ အမျိုးသားလွှတ်တော် ဥပဒေအကြံပေး၊ စီးပွားရေးနဲ့နိုင်ငံရေးအကြံပေးပုဂ္ဂိုလ်တွေ။ သံရုံးအထူးအဖွဲ့ဝင်တွေဟာ အမှုနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြသလို ဒီညနေပိုင်းမှာ အာမခံယူရေးညှိနှိုင်းဖို့အတွက် ရှေ့နေများ ကောင်စီက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတိုင်ပင်ကြဖို့ ရှိပါတယ်။

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်ထဲက လိပ်ကျွန်း ခေါ် ခိုတောင်ကျွန်းမှာ စက်တင်တာဘာ ၁၅ ရက်နေ့က ဗြိတိသျနိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရပါတယ်။ ဒီနောက် မြန်မာလူငယ် ၂ ဦးကို သံသယနဲ့ ချုပ်နှောင်ခဲ့ပြီးနောက် ရဲက တရားစွဲဆိုဖို့ ပြင်ဆင်နေဆဲဖြစ်ပါတယ်။ မြန်မာလူငယ် ၂ ဦး က သူတို့ကို  အသက်အန္တရာယ်ကို ခြိမ်းခြောက် ရိုက်နှက်ပြီး ဖြောင့်ချက်ရယူခဲ့တယ်လို့ မိဘတွေနဲ့တွေ့ဆုံစဉ်၊ ထိုင်းရှေ့နေများကောင်စီဝင်တွေနဲ့ တွေ့ဆုံစဉ်တွေမှာ ပြောကြားပြီးနောက် ထိုင်းရဲထံမှာ ပေးခဲ့တဲ့ ပြစ်မှုကျူးလွန်ကြောင်းဖြောင့်ချက်ကို တရားဝင် ပြန်လည်ရုပ်သိမ်းထားကြ ပါတယ်။

လက်ရှိမှာတော့ ဒီမြန်မာလူငယ် ၂ ဦးဟာ လူသတ်မှု၊ မုဒိမ်းမှု၊ ပြစ်မှုကြီးကျူးလွန်ပါလျက် ထိန်ချန်မှု၊ ခိုးမှု၊ တရားမ၀င် ၀င်ရောက်မှု စတာတွေနဲ့ စွပ်စွဲခံရပြီး ချုပ်နှောင်ခံနေရပါတယ်။

ဒီလူငယ် ၂ ဦးက သူတို့ကို နှိပ်စက်တယ်လို့ ထွက်ဆိုပြောကြားချက်တွေနဲ့ပတ်သက်လို့  ပြုမူခြင်းရှိ၊ မရှိ ကြားနာပွဲကို လာရောက်ဖို့ ထိုင်းနိုင်ငံ အမျိုသားလူ့အခွင့်အရေးကော်မရှင်က ထိုင်းအမျိုးသားရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို အကြိမ်ကြိမ် ဖိတ်ကြားပေမယ့် လာရောက်ခြင်း မရှိသေးပါဘူး။ နိုဝင်ဘာ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး လာရောက်ရှင်းလင်းဖို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ကို သတိပေးထားပြီး မလာရောက်ရင် သံသယနဲ့ ဖမ်းထားသူ ၂ ဦးကို စုံစမ်းစစ်ဆေးရာမှာပါဝင်တဲ့ ရဲအရာရှိတွေကို တရားစွဲဆိုရေး အဆိုပြုသွားမယ်လို့ ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ အရပ်ဘက်နဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်ရေးဆပ်ကော်မတီဥက္ကဋ္ဌက နိုဝင်ဘာ ၁၇ ရက်နေ့တုန်းက သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013